လူအေး/People’s Spring
ချင်းကာကွယ်ရေးတပ် (CDF) ထန်တလန်စစ်ဦးစီးချုပ် ဆလိုင်းရမ်ဇာရ် (Ram Zel) သည် ထန်တလန်မြို့သိမ်းတိုက်ပွဲအတွင်း ကျဆုံးသွားခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (CDF) ရဲဘော်များထံမှသိရသည်။
ဆလိုင်းရမ်ဇာရ် (Ram Zel) သည်အောက်တိုဘာ ၁၂ ရက်က ထန်တလန်မြို့ပေါ် တိုက်ပွဲတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

Public Service Announcement
“NLD ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်တဲ့တိုက်ပွဲမှာလက်နက်ကြီးထိတာပါ” ဟု ချင်းကာကွယ် ရေးရဲဘော်တစ်ဦးကပြော သည်။
ဆလိုင်းရမ်ဇာရ်ကျဆုံးခြင်းနှင့် ပတ်သက်၍ ချင်းကာကွယ်ရေးရဲဘော်တစ်ဦးက ” ချင်းမြေတည်တံ့၊တည်ရှိနေသ၍ Generation အဆက်ဆက်မှာ သူရဲကောင်းကြီးရဲ့အမည်နာမ မပျောက်ပျက်စေရဘူး။ ငြိမ်းချမ်းစွာ အနားယူနှင့်ပါ” ဟု လူမှုကွန်ရက်၌ရေးသားထားသည်။
CDF ထန်တလန် စစ်ဦးစီးချုပ် ကျဆုံးမှု အပေါ် ဝမ်းနည်းကြောင်း ချင်းဒေသကာကွယ်ရေးတပ်-မင်းတပ်(CDF-Mindat)တပ်မှူး တစ်ဦးဖြစ်သည့် ဆလိုင်းနိုင်းတမ်ကလည်း လူမှုကွန်ရက်၌ ရေးသားထားသည်။
စစ်ဦးစီးချုပ်တစ်ဦး ရှေ့တန်း၌ ကျဆုံးခဲ့မှု အပေါ် နှမျောဝမ်းနည်းမိသကကဲ့သို့ ဂုဏ်ယူနေမည်ဖြစ်ကြောင်း CDF Mindat စစ်ဒေသမှူး နိုမ်းတမ်က ရေးသားထားသည်။
“ချင်းတွေမကွဲပြားကြဘဲ ချင်းလူမျိုးတွေအတွက်အတူတကွအကောင်းဆုံးလုပ်ဆောင်နိုင်ကြဖို့ ကောင်းကင်နိုင်ငံကနေ ခွန်အားတွေပေးသနားဖို့ပြောပေးပါအလေးနီပြုပါတယ် သူငယ်ချင်းရေ” ဟု ဆလိုင်းနိုင်းတမ်က ရေးသားထားသည်။
ထန်တလန်မြို့တွင် အောက်တိုဘာလဆန်းမှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး ထန်တလန်မြို့၊ CB ဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အောက်တိုဘာလ ၇ ရက်နေ့တွင် ထန်တလန် CDF ပါဝင်သည့် ချင်းတော်လှန်ရေးပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီသည် NLD ပါတီရုံးအဆောက်အအုံနှင့် ရဲစခန်းအတွင်း ဆက်လက်တပ်စွဲထားပြီး ယင်းနှစ်နေရာကို ချင်းကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်နေခြင်းဖြစ်သည်။
စစ်ကောင်စီသည်ထန်တလန်မြို့မကျစေရေးအတွက် လေကြောင်းမှအပြင်းအထန်ပစ်ခတ်နေသလို လူ၊လက်နက်နှင့်ရိက္ခာများလည်း လေကြောင်းမှပို့ဆောင်နေကြောင်းသတင်းရရှိသည်။
CDF မင်းတပ်သည် ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဖြစ်ပြီး CDF ထန်တလန်သည် ချင်းပြည်ကောင်စီ တပ်ပေါင်းစုအဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်သည်။ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ပြဿနာအချို့ ဖြစ်ပွားခဲ့ပြီး ယခုနှစ်ဇွန်လတွင်တိုက်ပွဲ အချို့ဖြစ်ပွားခဲ့သည့် ချင်းလက်နက်ကိုင် အစုအဖွဲ့များဖြစ်သည်။ လက်ရှိတွင် နှစ်ဖက် ပြေလည်မှုရရှိရေး ပထမအကြိမ်တွေ့ဆုံဆွေးနွေးထားသည်။
