လူအေး/People’s Spring
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်သို့ ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသော သင်တန်းသားအများအပြားကို စစ်ကောင်စီကထပ်မံ ပို့ဆောင်နေကြောင်း စုံစမ်းသိရသည်။
ဧရာဝတီတိုင်း၊ဟင်္သာတမြို့မြို့နယ်၊ ကွင်းကောက်မြို့ရှိ အမှတ်(၅)တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းနှင့် ပုသိမ်မြို့ရှိအမှတ်(၆)စစ်အခြေခံ လေ့ကျင့်ရေးတပ်တွင်စစ်မှုမထမ်းမနေရဥပဒေဖြင့် အဓမ္မစုဆောင်းထားပြီး စစ်သင်တန်းပေးနေသူများကို ငါးသိုင်းချောင်း-ဂွလမ်းမှတဆင့် ရခိုင်ပြည်နယ်သို့ ကားများဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

Public Service Announcement
“စစ်ကားတွေအများကြီးနဲ့ပို့နေတာ။ ကလေးတွေမျက်နှာငယ်လေးတွေနဲ့။ မြင်ရတာ စိတ်မချမ်းသာဘူး” ဟုပုသိမ်မြို့မှ ဒေသခံတဦးကပြောသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းဂွမြို့နယ်၊အမ်းမြို့နယ် နှင့် မောင်တောမြို့နယ်တို့တွင်အာရက္ခတပ်တော်(AA)က စစ်ကောင်စီစခန်းများကိုတိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။ မောင်တောမြို့နယ်မှ နောက်ဆုံးကျန်ရှိနေသည့် နယ်ခြားစောင့်ရဲတပ်ရင်း(နခခ-၅)ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး အမ်းမြို့နယ်တွင်လည်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကာကင်စခန်းများ၊ တပ်ရင်းများကို ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်သည်။ထိုအပြင် ဂွမြို့နယ်တွင်လည်း စစ်ကောင်စီ၏ လက်ကျန်စခန်းများကို AAက ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။
တိုက်ပွဲများအတွင်း သေဆုံးမှုများနေသည့်စစ်ကောင်စီသည် ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူ သင်တန်းသားအများအပြားကိုရခိုင်ပြည်နယ်သို့ပို့ဆောင်နေခြင်းဟု ဂွမြို့နယ်မှ သတင်းရင်းမြစ်အချို့ကပြောသည်။
သံတွဲမြို့နယ် မြို့နယ် အတွင်းမောင်ရွှေလေးရေတပ်စခန်း အပါအဝင်တိုက်ပွဲများ၌ စစ်ကောင်စီတပ်က စစ်သားသစ်များကို စေလွှတ်တိုက်ခိုက်ခိုင်းရာ စစ်သင်တန်းဆင်းစစ်သားသစ်အများအပြားသေဆုံးခဲ့ကြောင်း AA ထံမှသိရသည်။
နိုင်ငံတဝန်းတိုက်ပွဲများတွင်အထိနာနေသောစစ်ကောင်စီသည် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းအမျိုးသားများကို စစ်မှုမထမ်းမနေရဥပဒေဖြင့် ဖေဖော်ဝါရီလမှစ၍ စစ်သားသစ်စုဆောင်းနေသလို ၊ တွေ့ရာနေရာတွင် လူငယ်များကိုပေါ်တာဆွဲ၍လည်း ငွေညှစ်ခြင်း ၊စစ်သားသစ်စုဆောင်းခြင်းလည်းပြုလုပ်နေသည်။
ဧရာဝတီတိုင်းအတွင်းမြို့နယ်များတွင် စစ်သားစုဆောင်းခံရသူများအနက်အချို့သည် စစ်သင်တန်းမတက်ရောက်မီ ထွက်ပြေးမှုများရှိခဲ့သည်။ စစ်သင်တန်းတက်ရောက်ရသူများသည် ရခိုင်ပြည်နယ် သို့ပို့ဆောင်ခြင်းခံရသလိုစစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များထံ လက်နက်ချခဲ့သူများတွင်လည်း ဧရာဝတီတိုင်းမှ စစ်သားစုဆောင်းခံရသူများနှင့် ပေါ်တာစွဲခံရသူများ အများဆုံး ပါဝင်နေကြောင်း PDFများကပြောသည်။
“တိုက်ပွဲမှာ သေတဲ့သူတွေလည်းရှိတယ်။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ရှေ့တန်းပါသွားပြီဆိုရင်တော့ အကောင်းအတိုင်းပြန်ရဖို့ မရှိတော့ဘူး” ဟု ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှဒေသခံတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းမှ လူငယ်အချို့သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ အာရက္ခတပ်တော်(AA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU) နှင့် စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ပဲခူးတိုင်းတို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များတွင် တိုက်ပွဲဝင်နေသည်များရှိသော်လည်းPDF တပ်ရင်း၊တပ်ဖွဲ့များနည်းပါးကာ စစ်ကောင်စီကိုခုခံတော်လှန်မှုအားနည်းသော ဒေသဖြစ်သည်။
မြို့ပြပြောက်ကျားလူငယ်အချို့သည် စစ်ကောင်စီပစ်မှတ်များကိုတိုက်ခိုက်လိုသော်လည်း အချိတ်အဆက်မမမီခြင်းကြောင့် တိုက်ခိုက်ရေးဖော်ဆောင်နိုင်ခြင်းမရှိဟု တော်လှန်ရေးလူငယ်အချို့ကပြောသည်။ ဧရာဝတီတိုင်းအတွင်း ကန်ကြီး ထောင့်မြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဟင်္သာတမြို့နယ်တို့တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်အချို့နှင့် အုပ်ချုပ်ရေးမှူးအချို့ကို ပစ်ခတ်တိုက်ခိုက်မှုများ ၂၀၂၃ခုနှစ်အတွင်း ရှိခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်ပတ်သက်၍ လူငယ်အများပြားအားစစ်ကောင်စီကဖမ်းဆီးပြီး အချို့ကိုပစ်ခတ်သတ်ဖြတ်ခဲ့သည်။ထို့နောက်ပိုင်းတွင် စစ်ကောင်စီအားပစ်မှတ်ထားတိုက်ခိုက်မှုများ ငြိမ်သက်နေသည်။
ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ဩဂုတ်လ ၁၆ရက်နံနက်က စစ်ကောင်စီရေတပ်က သေနတ်ပစ်ခတ်မှုများ ရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိခဲ့သည်။ ဧရာဝတီတိုင်း၊ဟင်္သာတမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးမတနေရာ၌ စစ်ကောင်စီနှင့် ကာကွယ်ရေးတပ်ဖွဲ့များ ပြီးခဲ့သည့် ဩဂုတ်လဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆ဦးထက်မနည်းသေဆုံးကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
အာရက္ခတပ်တော်(AA)၏ ထိုးစစ်သည် ဧရာဝတီတိုင်းနှင့် ထိစပ်နေသော ဂွမြို့အနီးထိရောက်ရှိလာပြီးနောက် ရခိုင်ပြည်နယ်နှင့် နယ်မြေချင်းထိစပ်နေသော ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများဖြစ်ပွားလာမည်ကို စစ်ကောင်စီက ကြောက်လန့်နေသည်။ ထိုကြောင့်ရခိုင်ပြည်နယ်နှင့်နီးစပ်သော ငါးသိုင်းချောင်းမြို့၊ရေကြည်မြို့၊ လေးမျက်နှာမြို့၊ ဟင်္သာတခရိုင်အတွင်းရှိ မြန်အောင်နှင့် ကြံ့ခင်းမြို့နယ်တို့တွင် စစ်ကောင်စီကပြည်သူ့စစ်အများအပြားနှင့်အတူ လုံခြုံရေးယူထားသည်။
