People’s Spring ဘာသာပြန်ဆိုသည်။
မကြာသေးခင်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC)ရဲ့ ဥက္ကဋ္ဌဖြစ်သူ မာဂျာနာ စပိုလ်ဂျာရစ် အက်ဂါက မြန်မာနိုင်ငံကို သွားရောက်ခဲ့သလို နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။
ဒီလုပ်ထုံးလုပ်နည်းတွေဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေက စစ်ကောင်စီနဲ့ ထိတွေ ဆက်ဆံမှုတွေမှာ ယိုပေါက်တွေ၊ ဟာကွက်တွေ နက်နက်ရှိုင်းရှိုင်း ရှိနေတာကို နောက်ထပ်တစ်ကြိမ် ထင်ဟပ်ပြလိုက်ပါတယ်။ အထူးသဖြင့် ရိုဟင်ဂျာ မျိုးနွယ်စုတွေအပေါ် နှစ်ရှည်လများ ဖိနှိပ်ပြီး လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ အပါအဝင် ဆိုးရွား ကြမ်းကြုတ်လှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူး
လွန်ခဲ့ပြီး ထိုက်သင့်တဲ့ တရားစီရင်မှု အောက်ကနေ ကင်းလွတ်ခွင့် ရနေတဲ့ ဆိုးသွမ်း အဖွဲ့အစည်းကြီးကို အစိုးရ သဘောမျိုး တရားဝင် နေရာပေး ဆက်ဆံတဲ့ အဓိပ္ပါယ် ဖြစ်လာနိုင်ကြောင်း စိုးရိမ်တကြီး ထောက်ပြမှုတွေ ရှိလာပါတယ်။

Public Service Announcement
စပိုလ်ဂျာရစ်ရဲ့ ခရီးစဉ်ဟာ စစ်တပ်က ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံ မြို့နယ်ထဲမှာရှိတဲ့ ဘန်ကောက် စစ်ဘေးရှောင် စခန်းပေါ်ကို ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချခဲ့ပြီး နောက်ထပ် တစ်ပတ် ကျော်ကျော်လောက်မှာ အထမြောက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီ လေတပ်ရဲ့ ဗုံးကြဲမှုကြောင့် သေကြေပျက်စီးခဲ့သူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးတွေလည်း ပါဝင်ခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီက စစ်ရှောင် စခန်းတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ဆောင်တဲ့ သတ္တမမြောက် လေကြောင်း တိုက်ခိုက်မှုပါ။ ဖေဖော်ဝါရီလတုန်းက ဒေါဆီးအီ အလယ်တန်းကျောင်းကို စစ်ကောင်စီက ဗုံးကြဲလို့ ကလေးငယ် ၄ ဦး သေဆုံးမှု အပါအဝင် နောက်ထပ် ဒါဇင်ပေါင်း များစွာသော လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါသေးတယ်။
ICRCနဲ့ ဆွေးနွေးမှုအပြီး စစ်ကောင်စီ ထိန်းချုပ်ထားရာ နိုင်ငံပိုင် မီဒီယာတွေက အဲဒီ ဆွေးနွေးမှုတွေဟာ ICRC အဆိုပြုခဲ့သလိုမျိုး ရခိုင်ပြည်နယ်ထဲမှာ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပို့ဆောင်ရေးဆိုတဲ့ အကြောင်းအရာနဲ့ ဆက်နွှယ်မှု မရှိဘူးလို့ ဆောင်းပါးတစ်ပုဒ်နဲ့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီဟာ ဂျနီဗာ ကွန်ဗန်းရှင်းမှာ သတ်မှတ် ပြဋ္ဌာန်းထားတဲ့ သဘောတူညီမှုတွေကို လေးစားလိုက်နာဖို့ စိတ်ပိုင်းဖြတ်ထားတယ် ဆိုတာမျိုးတွေသာ ရေးသားထားခဲ့ပါတယ်။
တစ်နည်းအားဖြင့် အခုလိုမျိုး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထိတွေ့ ဆွေးနွေးမှုတွေကို စစ်ကောင်စီက ကိုယ်ကျိုးအတွက် ခြယ်လှယ် အသုံးချနေတယ်ဆိုတာ ဒီအခြေအတွေက အတိုင်းသား မြင်သာစေပါတယ်။
လူသားချင်း စာနာမှု အထောက်အပံ့တွေ ကိစ္စကို စစ်ကောင်စီနဲ့ ဆွေးနွေးပြီး အဆင်ပြေလိမ့်မယ်လို့ ယူဆတယ် ဆိုရင်တော့ အရှိတရားကို သိမြင်နားလည်မှု အားနည်းတာ၊ ဒါမှမဟုတ် အထောက်အပံ့ကိစ္စကိုနိုင်ငံရေးနဲ့ ရောထွေးတာမျိုး အဓိပ္ပါယ်ဖြစ်သွားနိုင်ပါတယ်။ သီးခြားလွတ်လပ်တဲ့ သုတေသီ တစ်ဦးဖြစ်သူ အက်ဒလီနာ ကာမဲလ်က အခုလိုမျိုး လုပ်ထုံးလုပ်နည်းတွေအတိုင်း လှေကြီးထိုး ရိုးရိုးပုံစံ ရှေ့ဆက်နေတဲ့ နိုင်ငံတကာ အစုအဖွဲ့တွေရဲ့ ဘက်မလိုက် ဝါဒစွဲဆန်ဆန် ချဉ်းကပ်မှုတွေကြောင့် ပဋိပက္ခတွေက ပိုတောင် နက်ရှိုင်းသွားနိုင်တယ်လို့ ထောက်ပြခဲ့ပါတယ်။
လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ကဏ္ဍတွေမှာ နှစ်ရှည်လများ မြှုပ်နှံ အားထုတ်ခဲ့သူ ဒေါ်ဥမ္မာခင်ကလည်း အဲဒီ အတွေးအမြင်နဲ့ ပတ်သက်လို့ အလေးအနက် ထောက်ခံ ပြောကြားခဲ့ပါတယ်။ အာဏာသိမ်း မြန်မာစစ်တပ်နဲ့ ထိတွေ့ ဆက်ဆံတဲ့ နေရာမှာ ကြားနေ ဝါဒနဲ့ စကားပြောလို့ မရနိုင်ဘူးလို့ သူက ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစဉ်တစိုက် အတိအလင်း ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို ဘက်မလိုက်ဝါဒ၊ ကြားနေဝါဒတွေ ကိုင်ဆွဲရင်း ထိတွေ့ ဆက်ဆံတယ် ဆိုတာဟာ အန္တရာယ် ကြီးလွန်းတဲ့ လုပ်ရပ်မျိုးလို့ သူက ထောက်ပြသွားပါတယ်။
စစ်ကောင်စီနဲ့ ထိတွေ့ ဆွေးနွေးမှုတိုင်းဟာ တရားဝင်ဖြစ်စေ၊ အလွတ်သဘောဖြစ်စေ သင့်တော် မှန်ကန်မှု မရှိတဲ့အပြင် တကယ်တမ်း အထောက်အပံ့တွေ လိုအပ်နေတဲ့ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ ကောင်းကျိုးတွေအပေါ် ထိခိုက် သက်ရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အကြမ်း
ဖက် အစုအဖွဲ့တွေအဖြစ် နာမည်တပ်ခံထားရတဲ့ ဘယ်အင်အားစုနဲ့မှ ထိတွေ့ ဆက်နွှယ်စရာ မလိုဘဲ ဒေသအလိုက် ကယ်ဆယ်ရေးနဲ့ လူမှုကူညီရေး လုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနေတဲ့ ဒေသန္တရ အဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်မှုတွေကိုလည်း လျှော့တွက်ရာ ရောက်သွားပါလိမ့်မယ်။
နောက်ပြီး စစ်ကောင်စီနဲ့ ပူးပေါင်း လုပ်ဆောင်မှုတိုင်းဟာ သမိုင်းကြောင်း ရှည်လျားလှတဲ့ အာဏာရှင်ဆန်ဆန် အုပ်စိုးမှုတွေ၊ အခြေခံ လူ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုတဲ့ အဓိပ္ပါယ်မျိုး ဖြစ်သွားနိုင်ပါတယ်။ နောက်တစ်ချက်က စစ်အာဏာရှင်တွေဟာ အမျိုးသား ပဓာန ဝါဒမျိုးကို ပိုမိုလက်ကိုင်ပြုပြီး လူ့အဖွဲ့အစည်းအတွင်းမှာ အမျိုးသမီးတွေအပေါ် အကာအကွယ်ပေးမှုနဲ့ အမျိုးသမီးတွေရဲ့ ထဲထဲဝင်ဝင် ဆောင်ရွက်ပိုင်ခွင့်တွေကို ငြင်းဆန် ပိတ်ပင်ခဲ့ပါတယ်။
ICRCက ဘက်မလိုက်တဲ့၊ ကြားနေတဲ့၊ လွတ်လပ်တဲ့ မူဝါဒမျိုးကို ကိုင်ဆွဲကြောင်း ကြေညာထားပေမယ့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း (MRCS)ကတော့ စစ်တပ်နဲ့ အစဉ်အဆက် ပူးပေါင်း အလုပ်လုပ်ခဲ့တဲ့ သာဓကတွေ ရှိနှင့်ပြီးသားပါ။ စစ်တပ်ဟာ MRCSကို တပ်ဖွဲ့စည်းပုံ လက်အောက်မှာ ၁၉၉၆ ခုနှစ် ကတည်းက သွတ်သွင်းထားခဲ့ပါတယ်။ စိုးရိမ်စရာ နောက်တစ်ချက်ကတော့ MRCSရဲ့ လက်ရှိ ထိပ်ပိုင်း အမှုဆောင် ကော်မတီ အဖွဲ့ဝင်တွေ ဆိုတာဟာ အရင်က စစ်ဘက်ရာထူး လက်ကိုင် ရှိခဲ့သူတွေ ဖြစ်နေတာပါပဲ။
၂၀၂၁ ခုနှစ်တုန်းက အရပ်ဖက် အဖွဲ့အစည်း ၄၀၀ ကျော်လောက်ဟာ အိတ်ဖွင့် ပေးစာ တစ်စောင်ကို ပူးတွဲထုတ်ပြန်ပြီး MRCSကစစ်တပ်ရဲ့ တပ်မတော်နေ့ ချီတက်ပွဲတွေမှာ ပါဝင်ခဲ့တာကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပါတယ်။ ဒါဟာ အာဏာသိမ်းပြီး လပိုင်းလောက် အကြာမှာ ကြုံတွေ့ရတဲ့ အခြေအနေ ဖြစ်ပြီး စစ်တပ်က ဒီမိုကရေစီရေး ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ဖြိုခွင်းခဲ့တဲ့ နောက်ပိုင်း ကာလမျိုးမှာပါ။
အခုနှစ်ဆန်းပိုင်းမှာတော့ ကရင် အမျိုးသား အဖွဲ့ချုပ် (KNU)ရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီ (KNUဗဟို)က ကရင်ပြည်နယ်ထဲမှာ လူသားချင်း စာနာမှု ထောက်ပံ့ရေး အစီအမံတွေ လုပ်ဆောင်ရာမှာ MRCSဟာ ထိုင်းအစိုးရ၊ မြန်မာ စစ်ကောင်စီတို့နဲ့ ပူးပေါင်း ဆောင်ရွက်ခဲ့တယ် ဆိုတာကို ကြေ
ညာသွားပါတယ်။ KNU ဗဟိုကတော့ MRCS ဗန်းပြပြီး အထောက်အပံ့ ပစ္စည်းတွေ ဝေငှပြရုံနဲ့ ပြည်သူတွေရဲ့ ထိခိုက် ခံစားရမှုတွေက ပြောင်းလဲသွားမှာ မဟုတ်ကြောင်း၊ MRCSဟာ ကိုယ့်ပြည်သူကိုယ် ပစ်မှတ်ထား ရန်ပြုနေတဲ့ စစ်ကောင်စီနဲ့ လက်တွဲနေတာသာ ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ဝေးလံသီခေါင်တဲ့ ဧရိယာတွေထိ လူသားချင်း စာနာမှု အထောက်အပံ့တွေ ပေးပို့ဖို့ဆိုရင် ဒေသန္တရ အဖွဲ့အစည်းတွေနဲ့ ခိုင်မာ အားကောင်းတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ဖို့က အရမ်း အရေးကြီးပါတယ်။ ထိရောက်တဲ့ ရန်ပုံငွေ ထောက်ပံ့ပေးမှုတွေဟာ အဲဒီ အဖွဲ့အစည်းတွေက နယ်စပ်ဖြတ်ကျော် လူသားချင်း စာနာမှု အကူအညီ မစ်ရှင်တွေအတွက် ပူးပေါင်း ဆောင်ရွက်တာကိုလည်း အားပေးရာ ရောက်ပါလိမ့်မယ်။
နောက်ပြီး ဒေသန္တရ အဖွဲ့အစည်းတွေကို ထဲထဲဝင်ဝင် ပံ့ပိုးခြင်းအားဖြင့် အမှန်တကယ် လိုအပ်နေတဲ့သူတွေဆီ အကူအညီတွေကို ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ အတွင်းကို ပြန်ကြည့်မယ် ဆိုရင်လည်း ဒေသတွင်းက ဝန်ဆောင်မှု ထောက်ပံ့ရေး လုပ်ငန်းတွေနဲ့ အဖွဲ့အစည်းတွေဟာ စစ်အာဏာရှင်ရဲ့ ခွင့်ပြုချက်တွေကို ဘာမှ တကူးတက တောင်းခံနေစရာ မလိုဘဲ လူသားချင်း အထောက်အပံ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် စွမ်းဆောင်ပြခဲ့ဖူးပါတယ်။
ICRC ဥက္ကဋ္ဌ စပိုလ်ဂျာရစ်က စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေ၊ တောင်းဆိုမှုတွေကြောင့် ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ လူသားချင်း စာနာမှု အကူအညီတွေ ပေးပို့နိုင်ဖို့ ခက်ခဲပါတယ်လို့ ပြောနေတဲ့ အချိန်တွေမှာ ဒေသန္တရ အဖွဲ့အစည်းတွေက အဲဒီ လစ်ဟာမှုကို ထိထိရောက်ရောက် ဖြည့်ဆည်းပြနေပါတယ်။ လူ့အသက်တွေကို ကယ်တင်ဖို့အတွက် စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို တကူးတက စောင့်ဆိုင်းနေတယ် ဆိုတာဟာ အကျိုးမရှိသလို ပေးဆပ်မှုတွေလည်း ကြီးမားသွားစေနိုင်ပါတယ်။ ပြီးတော့ ထပ်ပြီးတော့လည်း အချိန်ဖြုန်း မနေသင့်တော့ပါဘူး။
ဒါကြောင့် ပဋိပက္ခ ဇုန်တွေမှာ လူသားချင်း စာနာမှု အကူအညီပေးရေး လုပ်ငန်းတွေ ဆောင်ရွက်ချင်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဟာ နယ်စပ်ဖြတ်ကျော် ထောက်ပံ့မှုတွေ ပေးပို့တာ၊ ဒေသန္တရ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်တာမျိုးတွေကို ပိုပြီး အလေးထားသင့်နေပါပြီ။ ပြည်သူလူထုအပေါ် စစ်ကောင်စီရဲ့ ဝတ္တရား ပျက်ကွက်မှုတွေကို မြင်ရုံနဲ့တင် အဲဒီ အဖွဲ့အစည်းမျိုးနဲ့ လက်တွဲပြီး လူသားချင်း စာနာမှု လုပ်ငန်းကိစ္စတွေကို မြှင့်တင် အကောင်အထည် ဖော်နိုင်မယ် ဆိုတာဟာ လက်တွေ့ မကျမှန်း သိမြင်နိုင်ပါလိမ့်မယ်။
မြန်မာနိုင်ငံ နယ်နိမိတ်ထဲမှာ ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကို အဖြေရှာရာမှာ စိတ်စေတနာ မှန်ကန်ရုံ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ICRC ဥက္ကဋ္ဌရဲ့ ခရီးစဉ်မျိုးဟာ အမျိုးသမီးတွေ ဦးဆောင် လှုပ်ရှားနေတဲ့ အစုအဖွဲ့တွေ အပါအဝင် မြန်မာနိုင်ငံထဲက လူသားချင်း စာနာမှု အကူအညီ ပေးသူတွေ၊ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်သူတွေရဲ့ ရဲရင့်မှုနဲ့ ရုန်းကန် အားထုတ်မှုတွေကို အထင်သေး ချိုးနှိမ်နေသလိုပါပဲ။ မကောင်းဆိုးရွားနဲ့ လက်ဆွဲနှုတ်ဆက်နေသ၍ သူတို့ ဆွဲကိုင်ထားတဲ့ ဘက်မလိုက်ဘဲ သမာသမတ် ကျချင်ပါတယ်ဆိုတဲ့ ရပ်တည်ချက်ဟာ ဘယ်သူ တစ်ဦးတစ်ယောက်ကိုမှ လက်တွေ့ ကယ်တင်နိုင်မှာ မဟုတ်ကြောင်း နိုင်ငံတကာ အသိုက်အဝန်း ခေါင်းဆောင်တွေ နားလည်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။ ။
(The Diplomat၏ Engagements With the Myanmar Military Undermine Localized Approaches to Humanitarian Assistance ဆောင်းပါးကို ဘာသာပြန်ဆိုသည်)
