ဇူလိုင်-၄၊၂၀၂၅။ရောင်နီ/People’s Spring
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် စုပေါင်းမှတ်တိုင် အနီး၌ အမျိုးသားနှစ်ဦး ယာဉ်တိုက်မှုဖြစ်ကာ သေဆုံးသွားကြောင်း Yangon Rescue Organization ကထုတ်ပြန်သည်။
ဇူလိုင် ၃ ရက် ည ၉နာရီ ၅၀ ခန့်တွင် အဆိုပါဖြစ်စဉ်ဖြစ်ခဲ့ခြင်းဖြစ်ပြီး YRO အဖွဲ့ဝင် “မေတ္တာရောင်ခြည်” လူငယ်လေးများ ပရဟိတအသင်း ၊ ” မာစီဒီးခါန်း ” လူငယ် လူမှုကူညီရေးအသင်း ၊ ” 7 Days ” ပရဟိတမှ စေတနာ့ ဝန်ထမ်းများသွားရောက်ကူညီပေးခဲ့သည်ဟု YRO က မှတ်တမ်းဓာတ်ပုံများနှင့်သတင်းထုတ်ပြန်ထားသည်။
သံသုမာလမ်းမပေါ်၌ လမ်းဖြတ်ကူးလာသောလူလတ်ပိုင်းအမျိုးသား နှစ်ဦးကို Toyota Belta ကားတစ်စီးက အရှိန်ဖြင့်တိုက်ခဲ့ရာ ကားတိုက်ခံရသူတစ်ဦးသည် တစ်ဖက်လမ်းကြောသို့ ရောက်ရှိသွားပြီး Toyota Hiace ကားက ထပ်မံတက်ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း ယာဥ်များအကြောင်းနှင့် ယာဉ်တိုက်မှုအကြောင်းအရာများကို ဖော်ပြသည့် တိုက်ကြေကားပေ့ခ်ျကလည်းဖော်ပြထားသည်။

Public Service Announcement

ယာဉ်တိုက်ခံရသူနှစ်ဦးစလုံး အခင်းနေရာ၌ သေဆုံးသွားပြီး ယာဉ်တိုက်ခံရသူတစ်ဦးကို တက်ကြိတ်မိခဲ့သည့် Toyota Hiaceသည် မောင်းပြေးသွားကြောင်း ယင်းပေ့ခ်ျ၌ ဖော်ပြထားသည်။
သေဆုံးသူများကို သင်္ဃန်းကျွန်း (ခ) ရပ်ကွက် ပရဟိတအသင်း နှင့် မာစီဒီးခါန်းလူငယ် လူမှုကူညီရေးအသင်း တို့၏အရေးပေါ်ယာဥ်များဖြင့် သင်္ဃန်းကျွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း YRO က အသိပေးထားသည်။
ယင်းယာဉ်တိုက်မှုတွင်လမ်းကြောင်းမှန်မောင်းလာသော်လည်း ယာဉ်တိုက်မှုမှ လွင့်လာသူကို တက်ကြိတ်မိခဲ့သည့် Toyota Hiaceသည် အပြစ်မရှိဟုယာဉ်မောင်း အချို့ကမှတ်ချက်ပြုသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်သည့်နေရာသည် ယာဉ်တိုက်မှုဖြစ်လေ့ရှိသည်နေရာဖြစ်ပြီး လမ်းကူးရသူများအတွက်လည်း အန္တရာယ်အတော်များကြောင်း ဒေသခံများကပြောသည်။ လမ်းဖြတ်ကူသူနှစ်ဦးကို တိုက်မိခဲ့သော တိုယိုတာကားဦးခေါင်ပိုင်းမှာ ကားမှန်ကွဲနေပြီး ကားရှေ့ဖုံး ပျက်စီးနေသည်ကိုတွေ့ရသည်။
“သုဝဏ္ဏလမ်းဆုံကနေ မီးပွိုင့်လွှတ်လို့ မောင်းလာတဲ့ကားတွေက ရေစက်အကျော် စုပေါင်းနားလောက်မှာ အရှိန်မတရားများနေကြတာ။ အဲ့ကနေ ထပ်လွှတ်ရင် မင်းဒင်ထိပ်၊ပြီးရင် ကမာကြည်ပွိုင့်လွှတ်တာနဲ့ ဝေဘူလ အကျော်ချမ်းအေးနားထိ ၊ ကားရှင်းတာနဲ့ စောက်ရမ်းမောင်းပြီး ကျော်ခွဝိုက်ကြတဲ့ ကားတွေချည်းပဲ။ရပ်ကွက်ထဲကနေ လမ်းကူးပြီး ဟိုဘက်ကို အမှိုက်သွားပစ်တဲ့သူတွေ အများစုအတိုက်ခံရပြီး, တိုက်ခံရရင်လည်း သေတာများတယ်။” ဟု ယင်းမြို့နယ်၌ နေထိုင်သူတစ်ဦးက မှတ်ချက်ရေးသားထားသည်။
