ဇွန်-၂၂၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းတွင် စက်သုံးဆီစျေးကြီးလွန်းနေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဒီးမော့ဆို(DMO Local PDF)နှင့် ကရင်နီပြည်သူ့လွှတ်မြောက်ရေတပ်ဦး(ကလလတ)KNPLFတို့က ဈေးနှုန်းသတ်မှတ်လိုက်သည်။
ပြည်သူများ၊လက်လုပ်လက်စားများ၊အထွေထွေအလုပ်သမားများ၊လယ်သမားများ၊ဆေးရုံဆေးခန်းမှ ဝန်ထမ်းများသည် ရှိသင့်သည့်ဈေးနှုန်းထက်အဆမတန်မြင့်တက်နေသော ဓါတ်ဆီ၊ဒီဇယ် ဈေးနှုန်းများကြောင့် အခက်အခဲများစွာကြုံတွေ့ရသည်ကို ထိန်းညှိပေးရန် မကြာခဏတိုင်တန်းလာခြင်းကြောင့်ဟုဇွန် ၂၂ ရက်တွင်ထုတ်ပြန်သည်။
ထို့ကြောင့်ဇွန်၂၂ ရက်ကစ၍ မူရင်းဓါတ်ဆီ၊ဒီဇယ်ဆီဝယ်ဈေးနှုန်း၊အခွန်အခနှင့်ရင်းနှီးမြှပ်နှံမှုအမြတ်ငွေတွက်ချက်ပြီး ဓါတ်ဆီပီပါတစ်လုံးကျပ် ၁၁သိန်း နှင့် ဒီဇယ် ပီပါတစ်လုံးကျပ် ၁၂ သိန်း စျေး အတိုင်းတင်သွင်းရန်အသိပေးသည်။

Public Service Announcement
ယခုသတ်မှတ်ဈေးနှုန်းထက်ပိုမို တင်သွင်းရောင်းချပါက ထိရောက်စွာအရေးယူသွားမည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို နှင့် ကရင်နီပြည်သူ့လွှတ်မြောက်ရေးတပ်ဦး(ကလလတ) KNPLFက ပူးတွဲ ထုတ်ပြန်ထားသည်။
“ဘယ်သူတွေ လမ်းပိတ်ထားလဲ။ ဂိတ်ပေါင်းဘယ် လောက်ရှိလဲ။ဘယ်ဂိတ်ကအခွန်ဘယ်လောက်တောင်းလဲ။တောင်ငူလမ်းပိတ်ထားလို့ဘယ်လိုသွားနေရလဲဆိုတာတွေ မတွေးဘဲနဲ့တော့ ငါတို့သိတယ်ဆိုတဲ့ပုံစံနဲ့စျေးသတ်မှတ်တာက စက်သုံးဆီပြတ်လပ်တာ၊စျေးကြီးနေတာရဲ့ အဖြေမဟုတ်သေးဘူး”ဟု ဒီးမော့ဆိုအနောက်ခြမ်း၌ စက်သုံးဆီရောင်းနေသူတစ်ဦးကပြောသည်။
ပီပါတစ်လုံးတွင် ဂါလံ ၅၀ ဆံ့ပြီး တစ်ဂါလံလျှင် ၄ ဒသမ ၅ လီတာ ဝန်းကျင်ရှိသည်။ထို့ကြောင့် ပီပါတစ်လုံးတွင် စက်သုံးဆီ လီတာ ၂၂၀ ကျော် ပါရှိသည်။
“တကယ်ဝယ်ရင်းစျေးဆိုရင်တော့တစ်ပီပါ ခုနှစ် သိန်း ခွဲ ရှစ်သိန်းပေါ့။ဒါပေမယ့် လမ်းပိတ်ထားတာတွေရော။လမ်းမကောင်းတဲ့နယ်မြေအခြေအနေတွေအရ သယ်ယူစရိတ်စကကြီးတာ”ဟု စက်သုံးဆီတင်သွင်းနေသူက ပြောသည်။
ဇွန်လ ဒုတိယပတ်ကစ၍ ဒီးမော့ဆိုအနောက်ဘက်ခြမ်းနှင့်ချိတ်ဆက်သည့်လမ်းပိုင်းအချို့ပိတ်ခံရပြီးနောက် ကုန်စည်စီးဆင်းမှုနှင့်အထူးသဖြင့်စက်သုံးဆီမှာ ဝယ်ယူနိုင်ရေးခက်ခဲခဲ့သည်။
ထို့ကြောင့်ယခင်တစ်လီတာကျပ် ၄,၀၀၀ ဝန်းကျင်ရှိ ဓာတ်ဆီ၊ဒီဇယ် စျေးသည် ၈,၀၀၀ နှင့် ၁၀,၀၀၀ အထိ စျေးတက်သွားခဲ့ခြင်းဖြစ်သည်။
