close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် ၃ဦးကို အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်း PNLO/PNLA ကြေညာ

ထုတ်ပယ်ခံရသူများ ၂၀၂၆တွင်ကျင်းပမည့် အဖွဲ့ညီလာခံ၌ အယူခံခွင့်ရှိဟု အသိပေး

စစ်ခေါင်းဆောင်း မင်းအောင်လှိုင်နှင့် တွေ့ဆုံနေသည့် ဗိုလ်မှူးကြီးခွန်ဥက္ကာ(ခေါင်းပေါင်းအနီ)အား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO/PNLA) ဦးဆောင်နာယက အဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး(၁) ဗိုလ်မှူး ခွန်မင်းသိမ်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၂) နန်းယဉ်ယဉ်စိုးတို့အား အဖွဲ့ဝင် ၊ တပ်ဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း PNLO/PNLAက ယနေ့ ကြေညာချက်ထုတ်ပြန်သည်။

ယခင် PNLO နာယက အဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကကာအဖွဲ့၏ အရေးပေါ်အခြေအနေတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)(NCA-S)ကို ပြန်လည်ဖွဲ့စည်းလိုက်ကြောင်း အောက်တိုဘာ ၉ရက်တွင် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် PNLO/PNLAက ယခု ကြေညာချက် ထုတ်ပြန်လာခြင်းဖြစ်သည်။

အောက်တိုဘာ ၁၁ရက်နှင့် ၁၂ရက်တွင်ဗဟိုကော်မတီနှင့် တပ်မှူးများ အရေးပေါ် အစည်းအဝေးကျင်းပပြီး PNLO အမည်ကို အလွဲသုံးစားပြု၍ PNLO NCA-S ဟူသောအဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့သောကြောင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ အပါအဝင် သုံးဦးကို အဖွဲ့မှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်ဟု PNLO/PNLAက ကြေညာသည်။

Public Service Announcement

Public Service Announcement

ထိုသို့ အဖွဲ့သစ် ဖွဲ့စည်းခြင်းမှာ PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် ဤဗဟိုကော်မတီနှင့်တပ်မှူးများအရေးပေါ်အစည်းအဝေး၌ PNLO ၏ အခြေခံမူနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖေါက်သော ဖြားခွန်ဥက္ကာ၊ ခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့ (၃) ဦးအား အဖွဲ့ချုပ်မှ ပေးအပ်ထားသော ရာထူးနှင့်တာဝန် အရပ်ရပ်တို့ကို ရုပ်သိမ်းပြီး အဖွဲ့ချုပ်၏ အဖွဲ့ဝင်၊ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ကြောင်းနှင့် ထုတ်ပယ်ခံရသူ (၃)ဦးသည် လာမည့် PNLO၏ စတုတ္ထအကြိမ်ညီလာခံတွင် အယူခံဝင်ခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့သည်ဟု ကြေညာခဲ့သည်။

“အဓိကကတောညီလာခံကရွေးချယ် တင်မြှောက် ထားတဲ့ ခေါင်းဆောင်တွေမို့လို့။ ညီလာခံ တစ်ခုနဲ့တစ်ခုကြားကတော့ ဗဟိုကော်မတီက အမြင့်ဆုံးအာဏာပိုင်ပေါ့လေ အဖွဲ့မှာ။ ညီလာခံက ရွေးချယ်ထားတဲ့ ခေါင်းဆောင်ဆွေမို့လို့ ညီလာခံမှာ ပြန်ပြီးတော့မှ အတည်ပြုရမယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းအရပါ” ဟု PNLO/PNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးခွန်အောင်မန်းက ထုတ်ပယ်ခံရသည့် ခေါင်းဆောင်များ အယူခံခွင့်ပေးထားသည့် အခြေအနေကို ပြောပြသည်။

PNLO ညီလာခံကို ၄နှစ်တစ်ကြိမ် ပုံမှန် ကျင်းပလျက်ရှိရာတတိယ အကြိမ်ညီလာခံကို ၂၀၂၂ တွင် ကျင်းပခဲ့ပြီးဖြစ်၍ ၂၀၂၆ တွင် စတုတ္ထအကြိမ်ညီလာခံ ကျင်းပမည်ဖြစ်သည်ဟု ဆိုသည်။

PNLO ၏ ဦးဆောင်နာယက တာဝန်ယူထားသော ဗိုလ်မှူးကြီးခွန်ဥက္ကာသည် ၂၀၂၄ ခုနှစ် စက်တင် ဘာလ (၁၀) ရက်နေ့ ရက်စွဲဖြင့် စက်တင်ဘာလ (၁၅ရက်တွင် အဖွဲ့ချုပ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ဗိုလ်မှူးခွန်မင်းသိမ်းနှင့် တွဲဖက် အထွေထွေအတွင်းရေးမှူး (၂)နန်းယဉ်ယဉ်စိုးတို့သည် ၂၀၂၄ စက်တင်ဘာ ၁၁ရက်တွင် ကျင်းပခဲ့သော PNLO ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အထူးအစည်းအဝေး၌ အဖွဲ့ချုပ်မှနုတ်ထွက်ကြောင်းကို နှုတ်အားဖြင့် အသီးသီးတင်ပြခဲ့ကြောင်း၊ အဖွဲ့ချုပ်၏ တပ်ဖွဲ့ဝင် အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီးခွန်ဥက္ကာ၊ ဗိုလ်မှူးခွန်မင်းသိမ်းနှင့် နန်းယဉ်ယဉ်စိုးတို့အား နုတ်ထွက်ခွင့်ပြုကြောင်း ဗဟိုကော်မတီအစည်းအဝေးမှ ဆုံးဖြတ်အတည် မပြုမှီကာလတွင် ယခုကဲ့သို့ အဖွဲ့သစ် ဖွဲ့စည်းခြင်းကြောင့် ၎င်းတို့က ထုတ်ပယ်ခြင်းဖြစ်ကြောင်း PNLAက ရှင်းပြထားသည်။

ဖြားခွန်ဥက္ကာဦးစီးဖွဲ့စည်းသော PNLO-NCA-S သည်တရားဝင်မှု မရှိသည့်အပြင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဟူသောအမည် ထည့်သွင်းအသုံးချမှုကိုဆန့်ကျင်ကန့်ကွက်ကြောင်းနှင့် အဖွဲ့ချုပ်အမည်အား အသုံးပြုခြင်းကို ခွင့်မပြုကြောင်းလည်း ထုတ်ပြန်ကြေညာသည်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာက၏ အောက်တိုဘာ ၉ရက် အဖွဲ့သစ်ဖွဲ့စည်းကြောင်းကြေညာချက်တွင် လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန်သည် အဖွဲ့၏မူဝါဒလမ်းစဉ်များနှင့် သွေဖယ်လျက် (NCA)ကိုပစ်ပယ်ပြီး ပအိုဝ်းအမျိုးသားတို့၏အေးချမ်းသာယာ ဖွံ့ဖြိုးမှုကို ထိခိုက်စေသော ဒေသတွင်းတိုက်ပွဲများဖော်ဆောင်လာရာ ပအိုဝ်းအမျိုးသားဒေသအများစုမှာ တည်ငြိမ်အေးချမ်းမှု ပျက်ပြား ခဲ့ရပြီး ဒေသခံများ၏ အသက်အိုးအိမ် စည်းစိမ်များလည်း ဆုံးရှုံးခဲ့ရကြောင်းဖော်ပြထားသည်။

ထို့ကြောင့် PNLO-NCA-S ကို ဖွဲ့စည်းပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းစဉ်နှင့်အညီ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်းဗိုလ်မှူးကြီးခွန်ဥက္ကာက ကြေညာခဲ့သည်။

PNLO/PNLA၏ ယနေ့ထုတ်ပြန်ချက်တွင် PNLO သည် စစ်ကောင်စီက အာဏာသိမ်းပြီးချိန်မှစ၍ NCA ပါ သဘောတူညီချက်များကို အကောင်အထည်ဖော်နိုင်သည့်အခင်းအကျင်းမရှိတော့သော်လည်း NCA ၏ အနှစ် သာရ (၃) ချက်ဖြစ်သော နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းရေး၊သက်ဆိုင်သူအားလုံးပါဝင်သည့် အဓိပ္ပါယ်ပြည့်ဝသော နိုင်ငံရေးဆွေးနွေးပွဲများဖြစ်မြောက်ရေး၊အရပ်သားများအကာအကွယ်ပေးရေးတို့ကို ၂ဝ၂၄ ခုနှစ် ဇန္နဝါရီလ(၂၀) ရက်နေ့ထိ (၃) နှစ်တိုင်တိုင် ပါဝင်ကြိုးပမ်းခဲ့ကြောင်း အသိပေးသည်။

စစ်တပ်ဩဇာညောင်းသော ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု အခင်းအကျင်းတွင် (၈) နှစ်တိုင် တိုင် မျှော်လင့်ချက်ကြီးစွာဖြင့် စိတ်ရောကိုယ်ပါ ပါဝင်လုပ်ဆောင်ခဲ့သော်လည်းအာမခံချက်ရှိ သော နိုင်ငံရေးရလဒ်များ ရရှိခဲ့ခြင်းမရှိသည့်အပြင် နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်များကို စစ်ကောင်စီက လက်နက်အားကိုးဖြင့် ဖျက်ဆီးနေသောကြောင့် ပအိုဝ်း အမျိုးသားလွတ်မြောက်မှု တတိယတော်လှန်ရေးအား ဦးဆောင်ဆင်နွဲရန် ၂၀၀၉ ခုနှစ် ပအိုဝ်း အမျိုးသားညီလာခံကြီးက ချမှတ်ပေးထားသော အခြေခံမူများနှင့်အညီ PNLO သည်

လက်နက် ကိုင်တော်လှန်ရေးလမ်းစဉ်ကို ပြန်လည်ဆင်နွဲနေခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာ ၏ စွပ်စွဲချက်အပေါ် PNLO/PNLAက ပြန်လည်ရှင်းလင်း အသိပေးခဲ့သည်။

ထို​ကြောင့် PNLO/PNLA သည် ​တော်လှန်​ရေးအင်အားစုများနှင့်ပူး​ပေါင်း၍ ၂၀၂၄ ဇန်နဝါရီလကုန်ပိုင်းမှစ၍ စစ်​ကောင်စီကို စတင်ခုခံ​တော်လှန်ခဲ့သည်။ NCA လက်မှတ်ထိုးထားခဲ့ပြီးစစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း စစ်​ကောင်စီနှင့် ပုံမှန်ထိ​တွေ့ ဆက်ဆံ​နေ​သော လက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့အနက် PNLO/PNLA သည် စစ်​ကောင်စီကိုပထမဆုံးခုခံ​တော်လှန်​သောအဖွဲ့ဖြစ်လာသည်။ ခွန်ဥက္ကာကမူ အဖွဲ့မှ နှုတ်ထွက်​ကြောင်း​ကြေညာပြီး ​နေပြည်​တော်သို့သွား၍ စစ်​ကောင်စီနှင့်​တွေ့ဆုံ​ဆွေး​နွေးခဲ့ပြီး အဖွဲ့သစ်ဖွဲ့စည်း​ကြောင်း​ကြေညာလာခြင်းဖြစ်​ကြောင်းစုံစမ်းသိရသည်။

ဆက်စပ်သတင်းများ

သတင်း

PNLOသည် စစ်ကောင်စီ၊ PNOတို့ကို ဆန့်ကျင်တိုက်ခိုက်နေ၍ နှုတ်ထွက်ခြင်းဖြစ်ကြောင်းဖော်ပြ

Facebook