close
Connect with us

Hi, what are you looking for?

သတင်း

မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က စစ်ကောင်စီကို ကူညီနေ

အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု ယခုနှစ်ကုန်ပိုင်းတွင် ငါးဆကျော် တိုးမြင့်လာခဲ့ဟု မြန်မာသံအမတ်ကြီး ကုလ၌ အစီရင်ခံ

ကုလသမဂ္ဂအထွေထွေညီလာခံ ပထမကော်မတီ၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

ထားအိ/People’s Spring

မြန်မာပြည်သူများ အသက်ဆုံးရှုံးမှုဖြစ်စေရန် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့က စစ်ကောင်စီကို ကူညီမှုများပြုလုပ်နေပြီး လေယာဉ်လောင်စာဆီ၊ တိုက်လေယာဉ်နှင့် ဆက်စပ် နည်းပညာများကို စစ်ကောင်စီထံ ပိုမိုတင်သွင်းမှု ပြုလုပ်ခဲ့ကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောကြားသည်။

(၇၉)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ(လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေးကော်မတီ)၏ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်၌ အထက်ပါမြန်မာသံအမတ်ကြီးက အောက်တိုဘာ ၁၄ရက်တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ မြန်မာပြည်သူများကိုယ်စား သံအမတ်ကြီးက အဖန်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း အဖွဲ့ဝင်နိုင်ငံအချို့မှာ စစ်ကောင်စီကို ကူညီမှုများ ပြုလုပ်လျက်ရှိကာ စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်ပိုင်းမှစ၍ နိုင်ငံတစ်ဝှမ်းတွင် လေကြောင်းမှ တိုက်ခိုက်မှုများကို အရှိန်မြင့်ဆောင်ရွက်ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

အရပ်သားများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများသည် ယခုနှစ်ကုန်ပိုင်းတွင် ငါးဆကျော် တိုးမြင့်လာခဲ့ကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂသို့ အစီရင်ခံသည်။

စစ်ကောင်စီသည် အရပ်သားပြည်သူများအား အကြောက်တရားရစေရန် တော်လှန်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့်နေရာဒေသများတွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုများပိုမိုပြုလုပ်ခဲ့ရာ ပြီးခဲ့သည့်လက အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် တို့တွင် လုပ်ဆောင်ခဲ့ကြောင်း ရှင်းပြသည်။ ထို့အပြင် စစ်ကောင်စီအာဏာပိုင်များက “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟူ၍ အရှက်တရား ကင်းမဲ့စွာဖြင့် ပြောင်ပြောင် တင်းတင်း ပြောဆိုထားကြောင်း ရှင်းပြသည်။

ရှမ်းပြည်နယ်၏ အကြီးဆုံးမြို့တစ်ခုဖြစ်သည့် လားရှိုးမြို့ကို ကိုးကန့်တပ်မတော်(MNDAA) အဖွဲ့မှ ထိန်းချုပ်ထားနိုင်ခဲ့ချိန်မှစ၍ စစ်တပ်၏ ဖျက်ဆီးထားမှုများကို ပြန်လည် ပုံမှန်ဖြစ်အောင် ဆောင်ရွက်ခဲ့သော်လည်း စစ်တပ်ကမူ အဆက်မပြတ် ဗုံးကြဲချနေပြီး စစ်ကောင်စီကို ဆန့်ကျင်သူများ ရှိသည့် နေရာတွင် ငြိမ်းချမ်းမှု မရှိစေရဟု ပြည်သူ များကို ခြိမ်းခြောက်

ခဲ့သည်။

လွန်ခဲ့သော (၄) လကျော်က စစ်ကောင်စီသည် နိုင်ငံအတွင်း ပျှမ်းမျှ တစ်နေ့လျှင် (၇) ကြိမ် လေကြောင်း တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ရာ အရပ်သားများ အသက်ဆုံးရှုံးမှုနှင့် ပျက်စီးဆုံးရှုံးနေရမှုများသည် ပုံမှန်လို ဖြစ်လာကြောင်း သံအမတ်ကြီးက ကုလသို့ ပြောသည်။

မြန်မာပြည်သူများသည် လက်ရှိအခြေအနေများအရ ကုလသမဂ္ဂ၏ ဆောင်ပုဒ်ဖြစ်သော ‘Leaving no one behind’(မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်ထားခဲ့မည်မဟုတ်) ဆိုသည်ကို လက်ခံရန် လွန်စွာခက်ခဲပြီး ယင်းမှာ ဝမ်းနည်းစရာကောင်းသော အမှန်တရားတစ်ခုဖြစ်သည်ဟု သံအမတ်ကြီးက ပြောသည်။

တိုင်းပြည်အား ရာစုနှစ်ဝက်ကျော် စစ်အာဏာရှင်များက ထိန်းချုပ်ခံခဲ့ရခြင်းကြောင့် နိုင်ငံအနေဖြင့် အလွန်အမင်း နောက်ကျကျန်ခဲ့ပြီး ယခုအကြိမ် ၂၀၂၁ ခုနှစ် မတရားအာဏာသိမ်းယူမှုသည် မိမိတို့ မှန်းဆထားသည်ထက်ပင် တိုင်းပြည်အား နောက်ပြန်ဆွဲခဲ့ကြောင်း သံအမတ်ကြီးက ဆက်ပြောသည်။

စစ်တပ်သို့ လက်နက်တင်ပို့မှု၊ တိုက်လေယာဉ်ဆီ တင်ပို့မှု မပြုလုပ်ရန်နှင့် ယင်းတို့၏လုပ်ရပ်များအတွက် အရေးယူ ဆောင်ရွက်မှုပြုပေးရန် ကုလအဖွဲ့ဝင်နိုင်ငံများအား မေတ္တာရပ်ခံခဲ့သော်လည်း အချို့မှ လုံးဝ တုန့်ပြန်မှု မရှိခဲ့ကြောင်း မြန်မာသံအမတ်ကြီးက အသိပေးသည်။

မြန်မာပြည်သူများ ခံစားနေရသည့် ဒုက္ခနှင့် ရင်ဆိုင်နေရသည့် ပြဿနာကို အမြန်ဆုံး အဆုံး သတ်ရေးအတွက် ကူညီပေးကြရန် တိုက်တွန်းလိုက်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်ကောင်စီမှ ပြုလုပ်ရန် စီစဉ်နေသည့် အတုအယောင် ရွေးကောက်ပွဲအား လုံးဝ ထောက်ခံကူညီခြင်း မပြုရန် နှင့် ကန့်ကွက်ကြရန် တောင်းဆိုသည်။

မြန်မာပြည်သူများသည် အဆိုပါအတုအယောင်ရွေးကောက်ပွဲကို လုံးဝ လက်ခံမည်မဟုတ်သကဲ့သို့ ပြင်းထန် စွာ ကန့်ကွက်သွားမည်ဖြစ်ကြောင်း သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ဆီမီးသပိတ်နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၆) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၉)ကြိမ်မြောက် ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့အတွက် ထောက်ခံကြောင်း ဒီကနေ့ (အောက်တိုဘာ ၁၅)မှာ အသီးသီး ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၄) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းကို ဆန့်ကျင်ကြဖို့နဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံရေး ဒီကနေ့ (အောက်တိုဘာ ၁၃) မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။