စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် ပင်လည်ဘူးမြို့ကို PDF ရဲဘော်များက ၅၃ရက်ကြာတိုက်ခိုက်ပြီးနောက် အောက်တိုဘာ ၈ ရက်တွင် မြို့ကိုသိမ်းပိုက်နိုင်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၄၀၀ကျော်နှင့်ခဲယမ်းမီးကျောက် အများအပြားသိမ်းဆည်းရရှိခဲ့သည်။ ပင်လည်ဘူးမြို့သည် တော်လှန်ရေးတပ်ဖွဲ့များ စစ်ကိုင်းတိုင်းအတွင်း ပဉ္စမမြောက်သိမ်းယူနိုင်ခဲ့သည့် မြို့ဖြစ်သည်။ အဆိုပါ မြို့သိမ်းတိုက်ပွဲများအတွင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအတွင်းမှ လက်နက်ခဲယမ်းရရှိမှုနှင့် စစ်ကောင်စီတပ်သား သေဆုံး၊ ဖမ်းဆီးရရှိမှုမှာ အများဆုံးမြို့သိမ်းတိုက်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ထို့ကြောင့် အဆိုပါမြို့သိမ်းတိုက်ပွဲနှင့်ပတ်သက်ပြီး တိုက်ပွဲအားဦးဆောင်တိုက်ခိုက်ခဲ့သည့် အမှတ်(၁)စစ်ဒေသကွပ်ကဲရေးအဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံ ရဲဘော်ဩဇာနှင့် ဆက်သွယ်မေးမြန်းထားသည်များကို ကောက်နှုတ်ဖော်ပြလိုက်ပါသည်။
သတိုး၊ဒီးဒီ/People’s Spring
မေး – ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲအကြောင်း အရင်ဆုံးရှင်းပြပါဦး။ ဘယ်လိုခက်ခက်ခဲခဲသိမ်းယူခဲ့ရလဲ။
ဖြေ – အမှတ်(၁)စစ်ဒေသသတင်းထုတ်ပြန်ချက် နဲ့ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်းပါပဲ။ ပင်လည်ဘူးမြို့ကို တိုက်တဲ့တိုက်ပွဲက အစောပိုင်း ၂၀၂၃ လောက်ကတည်းက စတင်တိုက်ခိုက်ခဲ့ကြတာပါ။ အဲဒီနောက်မှာတော့ မြို့ကိုဝန်းရံပိတ်ဆို့ ဖြတ်တောက်ထားပြီးတော့ ၂၀၂၄ ဩဂုတ်လစပြီး တိုက်ခဲ့တာ။တိုက်ခဲ့တဲ့နောက်ပိုင်းမှာလည်း ၅၃ ရက်ကြာခဲ့ပါတယ်။ နောက်ပြီးတော့ ရန်သူ့အင်အား။ မြို့ထဲမှာရှိတဲ့ ရန်သူ့အင်အားရယ် နောက်တစ်ခါ စစ်ကူလာတဲ့ စစ်ကြောင်း လေးကြိမ်ရှိခဲ့တယ်။ နောက်တစ်ခါ ရန်သူရဲ့ လေကြောင်း တိုက်ခိုက်မှု ။ ကျွန်တော်တို့ အတိအကျ စာရင်းပြုစုမှုအရဆိုရင် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၁၆၀ ကျော်ရှိပြီးတော့ ဗုံးအလုံးရေ ဗုံးအရွယ်အစားအမျိုးမျိုးနဲ့ ပေါင် ၅၀၀ ၊ ပေါင် ၃၀၀၊ ပေါင်၂၀၀ အစရှိတဲ့ ဗုံးအရွယ်အစားအမျိုးမျိုး ငါးထောင်ကျော်ကြဲချပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကိုကြည့်မယ်ဆိုရင် နောက်တစ်ခါ သူ့ရဲ့ ပထဝီအနေအထားအရ ရန်သူ့စခန်းကုန်းတွေအများအပြားကို ကျွန်တော်တို့ ဒီကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတပ်ဖွဲ့ အသီးသီးရှိမယ်။ နောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တပ်ဖွဲ့အသီးသီးရှိမယ်။နောက် ပြည်သူ့လုံခြုံရေးအဖွဲ့ ပလဖ တွေပါမယ်။ဒါတွေအားလုံးပြည်သူလူထုနဲ့ ညီညီညွှတ်ညွှတ်နဲ့ ကျားကုတ်ကျားခဲ မဆုတ်မနစ်ပေါ့။သွေးနဲ့ချွေးနဲ့ရင်းပြီးတိုက်ခဲ့ရတာဆိုတာ ခုနက ရန်သူ့အင်အား အရွယ်အစား ရန်သူအသုံးပြုခဲ့တဲ့ အဆမတန် အသုံးပြုခဲ့တဲ့ လေကြောင်း လက်နက်အမျိုးအစားနဲ့ တိုက်ပွဲ အခြေအနေကို ကြည့်မယ်ဆိုရင် ခက်ခဲမှုကို သိနိုင်ပါတယ်။

Public Service Announcement
မေး – စစ်ကိုင်းတိုင်းမှာ ကောလင်းလိုမြို့တွေသိမ်းပိုက်ခဲ့တယ်။ ပြန်ပြီးပါသွားတယ်။အခု တခြားမြို့တွေ သိမ်းပိုက်တာမျိုးရှိတယ်။ ပင်လည်ဘူးကိုသိမ်းပိုက်တော့ စစ်ဆင်ရေးကို ပုံစံပြောင်းပြီး တိုက်ခိုက်ခဲ့တာရှိလား။ အဲဒီ အခြေအနေကို ရှင်းပြပါဦး။
ဖြေ – တိုက်ပွဲဆိုတာကတော့ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် အသုံးပြုတဲ့နည်းဗျူဟာတွေက တူကြမှာမဟုတ်ဘူး။ ပထဝီအနေအထားမတူတာ ရန်သူအရွယ်အစားမတူတာ နောက်တစ်ခါ အခင်းအကျင်းမတူတာ ။နောက်တစ်ခါ အချိန်ကာလ နေရာဒေသမတူတာ အစရှိသဖြင့် အကြောင်းတရားတွေ အများကြီးရှိတဲ့အတွက် ကြောင့်မို့လို့ ဘယ်တိုက်ပွဲပဲဖြစ်ဖြစ် တိုက်ပွဲတိုင်းက တစ်ခုနဲ့တစ်ခု ပုံသဏ္ဍာန်တွေ နည်းဗျူဟာတွေကတော့ မတူကြပါဘူးခင်ဗျ။
မေး – တိုက်ပွဲက ၅၃ ရက်ကြာခဲ့တာဆိုတော့ တိုက်ပွဲအတွက် လက်နက်၊ ခဲယမ်း၊ငွေကြေး ဘယ်လောက်လောက်အသုံးပြုခဲ့ရလဲ။ ပြောပြလို့ရမှ ပြောပေးပါ။
ဖြေ – ကျွန်တော်တို့ အသက်၊သွေးချွေး ရင်းနှီးပြီးတော့ ရုပ်ဝတ္ထုကအစ ပြည်သူ့ကာကွယ်မှုအဆုံး ငွေကြေး၊ ခဲယမ်း၊မီးကျောက်က အသုံးပြုခဲ့ရတာတွေ ရှိပါတယ်။ဒါကတော့ စစ်ဆင်ရေးကိစ္စ လုံခြုံရေးကိစ္စဖြစ်တဲ့အတွက် ဒီလောက်ပဲဖြေလို့ရမယ်။
မေး – စစ်ကောင်စီတပ်သားတွေက နောက်ဆုံးညှိနှိုင်းပြီး ထွက်ခွာခွင့်တောင်းတယ် ဆိုတော့ သူတို့က ဘယ်လိုအခြေအနေအထိ ရောက်သွားမှ ဒီလိုလုပ်တာလဲ။
ဖြေ – တိုက်တာက ၅၃ ရက်ဆိုတာက ကျွန်တော်တို့ ငါးကြိမ်မြောက်တိုက်တဲ့တိုက်ပွဲရဲ့ ကြာချိန်ကိုပြောတာပါ။ ၂၀၂၃ စတိုက်ပြီးတော့ ၁၄ရက်အကြာ မြို့ရဲ့အစိတ်အပိုင်း ၉၀ ရာခိုင်နှုန်းလောက်ကို ထိန်းချုပ်ထားတာရှိပါတယ်။ အဲဒီတုန်းကတော့ လေကြောင်းတိုက်ခိုက်မှုကြောင့် မြို့ထဲကနေ ပြည်လည်ပြီး ဆုတ်ပေးပြီးတော့ မြို့ကို ဝန်းရံပိတ်ဆို့ထားခဲ့တာ ဖြစ်ပါတယ်။အဲဒီတော့ အမှတ်(၁)စစ်ဒေသအတွင်းမှာရှိတဲ့ မြို့ရွာ အများစုက စိုးမိုးဧရိယာ ထိန်းချုပ်နယ်မြေဖြစ်နေပြီ။ အဲဒီကမြို့ တွေကို နဂိုကတည်းက ဝန်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။ပင်လည်ဘူးကလည်းအလားတူ။ ကြာတဲ့ရက်ကိုကြည့်မယ်ဆို ရန်သူက စားနပ်ရိက္ခာအခက်အခဲတို့ ခဲယမ်း အခက်အခဲတို့ရှိလာပြီးတော့ ဒဏ်ရာရတဲ့သူအမြောက်အမြားရှိလာတယ်။ဒီဒဏ်ရာရတဲ့လူတွေ အမြောက်အများရှိလာတဲ့ အနေအထားမှာ ဆေးကုသဖို့အခက်အခဲရှိလာပြီးတော့ တချို့ဆို လောက်တွေ တတ်နေတာတို့ ရတဲ့ဒဏ်ရာတွေက ပုပ်ပွနေတာတို့ ဒီလိုအနေအထားတွေရှိလာတယ်။ ဒီကြားထဲမှာ အစားအသောက်ခက်ခဲလာတဲ့ အခါမျိုးမှာ သူတို့ ဆုတ်ခွာခွင့်တောင်းတာဖြစ်ပါတယ်။ ၇ ရက်နေ့ညမှာပဲ ဆုတ်ခွာခွင့်တောင်းပြီးတော့ နောက်နေ့ဆုတ်ခွာသွားတာဖြစ်ပါတယ်။
မေး – စစ်ကောင်စီဘက်က ကျဆုံးမှုတွေများတော့ အဲဒီအထဲမှာ အရာရှိပိုင်း ဘယ်လောက်လောက်ပါလဲ။ အလင်းဝင်တဲ့အထဲမှာရော အရာရှိပိုင်းက ဘယ်လိုအဆင့်တွေပါလဲ။
ဖြေ – ကျွန်တော်တို့ သိရသလောက်ဆိုရင်တော့ တပ်ရင်းမှူးအဆင့် အရာရှိနှစ်ဦး ကျဆုံးပြီးတော့ ကျွန်တော်တို့ဆီမှာ လက်နက်ချ အလင်းဝင်တာတစ်ဦးရှိတယ်။နောက်ဒဏ်ရာရသွားတာ တစ်ဦးရှိတယ်။ အဲဒီလိုတော့ ကျွန်တော်တို့ သိထားတယ်။ကျန်တဲ့အရာရှိငယ်အမြောက်အမြားကတော့ သေဆုံးတာရှိမယ်။နောက်တစ်ခါဒဏ်ရာရတာတွေရှိတယ်ခင်ဗျ။
မေး – မြို့သိမ်းပိုက်တဲ့အခါ မူးယစ်ဆေးအမြောက်အမြားလည်းတွေ့တယ်လို့ထုတ်ပြန်ထားတော့ အဲဒီ့အကြောင်းလည်း ရှင်းပြပါဦး။
ဖြေ – ပင်လည်ဘူးမြို့ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ SNA တပ်ဖွဲ့ဝင်များဟာ မြို့ထဲမှာစပြီး မရောက်ခင်ကတည်းက မူးယစ်ဆေးသုံးစွဲသူတွေရှိတယ်။ မြို့ထဲရောက်တဲ့အခါမှာလည်း မူးယစ်ဆေးကိုပဲ သုံးစွဲနေကြတယ်ဆိုတာ အတွင်းသတင်းတွေအရ သိရပါတယ်။ တိုက်ပွဲတိုက်နေစဉ်အတွင်းမှာပဲ ထွက်ပြေးလာတဲ့ ရန်သူ့ဘက်က လက်နက်ချတဲ့သူတွေ အလင်းဝင်တဲ့သူတွေဆီက ထွက်ဆိုချက်တွေ သတင်းပေးပို့မှုတွေမှာလည်း မူးယစ်ဆေးသုံးစွဲနေတာတွေသိရှိရပါတယ်။ နောက်ဆုံးသိမ်းယူတဲ့အခါမှာလည်း ရန်သူနောက်ဆုံးခံစစ်ပြုခဲ့တဲ့ ရဲစခန်းနေရာ ၊တောင်ကုန်းနေရာ ၊ ရဲစခန်းနေရာပေါ့ အဓိကကတော့။ အဲဒီနေရာမှာ ဖမ်းဆီးရမိတဲ့ သတင်းထုတ်ပြန်ချက်မှာပါတဲ့အတိုင်း တွေ့ရှိရပါတယ်။နောက်ပြီးတော့ စွန့်ခွာသွားတဲ့သူတွေထဲမှာလည်း ဘိန်းစွဲနေသူတွေ အများကြီးရှိပါတယ်။
မေး – စစ်ကောင်စီက သူ့ရဲ့တပ်သားတွေမူးယစ်ဆေးသုံးပြီးတိုက်ခိုင်းတဲ့သဘော ထွက်ဆိုတာမျိုးရောရှိလား။
ဖြေ – သုံးခိုင်းတယ်မသုံးခိုင်းဘူးဆိုတာထက် အခုသုံးစွဲနေသူတွေရှိတယ်။ ကျွန်တော်တို့ ဖမ်းဆီးရမိတဲ့ အသုံးပြုနေတဲ့ မူးယစ်ဆေးဝါးတွေလည်းရှိတယ်။ ဒါကတော့ ထင်ရှားတဲ့သက်သေဖြစ်ပါတယ်။ ထွက်ဆိုချက်အားလုံးကို ခြုံငုံပြောဖို့ခက်ပါတယ်။ စစ်ရေးသတင်းတွေဖြစ်တဲ့အတွက်။ စကစ တပ်ဖွဲ့ဝင်တွေမှာက မူးယစ်ဆေးသုံးစွဲသည်ဖြစ်စေ၊ မသုံးစွဲသည်ဖြစ်စေ တိုက်ခိုက်လို စိတ်မရှိဘူး။ ပြီးတော့ သူတို့ စိတ်ပန်းနေတယ်။ အစာရေစာခဲယမ်းနေတယ်။ နောက်ပြီးတော့ ဆက်တိုက် တစ်နယ်ပြီးတစ်နယ်သွားနေရတဲ့အတွက် အလွန်ပဲပင်ပမ်း စိတ်ဓာတ်ကျနေ တိုက်လိုစိတ်မရှိဘူး။အချင်းချင်းကြားမှာလည်း အမိန့်နာခံမှုတွေ ပျက်ပြားနေတာတွေ့ရှိရပါတယ်။
မေး – မူးယစ်ဆေးတွေက စစ်ကောင်စီကပဲ သုံးစွဲဖို့ ပေးပို့ထားတယ်လို့ ထင်လား။
ဖြေ – အဲဒီလိုပဲယူဆစရာ ဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ပင်လဉ်ဘူးမြို့ထဲမှာ ဝန်းရံပိတ်ဆို့ထားတဲ့အတွက် သူတို့မှာ ရိက္ခာတို့ဘာတို့လာတယ်ဆိုတာ လေကြောင်းကပဲလာတာဆိုတော့ အဲဒီကပဲပါတယ်လို့ ယူဆစရာဖြစ်တာပေါ့။
မေး – စစ်ကောင်စီတပ်ရင်း ၁၁ ရင်းလောက်အသုံးပြုတယ်လို့တွေ့ရတော့ ပင်လည်ဘူးတိုက်ပွဲအစအဆုံးမှာ စစ်ကောင်စီအင်အားက ရှမ်းနီအဖွဲ့အပါအဝင် ဘယ်လောက်လောက်ရှိခဲ့လဲ။
ဖြေ – ၇၀၀ နဲ့ ၁၀၀၀ကြားမှာတော့ရှိလိမ့်မယ်။
မေး – ပင်လည်ဘူးမှာ စစ်ကောင်စီအင်အားအများကြီးသုံးပေမယ့်နိုင်အောင်တိုက်နိုင်တဲ့ အဓိကအချက်က ဘာဖြစ်မလဲ။
ဖြေ – အဓိကအချက်ကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ပါဝင်မှု ဖြစ်ပါတယ်။နောက်တစ်ခုကတော့ ကျွန်တော်တို့ PDFရဲဘော်များ ပကဖ ရဲဘော်များရဲ့ ကျားကုတ်၊ ကျားခဲတိုက်ခိုက်နိုင်မှုနဲ့ နောက်တစ်ခါ ဒီစစ်ဆင်ရေး ကိုကွပ်ကဲကြသူတွေရဲ့ နည်းဗျူဟာကျွမ်းကျင်မှု။ နောက်တစ်ခါ တိုက်ပွဲတစ်ခုလုံးကို ခြုံငုံသုံးသပ်နိုင်မှု ဒီဟာတွေပါ ပါတယ်။ အဓိကကတော့ ပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ ပါဝင်မှုပဲ ဖြစ်ပါတယ်။
မေး – ပင်လည်ဘူးမြို့ရဲ့ လက်ရှိ မြို့ပေါ်အခြေအနေက ဘယ်လိုရှိနေလဲ။
ဖြေ – တစ်မြို့လုံးကတော့ ဒီသုံးနှစ်အတွင်းမှာ ရန်သူက လေကြောင်းအကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးထားတာ။နောက်ပြီးတော့ သူတို့ တပ်စွဲထားစဉ်အတွင်းမှာ အိမ်တွေ တိုက်တာအဆောက်အဦးတွေကို ဘူဒိုဇာနဲ့ ထိုးပြီးပစ်ကွင်းရှင်းထားတာတို့ မီးရှို့ ဖျက်ဆီးတာတွေကြောင့် မြို့ကတော့ ရာခိုင်နှုန်းတော်တော်များများ ပျက်စီးနေတာဖြစ်ပါတယ်။
မေး – ပင်လည်ဘူးလို မြို့သိမ်းတိုက်ပွဲ နောက်ထပ်ရည်မှန်းချက်ရော ရှိနေပြီလား။
ဖြေ – တိုက်ပွဲကတော့ တော်လှန်ရေးအင်အားစုတွေက နေ့စဉ်နဲ့အမျှ တိုက်ပွဲတွေတိုက်နေကြတာဖြစ်ပါတယ်။ ရန်သူရှိနေတဲ့နေရာတိုင်းကို ကျွန်တော်တို့က တိုက်နေမှာပဲဖြစ်ပါတယ်။တောင်ပေါ်မှာရှိရင် တောင်ပေါ်မှာတိုက်မယ်။ လယ်ထဲမှာရှိရင်လယ်ကွင်းထဲမှာ တိုက်မယ်။ မြို့ထဲမှာရှိရင်မြို့ထဲမှာ တိုက်မယ်။ လမ်းပေါ်မှာရှိရင်လမ်းပေါ်မှာ တိုက်မယ်။နေရာတိုင်းမှာ ရန်သူရှိနေတယ် စကစရှိနေတယ်ဆိုရင် ကျွန်တော်တို့နေရာတိုင်းမှာ တိုက်မှာဖြစ်ပါတယ်။
မေး – ပင်လည်ဘူးမြို့ကို ရက်ပေါင်းအတော်ကြာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်။ နောက်ထပ်မြို့အချို့ကိုလည်း သိမ်းပိုက်ထားတာရှိနေပါတယ်။ စစ်ကိုင်းတိုင်းရဲ့ လက်ရှိတော်လှန်ရေးအခြေအနေနဲ့ စစ်ကိုင်းတိုင်းရဲ့ စစ်ရေးအခြေအနေ၊ နယ်မြေစိုးမိုးမှုအခြေအနေကရော ဘယ်လိုရှိနေလဲ။
ဖြေ – စစ်ကိုင်းတိုင်းထဲမှာ သိမ်းယူထားတဲ့မြို့တွေ ရွှေပြည်အေးရှိမယ်၊ မြို့သစ်ရှိမယ်၊ ခမ်းပတ်ရှိမယ်၊ နောက်တစ်ခါ ဝေါ်လူးရှိတယ်။ပင်လယ်ဘူးရှိမယ်။မြစ်ဟိုဘက်ခြမ်းမှာဆိုရင် တကောင်းရှိမယ်။ သပိတ်ကျင်းရှိမယ်။စဉ့်ကူးရှိမယ်။ဒါတွေက ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ အမှတ်(၁)စစ်ဒေသကသိမ်းယူထားတဲ့မြို့တွေလို့ပြောလို့ရတယ်။နောက်ပြီးတော့ ကျေးရွာနဲ့ နယ်ပယ်အများစုဟာ ဒီနွေဦးတော်လှန်ရေး အင်အားစုများကစိုးမိုးထိန်းချုပ်ထားတာဖြစ်ပါတယ်။ မြို့ကြီးရွာကြီးအချို့လောက်ပဲ ရန်သူကစိုးမိုးနိုင်ပြီးတော့ ကျန်တဲ့ဧရိယာအများစုဟာ အမှတ်(၁)စစ်ဒေသနယ်မြေအတွင်းမှာ တော်လှန်ရေးဘက်ကကပဲ စိုးမိုးထိန်းချုပ်ထား တာဖြစ်ပါတယ်။
မေး – ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီး ပြည်သူကိုရော ဘယ်လို သတင်းစကားပါးချင်လဲ။
ဖြေ – ပြည်သူလူထုထောက်ခံမှု အခုလိုရှိနေမယ်ဆိုရင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အမြန်ဆုံးခရီးရောက်လိမ့်မယ်ဆိုတာလေး ပြောချင်ပါတယ်။
ကျေးဇူးတင်ပါတယ်။ ။
