ဇူလိုင်-၃၊၂၀၂၅။ဆဏ်း/People’s Spring
“What happened to the wolf?”ရုပ်ရှင်ကို ဇူလိုင် ၁၉ ရက်မှာ ထိုင်းနိုင်ငံရဲ့ မြို့ သုံးမြို့ မှာ တပြိုင်တည်း ပြသသွားဖို့ရှိပါတယ်။
“ဘန်ကောက်၊ မဲဆောက်၊ချင်းမိုင် မြို့တို့မှာ ပြသသွားတော့မှာဖြစ်တဲ့အကြောင်း သတင်းကောင်းပါးချင်ပါတယ်” လို့ ကြေညာထားပါတယ်။
ဘန်ကောက်မြို့ MBK center၊ချင်းမိုင်မြို့ MAYA Lifestyle shopping centerနဲ့ မဲဆောက်မြို့ Robinson Lifestyle တို့မှာ ရှိတဲ့ SF cinema တွေမှာ ပြသသွားမှာဖြစ်ပါတယ်။

Public Service Announcement

ဒီမြို့သုံးမြို့မှာ ပထမဆုံးစပြမယ့် ပွဲစဉ်တွေအတွက် လက်မှတ်တွေကို ဇူလိုင် ၄ ရက် နံနက် ၁၀ နာရီမှာ“What happened to the wolf?” ရဲ့ ဖေ့စ်ဘွတ်ခ်မှာတင် ပေးမှာဖြစ်ပြီး လက်မှတ်တွေ ရွေးချယ်ဝယ်ယူနိုင်မယ်လို့ အသိပေးထားပါတယ်။
“ရုပ်ရှင်လက်မှတ်တွေက လက်မှတ်တစောင်ကို ထိုင်းဘတ် (၃၀၀-၅၀၀) ဝန်းကျင် ကျသင့်မှာဖြစ်ပါတယ်။ Couple Seats များကတော့ ပိုမိုကျသင့်မှာဖြစ်ပါတယ်။မိမိဝယ်ယူလိုတဲ့ ခုံအရေအတွက်ကိုလည်း ကြိုတင်ဆုံးဖြတ်ထားကြဖို့ အကြံပေးလိုပါတယ်”လို့ ယင်းရုပ်ရှင်ရဲ့ပေ့ခ်ျမှာ ကြေညာထားပါတယ်။
ဒီပွဲစဉ်သုံးပွဲ လက်မှတ်ရောင်းချပြီးသွားရင် နောက်ထပ် ပြသမယ့်ပွဲချိန်တွေကိုလည်း ဆက်ပြီးကြေညာပေးသွားမယ်လို့ဆိုပါတယ်။
“What happened to the wolf?” ရုပ်ရှင်ကို ရုံတင်ဇာတ်ကားအနေနဲ့ စင်ကာပူနိုင်ငံမှာ ပထမဆုံးပြသခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း ဩစတေးလျ ၊ အမေရိကန် ၊ ဂျပန် နိုင်ငံက မြို့တွေနဲ့ လန်ဒန်မြို့မှာ ဇူလိုင် ၊ ဩဂုတ်လအတွင်း ပြသသွားမှာဖြစ်ပါတယ်။
ပထမဆုံးစင်ကာပူပွဲစဉ်မှာ ရုံပြည့်ရုံလျှံအားပေးခဲ့ကြသလို အမေရိကန် နဲ့ ဩစတေးလျနိုင်ငံ တွေမှာပြသတဲ့ ပွဲစဉ်တွေကိုလည်း ပရိသတ် အများအပြားလာရောက်အားပေးခဲ့တယ်လို့ သိရပါတယ်။
“What happened to the wolf?”ရုပ်ရှင်မှာ အိန္ဒြာကျော်ဇင် နဲ့ ပိုင်ဖြိုးသုက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ ဏကြီးက ရိုက်ကူးထားတာပါ။
ဒီရုပ်ရှင်က တော်လှန်ရေး ပရောဂျက်အနေနဲ့ မဟုတ်ပဲ ကိုယ်ပိုင်လုပ်ငန်းအတွက် လုပ်ဆောင်တာလို့ ဒါရိုက်တာ ဏကြီးက ရုံမတင်ခင်ကတည်းက အသိပေးထားတာပါ။
ပရိသတ်တွေကတော့ တော်လှန်အနုပညာရှင်တွေပါဝင်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် အားပေးကြတာလို့ ဆိုပါတယ်။
What happened to the wolf ရုပ်ရှင်ကို World Premiere အနေနဲ့ ဂျာမဏီနိုင်ငံ၊ Oldenburg မြို့မှာ ကျင်းပခဲ့တဲ့ Internationales Filmfest Oldenburg (2021) မှာ ပြသခဲ့ပြီး အဲဒီ့ရုပ်ရှင်ပွဲတော်အပါအဝင် တခြားရုပ်ရှင်ပွဲတော်တွေကနေလည်း ဆုတွေရရှိထားပါတယ်။
