ဇူလိုင်-၃၊ ၂၀၂၅။ ထားမြတ်/People’s Spring
ချင်းပြည်နယ် ဖလမ်းမြိုနယ်တွင် ချင်းတော်လှန်ရေးအဖွဲ့များကြား ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခနှင့်ပတ်သက်၍ ချင်းညီနောင်က ယနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ချင်းတော်လှန်ရေးအဖွဲ့အစည်းများအကြား အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန် တိုက်တွန်းသည်။
ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သော ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)နှင့် ချင်းပြည်ကောင်စီ အဖွဲ့ဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) – ဟွာလ်ငိုးရမ်းတို့အကြား ယမန်နေ့(ဇူလိုင် ၂ရက်)မှစ၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။
CDF-Hualngoram နှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ (CNDF)တို့အကြား စေ့စပ်ဆွေးနွေးမှုများမပြေလည်ဘဲ အချင်းချင်းသဘောထားတင်းမာမှုများမှသည် အပြန်အလှန်ပစ်ခတ်မှုများအထိ ပဋိပက္ခများဖြစ်ပွားသည်ကို ကြားသိရသည်မှာ များစွာ စိတ်မကေငာ်းဖြစ်ဟု ချင်းညီနောင်က ဆိုသည်။

Public Service Announcement
ချင်းတော်လှန်ရေးလက်နက်ကိုင် အချင်းချင်းကြား အငြင်းပွားမှုများကို တွေ့ဆုံဆွေးနွေး၍ ညှိနှိင်း ဖြေရှင်းရေးကိုသာ ချင်းညီနောင်အနေဖြင့် အစဉ်တစိုက်လက်ကိုင်ထားဟု ဖော်ပြပြီး ဖလမ်းမြိုနယ် အတွင်း လက်ရှိဖြစ်ပွားသည့် အပြန်အလှန်ပဋိပက္ခများကို ချင်းညီနောင်အနေဖြင့် ပါဝင်ပတ်သက်ခြင်း ပြုမည်မဟုတ်ဟု အသိပေးသည်။
ထို့ပြင် HPO/CDF-Hualngoram နှင့် CNO/CNDF တို့ နှစ်ဦးနှစ်ဖက်လုံးသည် အကြမ်းဖက် အာဏာရှင်ကို တိုက်ထုတ်နေကာ ရည်မှန်းချက်တူသည့် ချင်းတော်လှန်ရေးအဖွဲအစည်းများအကြား အချင်းချင်းတွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းသောနည်းဖြင့် အဖြေရှာကြရန်သာ တိုက်တွန်းကြောင်း ထုတ်ပြန်သည်။
HPO/CDF-Hualngoram နှင့် CNO/CNDF တို့အကြားဖြစ်ပေါ်နေသည့် လက်ရှိပဋိပက္ခအပေါ် အခြားပြင်ပတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများမှ စစ်ရေးအရ ဝင်ရောက်စွက်ဖက် ပတ်သက်ခြင်းကို ရှောင်ရှားကြရန်လည်း တိုက်တွန်းထားသည်။
အခြားပြင်ပတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများမှ ဝင်ရောက်ပတ်သက်ခြင်းသည် လက်ရှိပြဿနာကို ပိုမိုဆိုးရွားစေနိုင်ပြီး သွေးထွက်သံယိုမှု ပိုမိုများပြားသောအခြေအနေသို့ ဦးတည်စေနိုင်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းရေးနည်းလမ်းဖြင့်မဟုတ်ဘဲ စစ်ရေးအကူအညီဖြင့် ပါဝင်လာပါက ချင်းညီနောင်အနေဖြင့်လည်း ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် CNO/CNDF နှင့်အတူ မားမားမတ်မတ် ရပ်တည်သွားမည်ဟု ထုတ်ပြန်သည်။
CNDFနှင့် CDF ဟွာလ်ငိုးရမ်းတို့သည် နယ်မြေဆိုင်ရာနှင့်ပတ်သက်၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ စတင်ပစ်ခတ်မှုနှင့်ပတ်သက်၍ အပြန်အလှန် စွပ်စွဲထားသည်။ နှစ်ဖက်တာဝန်ရှိသူများက တိုက်ပွဲမဖြစ်လိုကြောင်း ထုတ်ဖော်ဖြေကြားထားသော်လည်း ယနေ့ ဇူလိုင် ၃ရက်နေ့အထိ တိုက်ပွဲ အချို့ရှိနေသည်ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
ဇူလိုင် ၂ရက်တိုက်ပွဲတွင် CDF ဟွာလ်ငိုးရမ်း တပ်စွဲထားသည့် နေရာ ၃နေရာကို CNDFက သိမ်းပိုက်ထားပြီး CDF ဟွာလ်ငိုးရမ်တပ်၏ လက်နက်အချို့နှင့် ရဲဘော်အချို့ ဖမ်းဆီးခံခဲ့ရသည်ဟု နှစ်ဖက်က အတည်ပြုထားသည်။
ယနေ့တွင် CDF ဟွာလ်ငိုးရမ်းက ၎င်းတို့ ဆုံးရှုံးထားသည့် နေရာအချို့ကို ပြန်လည်ထိုးစစ်ဆင်၍ တိုက်ပွဲဖြစ်ပွားနေသည်ဟု ချင်းသတင်းရင်းမြစ်ကပြောပြီး နှစ်ဖက်ထိခိုက်ကျဆုံးရှိနိုင်ကြောင်း ခန့်မှန်းသည်။
“ဒီနေ့မှာလည်း နှစ်ဖက်အကြား တိုက်ပွဲရှိပါတယ်။ အခုလည်း တိုက်ပွဲ ရှိမယ်လို့ မြင်တယ်။ နှစ်ဖက်မှာကျဆုံးတာတွေလည်းရှိနိုင်တယ်။ဘယ်လောက်
လဲဆိုတာတော့ မသိဘူးပေါ့။ ကျဆုံးမှုတော့ရှိမယ်လို့ မြင်တယ်။ဘာဖြစ်လို့လဲဆိုချင်းဘာသာ စကားနဲ့ ပိုစ့်တင်တာတွေ တွေ့တဲ့အခါ သေဆုံးတာတွေရှိတယ်လို့ ရေးထားတာတွေတွေ့တယ်။” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။
တိုက်ပွဲသည် ချက်ချင်း ငြိမ်းနိုင်မည့်အခြေအနေမရှိဟု မြင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။
ချင်းပြည်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေချိန် ချင်းတပ်အချင်းချင်းကြား တိုက်ပွဲဖြစ်ပွားမှုကိုကြားဝင်ညှိနှိုင်းပေးသည့်အဖွဲ့များ မရှိသေးဟုလည်းနှစ်ဖက်တာဝန်ရှိသူများက ပြောကြားထားသည်။
