ဓာတ်အားလိုင်းမချိတ်ထားတဲ့ ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေစုပုံထားတဲ့ ရွာလမ်းဘေးက သစ်သားအိမ်အိုကြီးတစ်လုံးထဲမှာ ကျောင်းသားငယ်အယောက် ၂၀ လောက်က မူလတန်းအဆင့် သင်္ချာပုဒ်စာတွေ ကြိုးကြိုးသားစားတွက်ချက်နေကြပါတယ်။
ကုန်စုံဆိုင်လေးဖွင့်ထားတဲ့ အိမ်အိုကြီးထဲမှာ အသက် ၂၇ အရွယ် ကျောင်းဆရာမလေးတစ်ဦးက ကလေးတွေကို စာသင်နေပါတယ်။သူက မချယ်ရီလို အမည်လွှဲပေးထားတဲ့ စီဒီအမ်ကျောင်းဆရာမလေးတစ်ဦးဖြစ်ပါတယ်။ ဈေးဝယ်လာသူတွေကို ဈေးရောင်းလိုက် ကလေးတွေကို စာသင်လိုက်နဲ့ မချယ်ရီ တစ်ယောက် အလုပ်ရှုပ်နေပါတယ်။
“အရင်က ဒီရွာမှာ အလယ်တန်းအဆင့်အထိကျောင်းဖွင့်ထားတယ်။ ဒီရွာက ကျောင်းအုပ်ကြီးက အာဏာသိမ်းပြီးတော့ ကျောင်းအလုပ်ကိုမလုပ်ဘဲ ရွာမှာ တောင်ယာပဲလုပ်နေတော့တယ်။ ဒါကြောင့် ဒီကလေးတွေအတွက် ပညာရေးကို ကျွန်မက တာဝန်ယူပေးနေရတယ်”လို့ သူကပြောပါတယ်။

Public Service Announcement
သူက ဂန့်ဂေါခရိုင်ထဲက တောင်ယောဒေသမှာရှိတဲ့ ကျေးရွာကတစ်ရွာက CDMကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။ အရင်က ဒီကျောင်းမှာ အလယ်တန်းပြ ဆရာမလုပ်ခဲ့တာပါ ။စစ်တပ်အာဏာသိမ်းပြီးတော့ ကျောင်းကိုဦးဆောင်မယ်သူ့လိုအပ်လာတဲ့အခါရွာကျောင်းတာဝန်ခံအနေနဲ့ ကျေးရွာထဲက ကလေးတွေကို စာသင်ပေးနေပါတယ်။
ဒီရွာက စာသင်ပေးဖို့ မြို့နယ်အဆင့် ပညာရေးတာဝန်ခံက သူကို တာဝန်ပေးထားတယ်လို သူကဆိုပါတယ်။ ဒီလိုသင်ကြားပေးဖို့လည်း ရွာက ထောက်ပံ့တဲ့ ထောက်ပံ့ကြေးအနည်းငယ်ကိုသာ သူကယူပြီး စာသင်ပေးနေတာဖြစ်ပါတယ်။
စာသင်ရာမှာလည်း စစ်ကောင်စီရဲ့ လေကြောင်းက ဗုံးကျဲမှာကြောက်ရွံလို့ ရွာစာသင်ကျောင်းမှာ မသင်ဘဲ သူရဲ့အိမ်မှာပဲ စာသင်ပေးနေတာပါ။
ဒီရွာလေးဟာ ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ကမ္ဘာ့ဘဏ်ချေးငွေနဲ့ ကျေးရွာလျှပ်စစ်မီးရရှိရေး စီမံချက်မှာပါဝင်ခဲ့တဲ့ ရွာတစ်ရွာဖြစ်ပါတယ်။ဒါကြောင့်လဲ ရွာထဲမှ လျှပ်စစ်မီးမရပေမယ့် ဓာတ်တိုင်တွေ၊ ဓာတ်ကြိုးတွေကိုတွေ့နေရတာပါ။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီ ၁ရက်မှာ စစ်တပ်အာဏာသိမ်းလိုက်တာကြောင့် လျှပ်စစ်မီးရရှိမယ့် အိမ်မက်လည်းပျက်ပယ်သွားသလို ကျေးရွာထဲမှာရှိတဲ့ စာသင်ကျောင်းမှာလဲ စာအံ့သံတွေ ရပ်သွားပါတယ်။ ဒီစာအံ့သံတွေကို ပြန်လည် ထွက်ပေါ်လာစေတဲ့သူက စီဒီအမ်ဆရာမ မချယ်ရီဖြစ်ပါတယ်။ သူ့ဇာတိချက်ကြွေမွေးရပ်မြေရွာလေးမှာ မူလတန်းကနေစပြီး အလယ်တန်းအဆင့်အထိ ကျောင်းသား ၈၀လောက်ကိုသူတစ်ယောက်တည်း စာသင်ပေးနေတာဖြစ်ပါတယ်။
သင်ရိုးတွေက အမျိုးသားညီညွတ်ရေးအစိုးရက သတ်မှတ်ထားတဲ့ သင်ရိုးအတိုင်း သင်ကြားနေတာလိုတော့ ပြောပါတယ်။ မချယ်ရီက အသက် ၇၅နှစ်ကျော်အရွယ် အမေအိုနဲ့ နေထိုင်ကြတာပါ။ မိသားစုစားဝတ်နေရေးအတွက် အိမ်မှာဖွင့်ထားတဲ့ ကုန်စုံဆိုင်ကရတဲ့ ဝင်ငွေနဲ့ ဖြေရှင်းပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ၂၀၂၄ခုနှစ်ဩဂုတ် ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ကြားကာလပြည်သူအခြေပြုကျောင်းအရေအတွက် ၆၀၀၀၀ ခန့်ရှိပြီးတော့ ကျောင်းသားပေါင်း ခုနှစ်သိန်းခွဲကျော်ရှိတယ်လိုပြောပါတယ်။ ဒီအရေအတွက်က မြေပြင်နဲ့ အွန်လိုင်းက နှစ်ခုပေါင်းက အရေအတွက်ဖြစ်တယ်လို့ဆိုပါတယ်။
မချယ်ရီသင်ပေးနေတဲ့ ကျောင်းသားတွေက ဒီစာရင်းထဲမှာပါတယ်လို့ ဆိုရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအတွက် ဝန်ကြီးဌာနက ထောက်တာတွေမလုပ်ပေးပေမယ့် ကျောင်းသားစာရင်းကို မြို့နယ်ပညာရေးဌာနကို တင်ပေးရတယ်လို့ သူကဆိုပါတယ်။
ဒီလိုကြားကာလပြည်သူအခြေပြုစာသင်းကျောင်းတွေမှာ စာသင်ပေးတဲ့ ဆရာ/ဆရာမတွေက CDM လုပ်ထားတဲ့ ဝန်ထမ်းတွေနဲ့ ရပ်ရွာက ခန့်အပ်ထားတဲ့ စေတနာဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဒီကြားကာလပြည်သူအခြေပြုကျောင်းတွေကို လက်ရှိအချိန်မှာ ဦးဆောင်နေသူတွေက ရှေ့တန်းက ဆရာ/ဆရာမတွေနဲ့ ရပ်မိရပ်ဖတွေဖြစ်တယ်လိုဆိုပါတယ်။ ပညာရေးဝန်ကြီးဌာနက နောက်တန်းကပဲ ပံ့ပိုးချိတ်ဆက်ဆောင်ရွက်တာပါလို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကပြောပါတယ်။
လက်ရှိအချိန်အထိ CDM ပြုလုပ်ထားတဲ့ ပြည်သူ့ဝန်ထမ်း ၁၃၀,၀၀၀ ကျော်ရှိနေပြီး ဒီထဲမှာ ပညာရေးဝန်ထမ်းအင်အားစုက အကြီးမားဆုံးအင်အားစုဖြစ်တယ်လို့ ဩဂုတ် ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ကြားကာလပညာရေးကို ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်နေချိန်ကစတင်ပြီး အိမ်မှာသင်တာ၊ အွန်လိုင်းက သင်ကြားရင်းစခဲ့တယ်လို့ သူကပြောပါတယ်။ အခုချိန်မှာ နယ်မြေစိုးမိုးမှုရလို့ မြေပြင်သင်ကြားရေးတွေ လုပ်လာနိုင်တယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
ဒီလိုခက်ခက်ခဲခဲတွေအကောင်အထည်ဖော်ချိန်မှာ စစ်ကောင်စီက ဒီအကောင်ထည်ဖော်မှုတွေကို ဖျက်ဆီးတာရှိတယ်လို့လည်းပြောပါတယ်။
“တဖက်ကလည်း အမျိုးမျိုးဖျက်စီးပါတယ်။ စိန်ခေါ်မှုတွေရှိပါတယ်။ ကျောင်းတွေကို ဗုံးကျဲတယ်။ ဖျက်စီးတယ်။”လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
စစ်ကောင်စီက လူမမယ်ကလေးတွေကိုတောင် ဗုံးကျဲတဲ့ သမိုင်းတင်တဲ့လုပ်ရပ်တွေလုပ်နေလို့ ဗုံးခိုကျင်းတွေ တူးပြီးစာသင်နေရတယ်လို့လည်း ဝန်ကြီးကဆိုပါတယ်။
လက်ရှိချိန်မှာ မြို့ပေါင်း ၈၀ ခန့်နဲ့ ကျေးလက်ဒေသနဲ့ဆိုရင် နိုင်ငံရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ ၇၀ ကြားလောက်ကို ထိန်းချုပ်နိုင်လို့ ဒီဒေသတွေမှာ ကြားကာလ ပညာရေးစနစ်တွေအကောင်အထည်ဖော်နေတယ်လို့ ဒေါက်တာဇော်ဝေစိုးကသြဂုတ်လလယ်ပိုင်း သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ အောက်တိုဘာလ ဒုတိယပါတ်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက နွေဦးတော်လှန်ရေးကာလမှာသိမ်းထားတဲ့ မြို့ပေါင်း အနည်းဆုံး ၈၂ မြို့အထိရှိလာပြီဖြစ်ပါတယ် ။
ကြားကာလ ပညာရေးစနစ်ကို အကောင်အထည်ဖော်တဲ့အချိန်မှာ အောက် ခြေက အထက်ကို အဆင့်ဆင့်တဲ့ဖက်ဒရယ်ပညာရေးစနစ်ကို စတင်အကောင်အထည်ဖော်နေတယ်လို့ ဝန်ကြီးကဆိုခဲ့ပါတယ်။
လွတ်မြောက်နယ်မြေတွေမှာ ကျောင်းဖွင့်လှစ်ခြင်းက အပြောလွယ်သလောက် အလုပ်ခက်တယ်ဟု အညာဒေသရှိ မြို့နယ်ပညာရေးတာဝန်ခံတစ်ဦးကလူထုနွေဦးကိုပြောပါတယ်။ တချို့ဒေသတွေမှာအရပ်သားအစိုးရလက်ထက်ကစာသင်ကျောင်းတွေမှာပဲကျောင်းပြန်ဖွင့်နိုင်ပေမယ့်တချို့နေရာများတွင် မဖွင့်နိုင်ပဲ လူနေအိမ်တွေမှာသာ စာသင်ခန်းပုံစံနဲ့ ဖွင့်နေရတယ်လို့ သူကဆိုပါတယ်။
“စာသင်ကျောင်းတွေက လေကြောင်းပစ်မှတ်ဖြစ်စေဖို့ သူတို့မှာ မြေပုံညွန်းအတိအကျရှိတယ်လေ။ ဒါကြောင့် ဒီနေရာတွေမှာ လူအစုံအလိုက်အပြုံလိုက်မရှိအောင် ထားရတယ်။ ကျောင်းတွေ ပြန်ဖွင့်တယ်ဆိုတာ အဆောက်အဦီးအတွက် စဉ်းစားစရာမလို့ပေမယ့် အရမ်းစွန့်စားရတယ်”လို သူကပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးခဲ့ကတည်းက ၂၀၂၄ ခုနှစ် ဧပြီလအထိ စာသင်ကျောင်းတွေကို တိုက်ခိုက်မှုပေါင်း ၁၇၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ မြန်မာနိုင်ငံစစ်ရာဇဝတ်မှုတွေကို မှတ်တမ်းပြုစု နေတဲ့ Myanmar Witness က ဇူလိုင် ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုတွေမှာ လေကြောင်းကတိုက်ခိုက်တာ၊ မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်တာ ၊ ဒရုန်းနဲ့တိုက်ခိုက်တာတွေ အစုံပါတယ်လို့သိရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် ကလေးငယ်တွေအပါအဝင် လူပေါင်း ၆၄ ယောက်သေဆုံးပြီး ၁၀၆ ယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ ဒီအစီရင်ခံစာကဖော်ပြထားပါတယ်။စာသင်ကျောင်းတိုက်ခိုက်မှုတွေက စစ်ကိုင်းတိုင်းထဲမှာ အများဆုံးဖြစ်ပြီး တိုက်ခိုက်အားလုံး ၃၃ ရာခိုင်နှုန်း ရှိတယ်လို့ ဒီအစီရင်ခံစာက ရေးသားထားပါတယ်။ဒီကိန်းဂဏန်းပမာဏတွေက သူတို့ကောက်ယူနိုင်တဲ့ ပမာဏသာဖြစ်ပြီး မြေပြင်မှာဒီထက်ပိုများတယ်လို့ အစီရင်ခံစာကဆိုထားပါတယ်။
တော်လှန်ရေးတပ်များထိန်းချုပ်ထားတဲ့ လွတ်မြောက်နယ်မြေတွေမှာ ကလေးတွေအတွက် ပညာသင်ကြားရေးဟာ ဒီလိုစာသင်ကျောင်းတွေပဲရှိတာလို့ မကွေးတိုင်း၊ပေါက်မြို့နယ်၊ကျေးရွာတစ်ခုမှ အသက် ၅၄ နှစ်အရွယ် ဒေါ်သီ(အမည်လွှဲ)က ပြောပါတယ်။ တောင်သူမျိုးရိုးဖြစ်ပြီး တောင်ယာအလုပ်မှတပါးအခြားမလုပ်တတ်တဲ့ သူ့အတွက် သားသမီးပညာရေးဆိုတာ ရေးတတ်ဖတ်ရုံတာ ရည်ရွယ်ပါတယ်လို့ သူကဆိုပါတယ်။
“မြို့တက်ပြီး ကျောင်းတက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နိုင်ငံခြားကျောင်းသွားတတ်ဖို့ဆိုတာ တခါမှ မတွေးဘူးတဲ့ အတွေးပါရှင့်”ဟု ကွမ်းဂျိုးတက်နေတဲ့ သွားတွေပေါ်အောင်ရီပြရင်း သူက ပြောပါတယ်။ သူမှာ သားသမီးသုံးယောက်ရှိပြီး သမီးနှစ်ယောက်က ကြားကာလပြည်သူ့အခြေပြုစာသင်ကျောင်းလို့ခေါ်တဲ့ ရွာလည်က စာသင်တဲ့အိမ်မှာ Grade ၅ နဲ့ Grade ၈ ကိုတက်နေပါတယ်။
သမီးကြီးလည်းဖြစ် ဂရိတ် ၈ ကျောင်းသူကတော့ သူကြီးလာရင် ဆရာဝန်တစ်ဦးဖြစ်ချင်တယ်လို့ပြောတယ်။ အာဏာလု စစ်ကောင်စီရဲ့တပ်တွေကို တိုက်ခိုက်ရင်းမိုင်းထိပြီး ကိုယ်တခြမ်းသေနေတဲ့ သူ့အစ်ကိုအရင်း ကာကွယ်ရေးတပ်သားကြီးကို သူကိုယ်တိုင် ပျောက်ကင်းအောင် ဆေးကုသပေးချင်တယ်လို့ သူကဖွင့်ဟပါတယ်။
ဒါပေမယ့်အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြားကာလပြည်သူအခြေပြုစာသင်ကျောင်းတွေက ဒီလို အသက်မွေးဝမ်းကျောင်းပညာတွေ၊ အဆင့်မြင့်ပညာတွေသင်ကြားပေးဖို့ လက်လှမ်းမမှီသေးပါဘူး။
“ဒီက အခြေခံပညာတွေအောင်ပြီးသွားရင် ဘာဆက်လုပ်ရမလဲဆိုတာ ကျောင်းသားတွေမေးလာရင် ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်မမှာအဖြေမရှိသေးဘူး”လို ဆရာမလေး ချယ်ရီက စာအုပ်လေးကို လက်မှာပိုက်ရင်း ပြောပါတယ်။
ဒီနယ်မြေကကျောင်းသားတွေအတွက် အင်္ဂလိပ်စာ၊ သင်္ချာနဲ့ သိပ္ပံဘာသာရပ်တွေကိုသာ အဓိကထားသင်တယ်လို့ သူကဆိုပါတယ်။ စစ်ကောင်စီရဲ့ ဝါဒဖြန့်တဲ့ သမိုင်းမှားတွေကို မသင်ဘူးလို့ သူကဆိုပါတယ်။ ဒါအပြင် ဆရာဝန်၊ အင်ဂျင်နီယာအပါအဝင် အခြားအသက်မွေးဝမ်းကျောင်းပညာရပ်တွေ သင်ဖို့လည်း မလွယ်ဘူးလို့သူကပြောပါတယ်။
အခြေခံအဆင့် ပညာရေးပြီးဆုံးတဲ့ ကျောင်းသားတွေကို နိုင်ငံတကာတက္ကသိုလ်တွေက လက်ခံအောင် ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်ကဆိုပါတယ်။ ဒါပေမယ့် အညာဒေသက အခြေခံလူတန်းစားတွေအတွက်က လက်လှမ်းမမှီတဲ့ စိတ်ကူးယာဉ်မှုလို့ မချယ်ရီက ရီပြီးပြောပါတယ်။
လက်ရှိမှာ အဆင့်မြင့်ပညာရေးစနစ်ကို ကချင်၊ ကရင်နီ၊ ကရင်၊ မွန်နဲ့ ရှမ်းပြည်နယ်တို့မှာ သက်ဆိုင်ရာ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက တည်ထောင်ထားတာရှိတယ်လို့ ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒါပေမယ့်ဗမာတွေအများစုနေထိုင်တဲ့ တော်လှန်ရေးဗဟိုချက်မ အညာမှာတော့ အခြေခံပညာရေးစနစ်ကိုတောင် ပုံမှန်လည်ပတ်အောင်ရုန်းကန်နေရတယ်လို့ မြို့နယ်အလိုက် ပညာရေးတာဝန်ခံများကဆိုပါတယ်။
တော်လှန်ရေးကာလမှာ နယ်မြေထိန်းချုပ်မှုရရှိလာတာနဲ့ အမျှ နယ်မြေအတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေးတို့ကို စီမံခန့်ဖို့ တာဝန်ယူရတယ်လို့ မင်းဘူးခရိုင်တပ်ရင်းတခုမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ စနစ်ကိုတခုကို ဖယ်ရှားပြီးရင် အစားထိုးမယ့် စနစ်တခုကို ဖန်တီးထားရမယ်လို့ သူကပြောပါတယ်။ ဒီအထဲမှာ ကျန်းမာရေးပြီးရင် ပညာရေးက ဒုတိယလိုက်တယ်လို့ သူကဆက်ပြောပါတယ်။ ဒီလိုမလုပ်နိုင်ရင် ပြည်သူရဲ့ ယုံကြည်မှုပျောက်ဆုံးသွားမည်ဟုလည်း သူကဆိုပါတယ်။
“ဒီကာလမှ စာသင်တယ်ဆိုတာ တတ်အောင်သင်ပေးလိုက်တာပဲရှိမယ်။ အတန်းတင်ပေးတဲ့ စနစ်မဟုတ်ဘူး။ အသက်အရွယ်အလိုက် တတ်သင့်တဲ့ ပညာတွေကို သင်တာပဲရှိတယ်။ ကျောင်း
သားတွေကိုလည်း လက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ အမှန်တရားကိုလည်း ပြောပြထားတယ်။ မျှော်လင့်ချက်အမှားတွေလည်းမပေးချင်ဘူး”လို ဆရာမလေးချယ်ရီကတော့ တော်လှန်ရေးကာလ ပညာရေးအပေါ် သူရဲ့အမြင်ကိုပြောပါတယ်။
မချယ်ရီအနေနဲ့ တော်လှန်ရေးကို ယုံကြည်ပြီး ပြည်သူသာ အဓီကဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားကို လက်ခံတာကြောင့် တော်လှန်ရေးကာလအတွင်း တတ်သိထားတဲ့ ပညာရေးနဲ့ နိုင်ရာတာဝန်ကိုထမ်းဆောင်နေတာဖြစ်ပါတယ်။ ဒီလိုနိုင်ရာထမ်းဆောင်ရင်း နောင်မျိုးဆက်ကလေးငယ်တွေအပေါ်မှာ ပိုမိုကောင်းမွန်တဲ့ ပညာရေးစနစ်ကိုတည်ဆောက်လိုတဲ့လို ဆိုပါတယ်။
ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုတည်ဆောက်ဖို့ တော်လှန်ရေးကို အမြန်အပြီးသတ်လုပ်ဖို့လိုနေတယ်လိုဆိုပါတယ်။ တော်လှန်ရေးကြာလာတာနဲ့ အမျှ လူငယ်တွေ ပညာသင်ကြားခွင့်ဆက်လက်ဆုံးရှုံးမှာကို သူက မလိုလားဘူးလို ဆိုပါတယ်။
“လွတ်လွတ်လပ်လပ် ပညာသင်ယူနိုင်ခွင့်က ပညာရေးရဲ့ အခြေခံစံတန်ဖိုးတခုအနေနဲ့ ရှိတယ်လို့ ယူဆပါတယ်။နိုင်ငံရေးလွတ်လပ်ခွင့်၊လူမျိုးရေးအရ လွတ်လပ်ခွင့်အရမလုံလောက်ပါဘူးယူဆပါတယ်”လို့ အောက်တိုဘာ ၅ ရက်မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာများနေမှာ ပြောကြားခဲ့တဲ့ ယာယီသမ္မတကြီး ဒူဝါလရှီးလရဲ့ မိန့်ခွန်းထဲကလိုပဲ ကလေးတိုင်း လွတ်လပ်စွာပညာသင်ကြားခွင့်ကို မချယ်ရီတစ်ယောက်စောင့်မျှော်နေပါတယ်။ ။
