မိုးမိုး/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ၌ ယနေ့(အောက်တိုဘာ ၁၄ရက်)တွင် တိုက်ပွဲများ ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
“ဒီနေ့တော့ အားရပါးရတိုက်နေကြတယ်။ ပန်ဝါဘက်မှာ လေယာဉ် သုံးစီးနဲ့သွားပစ်နေတယ်။ ဂျက်ဖိုက်တာရော Y12ရော အဲဒါ သုံးစီးနဲ့သွားပစ်နေတာ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
KIAသည် စက်တင်ဘာလကုန်ပိုင်း၌ ချီဖွေမြို့၊ အောက်တိုဘာ လဆန်း၌ ဆော့လော်မြို့ကို သိမ်းပိုက်ပြီးနောက် ချီဖွေ- ပန်ဝါကြားရှိ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်စခန်းများအား ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
” ပန်ဝါမရောက်ခင် လုပီနားမှာ အဲဒီမှာ တပ်စခန်း(၁၀၀၂)ရှိတယ်။ အဲဒီ တပ်စခန်းမှာအကြီးအကျယ်ဖြစ်နေတာ။ KIA တွေက သိမ်းဖို့လုပ်နေတာ မင်းအောင်လှိုင်ဘက်ကလေယာဉ်နဲ့ သွားပစ်နေတာ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KNG သတင်းဌာန၏ ပန်ဝါတိုက်ပွဲသတင်းဖော်ပြချက်တွင် ယနေ့(အောက်တိုဘာ ၁၄ရက်) နံနက် ၁၁နာရီ ဝန်းကျင်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲနေကြောင်း၊ နယ်ခြားစောင့်တပ်(၁၀၀၂) တပ်ရင်းနေရာ၌ KIA ပူးပေါင်းတပ်နှင့် ပြည်သူ့စစ်အကြား တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ရက်ရှိပြီဖြစ်ကြောင်း ပါရှိသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပန်ဝါဒေ၌ KIA စစ်ကြောင်းများလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေး လုပ်ဆောင်လျက်ရှိကြောင်းပြောကြားထားသည်။ ပန်ဝါဒေသ စစ်ရေး အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
KIA ပူးပေါင်းတပ်သည် စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်သည့် ကချင်အထူးဒေသ(၁)နယ်မြေ၌ ပါဝင်သည့် ဆဒုံးဒေသရှိ စစ်ကောင်စီတပ်စခန်း၊ ပြည်သူ့စစ်စခန်းနှင့် နယ်ခြားစောင့်တပ်စခန်း ၂၀ကျော်ကို ဇွန်လအတွင်းက တိုက်ခိုက်သိမ်းပိုက်ထားသည်။ ထို့အပြင် စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်း ချီဖွေ၊ဆော့လော် မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ ဗျူဟာစခန်းအပါအဝင် တပ်စခန်း ၁၃ ခုထက်မနည်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ထားသည်။
















































