ဇွန်-၁၇၊၂၀၂၅။ဇော်ရမ်း/People’s Spring
ပဲခူးတိုင်း၊မင်းလှမြို့နယ်အတွင်း ရန်ကုန်-ပြည်လမ်းပိုင်း အပါအဝင် နေရာအချို့၌ဇွန်လ၁၆ရက်နှင့် ၁၇ရက် နှစ်ရက်ဆက်တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး စစ်ကောင်စီမှ ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးအပါအဝင် ၂၀ ကျော်သေဆုံးကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊ P2 3803 ကသတင်းထုတ်ပြန်သည်။
“၁၁ရက်နေ့ကတည်းက စစ်ကောင်စီကကျနော်တို့ရှိတဲ့နေရာတွေကို စပိတ်နေတာ။ ၁၆ရက်မှာ စစ်ကြောင်းဝင်လာလို့ တိုက်ပွဲစဖြစ်တယ်။အဲဒီနေ့မှာပဲ အဓိကမစ်ရှင်ဖြစ်တဲ့ ရန်ကုန်-ပြည်လမ်းပေါ်မှာ ကားတွေကို စစ်ဆေးနေတဲ့အဖွဲ့ကို တိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ပွဲမှာ ဒုဗိုလ်မှူးကြီးတယောက်နဲ့ အရာရှိသေတာပါ”ဟု သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803မှရဲဘော်ဝီစကီက ပြောသည်။
ဇွန်လ ၁၆ရက် ၊ ညနေ ၄နာရီ ၂၀မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ဆင်အိုင်ချောင်းပေါက်ကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၆၀ခန့်ပါသည့် ခလရ(၁)လက်အောက်ခံ စစ်တပ် နှင့် ပျူစောထီး ပူးပေါင်း စစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ပြီးနောက် တိုက်ပွဲစတင်ဖြစ်ပွားခြင်းဖြစ်သည်။

Public Service Announcement
ဒုဗိုလ်မှူးကြီးတစ်ဦး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့မရဲစခန်းမှူးတို့သေဆုံးသည့်တိုက်ပွဲမှာ ရန်ကုန်-ပြည်လမ်းပိုင်း၊ မင်းလှမြို့နယ်၊ စစ်ကွင်းတာဆုံ ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်သည့် တိုက်ပွဲဖြစ်ကြောင်း ရဲဘော်ဝီစကီကပြောသည်။
“စစ်ကူလာတဲ့ ဖောကားဆိုရင် တစ်စီးလုံးပြုတ်တာ။ကားခေါင်းခံထဲကသုံးယောက်စလုံးသိတယ်။ နောက်မှာပါတဲ့သူတွေအကုန်ထိတယ်။ သွေးတွေဆိုတာကားလမ်းမှပေါ်မှာ အများကြီးပဲ” ဟု ရဲဘော်ဝီစကီကပြောသည်။
သေဆုံးသည့်ဒုဗိုလ်မှူးကြီးမှာ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်-၁ ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်း နှင့် သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူးမှာဒုတိယရဲမှူးကြီးဉာဏဖြစ်ကြောင်း သိရသည်။ အသေးစိတ် ဆက်လက် အတည်ပြု နေဆဲဖြစ်သည်။
ဒေသခံများနှင့် စစ်ဘက်အရင်းအမြစ်၊ဆေးဘက်အရင်းအမြစ်များ၏ အဆိုအရ ယမန်နေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ(၃)နေရာတွင် သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်၊ဒုတိယဗိုလ်မှူးကြီး ဇော်မျိုးဝင်းနှင့် အုတ်ဖိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး တို့လည်း သေဆုံးကြောင်း သိရှိရပြီး အသေးစိတ်အထိပြုနေဆဲဟုသာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803 က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွား နေချိန်တွင် ပြည်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကား ၁စီးသည် တော်လှန်ရေးပူးပေါင်းတပ်များက တားစီးနေသည်ကို သတိမမူမိဘဲ ဆက်လက်မောင်းနှင်သွားသဖြင့် စစ်ကောင်စီတပ်၏ ပစ်ခတ်ခြင်း ခံရကာ ၃ ဦး သေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့ရကြောင်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း ၊P2 3803 က သတင်းထုတ်ပြန်ထားသည်။
ထိုအပြင်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်အတွင်း ဇွန်လ ၁၇ရက် ၊နံနက်၂နာရီခန့်တွင် စစ်ကောင်စီကလက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ဖားလေးကွင်းကျေးရွာ၊မြောက်စုရှိ နေအိမ်တစ်လုံးပေါ် သို့ ကျရောက်ပေါက်ကွဲပြီး အသက် (၈၀)အရွယ်အဖွားအိုတစ်ဦးသေဆုံးပြီး အမျိုးသမီးတစ်ဦးလည်း ပြင်းဒဏ်ဒဏ်ရာရခဲ့သည်ဟုဖော်ပြထားသည်။
ယခုစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ပဲခူးတိုင်းစစ်ဌာန၊ဗျူဟာ(၂၂)လက်အောက်ခံ တပ်ရင်းများဖြစ်သော သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်း၊ သာယာဝတီခရိုင်အမှတ်(၁)တပ်ရင်း၏ တပ်ခွဲ(၆)/ဧရာညီနောင်PDF ၊ MDF (Special Force) နှင့် Asho Chin Defense Force(ACDF) မဟာမိတ်ပူးပေါင်းတပ်ကဆောင်ရွက်ခဲ့ခြင်းဟုသိရသည်။ တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော် ၂ဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်းလည်း သိရသည်။
သာယာဝတီခရိုင်အတွင်းရှိပြည်သူများအနေဖြင့် စစ်ကောင်စီ တပ်၊ ရဲစခန်း၊ထွေအုပ်ရုံး၊ ရဲကင်းစခန်း၊ လမ်းပိုင်းကင်းစခန်းများအနီး ဆိုင်ခန်းဖွင့် ဈေးရောင်းခြင်း ၊ အိမ်ဆောက်နေထိုင်ခြင်း ၊ အချိန်ကြာမြင့်စွာရပ်တန့် စကားပြောခြင်းများ မပြုလုပ်ကြပါရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)မှ နယ်မြေလုံခြုံရေးအတွက် လိုအပ်၍ ထုတ်ပြန်သော ထုတ်ပြန်ချက်များကို နားလည်ပေး၍ ပူးပေါင်း ဆောင်ရွက်ပေးကြပါရန်လည်း သာယာဝတီခရိုင် အမှတ်(၃)တပ်ရင်းက ထုတ်ပြန်ထားသည်။
စစ်ကောင်စီစဉ်သည် မင်းလှမြို့နယ်အတွင်း ရန်ကုန်-ပြည်လမ်းပိုင်းနေရာလေးခု၌ လက်နက်ကြီးများတပ်ဆင်ထား၍ ခရီးသွားပြည်သူများ လုံခြုံရေးသတိပြုကြရန် ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။
