ဇေအောင် ၊ဟန်နွေ /People’s Spring
စစ်ကောင်စီတပ်ကမတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သိမ်းယူထားသော စစ်စခန်းများကို ပြန်လည်ရရှိရန် တန်ပြန်ထိုးစစ်ဆင်လျက်ရှိသော်လည်း မန္တလေး(PDF)က သိမ်းပိုက်ထားသောစခန်းများကိုအပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်ကြောင်းယနေ့ညတွင် ထုတ်ပြန်သည်။
“မတ္တရာမြို့နယ်ထဲမှာတော့ အောက်တိုဘာလဆန်းပိုင်းကစပြီးတော့ တိုက်ပွဲ နေ့စဥ်ဆိုသလို ဖြစ်ပွားနေတာ ရှိပါတယ်။ မတ္တရာမြို့ အရှေ့ဘက်ခြမ်းမှာကော အနောက်ဘက်ခြမ်းမှာကောတိုက်ပွဲ တောက်လျှောက် ဖြစ်ပွားနေပါတယ်။ဒီတိုက်ပွဲတွေအတွင်းမှာ ရန်သူ့ထံကနေ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိတာရှိတယ်။ရန်သူ့အလောင်းအချို့လည်းသိမ်းဆည်းရမိတာရှိပါတယ်။ ကျွန်တော်တို့အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ဖို့မရှိသေးပါဘူး”ဟု မန္တလေး PDF၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။
မန္တလေး PDF သိမ်းပိုက်ထားသောစခန်းများကိုစစ်ကောင်စီမှပြန်ရရန် အောက်တိုဘာလဆန်းမှစ၍ လက်နက်ကြီး နှင့်လေကြောင်းတိုက်ခိုက်မှုများသာမက မြေပြင်စစ်ကြောင်းများကိုပါ အသုံးပြု၍ တန်ပြန်ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲများနေစဥ်ဖြစ်ပွားနေသည်ဟုသိရသည်။

Public Service Announcement
တိုက်ပွဲများတွင် လက်နက်ခဲယမ်းများ နှင့် ရန်သူ့အလောင်းများ သိမ်းဆည်းရမိခဲ့သည်ဟုမန္တလေး PDF က အောက်တိုဘာ ၁၃ ရက်ညတွင်ထုတ်ပြန်သည်။ စစ်ကောင်စီတပ်မှ ရုပ်အလောင်း ၇ လောင်း နှင့် လက်နက်မျိုးစုံ အလက် ၂၀ ကျော် ၊ ဒရုန်းပစ် လက်နက် နှင့် ခဲယမ်းမျိုးစုံ သိမ်းဆည်းရရှိကြောင်း ဓါတ်ပုံနှင့်တကွထုတ်ပြန်သည်။
စစ်ကောင်စီသည် မတ္တရာမြို့နယ် တိုက်ပွဲများအတွင်း စစ်ရေးပစ်မှတ်များကိုသာမက အရပ်သားပြည်သူများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကိုလည်းပြောင်ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိကြောင်းမနာတလေး PDF စစ်ဦးစီးအဖွဲ့ ကအသိပေးထားသည်။

စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၁ရက် နေ့လည်တွင် မတ္တရာမြို့နယ် ဝေါစုရွာရှိ စစ်ရှောင်စခန်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာကလေးငယ်များ အပါအဝင် ပြည်သူ ၁၂ဦး သေဆုံးကာ ဒဏ်ရာရသူများလည်းရှိခဲ့သည်။ထို့အပြင်ဩဂုတ်လ အတွင်းကလည်း စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် မတ္တရာမြို့နယ် အောင်ချမ်းသာရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာပြည်သူ ၃ဦး သေဆုံးပြီး ၅ဦးဒဏ်ရာရခဲ့သည်။
မန္တလေး PDF က ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းနှင့်အတူ ရှမ်း- မန်းစစ်ဆင်ရေးဖြင့် ဇွန် ၂၅ ရက်မှစ၍ မတ္တရာမြို့နယ်အတွင်းရှိ စစ်တပ်စခန်းများကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး စစ်စခန်း ၃၅ခု ကျော်ကိုသိမ်းပိုက်ထားသည်။ သိမ်းဆည်းထားသောစခန်ယများတွင် မတ္တရာလေကြောင်းရန်ကာကွယ်ရေးတပ် ၊ ဆည်တော်ကြီး စစ်တပ်စခန်း ၊ Alpha ဖိလပ်မြေစက်ရုံရှိ စစ်တပ်စခန်းစသော စစ်စခန်းနှင့် စစ်တပ် တပ်စွဲရာနေရာများပါဝင်သည်။
