ဇူလိုင်-၄၊၂၀၂၅။မေရီ/People’s Spring
ငလျင်ဘေးဒဏ်သင့်မန္တလေးမြို့မှာစစ်ကောင်စီတပ်က စစ်မှုထမ်းဖို့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ပြန်လည်ပြုလုပ်လာပြီး ၅ ရက်အတွင်း လူငယ် ၃၀ နီးပါးဖမ်းဆီးခံရကြောင်းသတင်းရရှိပါတယ်။
စစ်ကောင်စီဟာ မန္တလေးမြို့ပေါ်မှာ စစ်မှုထမ်းဖို့ လူငယ်တွေပြန်လည်ဖမ်းဆီးလာခဲ့ပါတယ်။ မန္တလေးမြေပြင်အခြေအနေတွေ ဖော်ပြပေးနေတဲ့ Voice Of Mandalay ရဲ့အချက်အလက်တွေအရ ဇွန် (၃၀) ရက်က ဟေမာတောင်ရပ်ကွက်က လူငယ် အမျိုးသား (၂) ဦး၊ ဇူလိုင် (၁) ရက်နေ့က မဟာအောင်မြေမြို့နယ် ၃၆လမ်း၊ ၆၉ လမ်းနဲ့ ၇၀လမ်းကြား၊ အောင်ချမ်းအေးရပ်ကွက်မှ အမျိုးသား (၂) ဦး၊ ဇူလိုင်လ (၂) ရက်နေ့က အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁၉)ဦး ဖမ်းဆီးခေါ်ဆောင်ခံရတယ်လို့စုံစမ်းသိရပါတယ်။
ဒါအပြင် ဇူလိုင် (၂)ရက်မနက်ပိုင်းမှာပဲ အောင်မြေသာစံမြို့နယ်၊ ၁၉ လမ်း၊ ၆၂ လမ်းအနီးမှာ လူငယ် (၂)ဦး၊ ဇူလိုင် (၃)ရက်နေ့မှာလည်း အောင်မြေသာစံမြို့နယ် ၈၆လမ်း၊ ၁၅ လမ်းနဲ့ ၁၆ လမ်းကြားမှာ လူငယ် (၁)ဦး၊ ဇူလိုင်(၃)ရက်ညမှာမဟာအောင်မြေမြို့နယ်၊ဟေမမာလာမြောက်ရပ်ကွက်၊အကွက်၆၄၄၊ ၃၅လမ်းနဲ့ ၃၆လမ်းကြား၊ ၇၉လမ်းနဲ့ လမ်း ၈၀ကြားက လူငယ် (၁)ဦး တို့ကို ဖမ်းဆီးသွားတာဖြစ်ကြောင်း သိရပါတယ်။

Public Service Announcement
“အုပ်ကြီးတွေကတော်တော်ကိုဆိုးနေတာ”လို့ အောင်မြေသာစံမြို့နယ် ၈၆လမ်းနေ အမျိုးသားတဦးက ပြောပါတယ်။
လူငယ်တွေကို ညပိုင်းတွေနဲ့ မနက်အစောပိုင်းတွေမှာ နေအိမ်တွေထဲအထိ ဝင်ရောက်ဖမ်းဆီးသွားတာဖြစ်ကြောင်း မြို့ခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာမဲနှိုက်တာ မဟုတ်ဘဲ နာမည်စာရင်းပြုစုပြီး နေအိမ်ကနေ ခေါ်ဆောင်သွားတာဖြစ်ပြီးအဲဒီအထဲက လူငယ်တွေကို တပ်မ (၉၅)ကို ပို့ဆောင်ထားတယ်လို့ Voice Of Mandalay က အသိပေးပါတယ်။
အထက်ပါစာရင်းတွေဟာ Voice Of Mandalay အဖွဲ့က ရရှိတဲ့အချက်အလက်တွေသာဖြစ်ပြီး မြေပြင်မှာ ဒီ့ထက်ပိုများနိုင်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ဆိုင်ကယ်လိုင်စင်တွေစစ်ဆေးရင်း လူတွေကိုပါ ဖမ်းဆီးနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီဟာ မတ်လ ၂၈ ရက်ငလျင်ကြီးဒဏ်ပြင်းထန်စွာခံရတဲ့ မန္တလေးမြို့က လူငယ်တွေကို ငလျင်လှုပ်ပြီး လပိုင်းအကြာမှာပဲ အဓမ္မ စစ်မှုထမ်းခိုင်းနေတာလို့ ဒေသခံတွေကပြောပါတယ်။
