close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ဆရာဇော် စာမမျှော်နိုင်တော့ပါ

အသက် ၇၀ ကျော် ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ အိုးဘိုအကျဥ်းထောင်ထဲက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အပြင်ကနေ ၉ နှစ်သား သူ့မြေးလေး မောင်ကောင်းခေတ် နှစ်ပတ်တခါရေးပို့တတ်တဲ့ စာလေးတွေကို မျှော်လေ့ရှိပါတယ်။

Scorpio/People’s Spring

အသက် ၇၀ ကျော် ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ အိုးဘိုအကျဥ်းထောင်ထဲက မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ဟာ အပြင်ကနေ ၉ နှစ်သား သူ့မြေးလေး မောင်ကောင်းခေတ် နှစ်ပတ်တခါရေးပို့တတ်တဲ့ စာလေးတွေကို မျှော်လေ့ရှိပါတယ်။

မောင်ကောင်းခတ်ဆိုတာ​က ​ဒေါက်တာဇော်မြင့်မောင်ရဲ့ သားသမီး ၃ ယောက်အနက် အငယ်ဆုံးသမီး ဒေါက်တာစုဝေပုံက မွေးတဲ့သားလေးပါ။ မောင်ကောင်းခေတ်လေးဟာ ထောင်ထဲက သူ့ဘိုးဘိုးကြီးဆီ နှစ်ပတ်တခါ စာရေးလေ့ရှိပါသတဲ့။

Public Service Announcement

Public Service Announcement

​​ဒေါက်တာဇော်မြင့်မောင်ဟာ ပထမဆုံးအကြိမ် ၁၉၉၀ ခုနှစ်မှာ ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခံခဲ့ရတယ်။ အဲဒီတုန်းက သမီးဖြစ်တဲ့ ဒေါက်တာစုဝေပုံဟာ အခုမောင်ကောင်းခေတ်လေးထက်တောင် အများကြီး ငယ်သေးတယ်။ အဲဒီတုန်းက မစုဝေပုံလေးဟာ အသက် ၁နှစ်နဲ့ ၅လ အရွယ်သာ ရှိခဲ့ပါသတဲ့။

ဒေါက်တာဇော်မြင့်မောင်ရဲ့ဇနီး ဒေါက်တာယုယုမေက ခင်ပွန်းနဲ့သမီးလေး အနေစိမ်းမသွားစေဖို့ အင်းစိန်ထောင်မှာ ထောင်ဝင်စာသွားတွေ့ချိန် ရံဖန်ရံခါ သမီးလေးကို ခေါ်သွားလေ့ရှိတယ်။

သမီးလေးဟာ သံတိုင်တဖက်ကြားကနေ ပြုံးပြုံးရယ်ရယ်လှမ်းကြည့်နေရှာတဲ့ လူကြီးတစ်ယောက်ကို မျက်လုံးအဝိုင်းသား ငေးကြည့်နေလေ့ရှိတယ်။ အမေဖြစ်သူက “ဒါသမီးအဖေလေ။”လို့ ပြောလိုက်ရင် သမီးက ငိုတော့တာပဲတဲ့။

နောက်တော့ သမီးလေးဟာ ထောင်ဝင်စာသွားတွေ့ရင် အဖေဆိုတဲ့ လူကြီးနဲ့ မတွေ့ချင်ဘူး ရန်ကုန်ပဲလိုက်မှာလို့ ပြောခဲ့မိသတဲ့။

ဒေါက်တာယုကလည်း သမီးလေးနဲ့သူ့ဖေဖေ ဝေးမသွားစေဖို့ ဉာဏ်ကူရပါတယ်။ ထောင်ဝင်စာသွားတွေ့တဲ့အခါ အရုပ်ကလေးတွေဖွက်ဝယ်ခဲ့ပြီး သမီးနဲ့အဖေဆုံကာမှ ရော့ဒါသမီးဖေဖေက သမီးအတွက် အရုပ်ကလေးဝယ်ပေးထားတာဆိုပြီးထုတ်ပေးလေ့ရှိတယ်။

နောက်တော့ သမီးနဲ့အဖေဟာ ထောင်ဝင်စာတွေ့တဲ့အခါမှာ ဖက်လှဲတကင်းရှိလာခဲ့တယ်။ ​ထောင်ဝင်စာတွေ့ခွင့်ပေးတဲ့အချိန်ကုန်ဆုံးပြီ၊ ပြန်ခါနီးပြီဆိုရင် ဒေါက်တာဇော်မြင့်မောင်နဲ့ သမီးလေး စုဝေပုံတို့ဟာ ထောင် သံတိုင်ကြားလေးကနေ လက်ညိုးလေး၂ ခု ထိပြီး နှုတ်ဆက်တတ်ကြသတဲ့။

စစ်တပ်က ဒေါက်တာဇော်မြင့်မောင်ကို မြစ်ကြီးနားအကျဥ်းထောင်ပြောင်းချတော့လည်း ဆရာကတော်ဒေါက်တာယုယုမေက ဇွဲမလျှော့ပါဘူး။ သမီးလေးကိုလက်ဆွဲပြီး မြစ်ကြီးနားအထိ နှစ်လတစ်ခါ ရောက်အောင်လာတွေ့ပါတယ်။ မြစ်ကြီးနားထောင်မှာတော့ သံတိုင်တဖက်ကြားက လူကြီးဟာ သူ့ဖေဖေဆိုတာ စုဝေပုံလေး သိလာခဲ့ပါပြီ။

မစုဝေပုံဟာ အဖေတို့အမေတို့လိုပဲ ဆရာဝန်ကြီးဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ အကိုနှစ်ယောက်လည်း ဆရာဝန်တွေဖြစ်လာခဲ့တယ်။ သူလည်း ဆရာဝန်ဖြစ်ဖို့ ဆေးကျောင်းတက်ခဲ့ပါတယ်။

ဒေါက်တာဇော်မြင့်မောင်ဟာ မြစ်ကြီးနားအကျဉ်းထောင်မှာ စုစုပေါင်း ၁၉ နှစ် ထောင်ဒဏ်ကျခံခဲ့ရပြီး၂၀၀၉ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ လွတ်မြောက်လာခဲ့ပါတယ်။

သူလွတ်တဲ့အချိန်မှာ သမီးလေးဟာ ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း(က) ရောက်နေခဲ့ပါပြီ။

မစုဝေပုံဟာ ကလေးဘဝကတည်းက အဖေနဲ့ဝေးခဲ့ရတော့ အဖေရှိတဲ့ သူငယ်ချင်းတွေကို အမြဲအားကျမိခဲ့တယ်။ ဖခင်တွေရဲ့သူ့သမီးတွေအပေါ် ဂရုစိုက်ကြင်နာမှုတွေတွေ့တိုင်း ငါ့ အဖေလည်း ရှိခဲ့ရင်အဲ့လိုလေး လုပ်ပေးမှာပဲလို့ အမြဲတွေးမိခဲ့တယ်။

သမီးဆီအဖေပြန်ရောက်လာတဲ့အချိန် နှစ်ပေါင်းများစွာ ခွဲခဲ့ရတဲ့ သမီးနဲ့အဖေဟာ သာမန်သားအဖတွေလိုတော့ မဟုတ်ခဲ့ပါဘူး။ အနည်းငယ်စိမ်းနေခဲ့ကြတယ်။

သို့ပေမယ့် ဒေါက်တာဇော်မြင့်မောင်ဟာ သမီးနဲ့ဆက်ဆံရေး နီးကပ်အောင် ပြန်လည်ကြိုးစားခဲ့ရှာပါတယ်။ သမီးလေး နောက်ဆုံးနှစ်ကျောင်းသူဘဝနဲ့ အလုပ်သင်ဆရာဝန်ဘဝတွေမှာ ကြိုပို့တာတွေကအစ လုပ်ပေးဂရုစိုက်ပေးတော့ သမီးနဲ့ ဒေါက်တာဇော်မြင့်မောင်တို့သားအဖဟာ နွေးထွေးတဲ့ဆက်ဆံရေးတစ်ခု ပြန်လည်ရရှိသွားခဲ့တယ်။

“အဖေ လွတ်လာပြီးနောက် အဖေနဲ့ သမီး ရင်းနှီးမှု ရဖို့ အဖေဟာ အရမ်းကြိုးစားပြီး သူ့သမီးကိုချစ်ကြောင်း အများကြီး ပြခဲ့တယ်။ တခါမှ အသံမာမာတောင် မပြောဘူး။”လို့ ဒေါက်တာစုဝေပုံကသူ့ရဲ့ ​ဖေစ်ဘွခိလူမှုကွန်ယက်မှာဖွင့်ဟထားပါတယ်။

နှစ်ပေါင်းနှစ်ဆယ်ကျော် ချစ်မဝခဲ့တဲ့ အဖေနဲ့သမီးဟာ အတိုးချပြီး ချစ်ခဲ့ကြတယ်။ များပြားလှတဲ့ တိုင်းဝန်ကြီးချုပ်တာဝန်တွေကြားထဲကနေ ဒေါက်
တာဇော်မြင့်မောင်ဟာ မိသားစုဘဝကို ကြိုးစားပြီး တည်ဆောက်ခဲ့တယ်။

မိသားစုတွေ စုစုရုံးရုံးနေခွင့်ရတာ ဆယ်စုနှစ်တစု မရှိသေးခင် ၂၀၁၉ ခုနှစ်ထဲမှာပဲ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါစတင်ဖြစ်ပွားခဲ့ပါတယ်။

ဒေါက်တာစုဝေပုံဟာ ကင်ဆာရောဂါသည် ဖခင်ကို ပြုစုစောင့်ရှောက်ပေးခဲ့တယ်။ အဲဒီအချိန်မှာပဲ ဖခင်နဲ့ပြန်ဝေးရမယ့်ကာလတခုက ပြန်လည်ရောက်ရှိလာခဲ့ပြန်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ရက်​နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်မှာပဲ ပြည်ပအထိတောင် ဆေးသွားကုသခဲ့ရတဲ့ ကင်ဆာရောဂါသည် ဒေါက်တာဇော်မြင့်မောင်ဟာ မန္တလေးမြောက်ဘက်ခြမ်းက အိုးဘိုအကျဥ်းထောင်ထဲ ပြန်လည်ရောက်ရှိသွားခဲ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော်ကလိုပဲ ဒေါက်တာစုဝေပုံတို့ဟာ ဖခင်ကြီးရဲ့ထောင်ဝင်စာကို သွားတွေ့ကြတယ်။ ရုံးချိန်းမှာ အဖေ့ကို ခဏလေးတွေ့ရဖို့ အချိန်တွေအကြာကြီး စောင့်ကြရတယ်။ တွေ့တာနဲ့ ဖခင်ကြီး ဒေါက်တာဇော်မြင့်မောင်ကို သမီးဖြစ်သူက ဆေးတွေလိမ်းပေး မုန့်တွေကျွေးပေးပါတယ်။

ထောင်ထဲကနေ အပြန်အလှန်ရေးကြတဲ့ စာတွေထဲမှာလည်း အဖေကတောင် ပြန်အားပေးခဲ့ပါသတဲ့။ နောက်ပြီး သူ့မြေးလေးရေးပေးတဲ့စာတွေကလည်း သူ့အတွက် အားဆေးပါတဲ့။

အခုတော့ဒေါက်တာဇော်မြင့်မောင်ဟာ မြေးလေးပို့မယ့်စာလေးတွေ ဖောက်မဖတ်နိုင်တော့ပါဘူး။ ဒီကနေ့(အောက်တိုဘာ၇ရက်)မနက်၃ နာရီမှာ ကွယ်
လွန်သွားခဲ့ပါပြီ။ ပြင်းထန်တဲ့ကင်ဆာရောဂါကို ထောင်ထဲမှာ ဆေးဝါးကုသခွင့်ကောင်းကောင်းမရခဲ့ဘဲ မိသားစုနဲ့ သူချစ်တဲ့နိုင်ငံကို ထာဝရနူတ်ဆက်သွားခဲ့ပါပြီ။

“သူချစ်တဲ့ မြေးလေးတွေ အကြောင်းရေးရင် သိပ်ပျော်ခဲ့တဲ့ အဖေပါ။ သူ့မြေးလေး ၂ ပတ် တခါရေးတဲ့ English လိုရေးကြတဲ့ စာလေးတွေဟာ သူ့အတွက်အားအရမ်းရှိတယ်လို့ ပြောတတ်တဲ့ အဖေ။ အဖေ ရယ် လွပ်လပ်စွာ အနားယူပါတော့ အဖေရယ် … ကန်တော့လိုက်ပါတယ် အဖေ..အရမ်းချစ်ရတဲ့ အဖေ။”လို့ ဒေါက်တာဇော်မြင့်မောင်ရဲ့သမီး ဒေါက်တာစုဝေပုံက ဖခင်ကြီးကို နူတ်ဆက်ခဲ့ပါတယ်။

(ဒေါက်တာစုဝေပုံ၏ Facebook ပေါ်တွင်ရေးသားထားသောစာနှင့် ဒေါက်တာဇော်မြင့်မောင်၏အင်တာဗျူးအဟောင်းများမှ ကိုးကားရေးသားထားပါသည်။)

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့်မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကိုကနေဒါ တောင်းဆို

သတင်း

ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် ထမ်းရွက်ခဲ့သည့် ဒေါက်တာဇော်မြင့်မောင်ကို အလေးပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ ပြောကြားသည်။

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာဇော်မြင့်မောင် ဆုံးပါးရဲ့အကြောင်းရင်း ဟာ အကျဉ်းထောင်ထဲမှာ ကင်ဆာရောဂါ နဲ့ကိုက်ညီတဲ့ လုံလောက်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု မရတာကြောင့် ဖြစ်တယ်လို့ NUG အစိုးရက ထုတ်ပြန်ပါတယ်။

သတင်း

မတရားဖမ်းဆီး ထိန်းသိမ်းထားခြင်းခံရများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆို

Facebook