Connect with us
close

Hi, what are you looking for?

LuduNwayOo

ရသ

ပိုနီးလာတဲ့ အာလုံးရဲ့ တနေ့

မေမေတစ်ယောက်ထဲကျန်ခဲ့တဲ့အိမ်ဆီ သူပြန်ချင်လှပြီ။ သူ့လိုပဲ ခေတ်ဆိုး စနစ်ဆိုးကြောင့် အိမ်ကစွန့်ခွာခဲ့ရသူတွေလည်း အိမ်ပြန်ချင်နေကြမှာသေချာတယ်။

ရေးသားသူ – ဂျာမုန်း

ရင်ထဲတလှပ်လှပ်နဲ့ စိတ်လှုပ်ရှားမှု၊ စိတ်အားထက်သန်မှု၊ ကြည်နူးမှုတွေနဲ့အတူ မျှော်လင့်ချက်အလင်းရောင် ဖျက်ကနဲလက်သွားတယ်။ အဲဒီနေ့က ဂျူလိုင် ၁၃ ရက်နေ့။
ဖေ့စ်ဘွတ်ခ်သုံးနေရင်း “ဝေမိုးကျော်”ဆိုတဲ့အကောင့်ပိုင်ရှင်တင်ထားတဲ့ ဓာတ်ပုံနဲ့စာက သူ့ခံစားချက်တွေကို လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့တဲ့ လက်သည်ပေါ့။ ဝေမိုးကျော်ဆိုတာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ်ဗျူဟာက ရဲဘော်တစ်ဦး။

“ Home … ၃ နှစ်ကျော်ကာလအတွင်း ရောက်ရှိခဲ့ပြီလေ။ ပျော်လွန်းလို့ထိန်းမရတော့ဘူး” ဆိုတဲ့စာနဲ့အတူ စစ်ကောင်စီက ချိတ်ပိတ်ထားတဲ့ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက သူ့အိမ်ကို ကိုယ်တိုင်သော့ဖွင့်ဝင်ရောက်ပြီး အိမ်ပြန်နိုင်ပြီဆိုတဲ့အကြောင်းကို ဓာတ်ပုံနဲ့တကွ တင်ထားတာ။

ဒါကိုမြင်တော့ ဘယ်ပြောကောင်းမလဲ ဝမ်းသာပီတိ ဂွမ်းစည်ထိရပေါ့။ ဖေ့စ်ဘွတ်ခ်တခွင်မှာ အားလုံးကလည်း ဒီအကြောင်းအရာတစ်ခုထဲကိုပဲ ပြောဆို မျှဝေကြပြီး ဝေမိုးကျော်အတွက် ဝမ်းသာရင်း ကိုယ်စီအတွက်လည်း ရင်ထဲက “တနေ့” ဆိုတဲ့ကာလကို အတွေးထဲမျှော်ကြည့်နေကြတာပေါ့။ သူ့အတွေးထဲမှာလည်း အတောင့်တရဆုံးဖြစ်တဲ့ အိမ်ပြန်နိုင်မယ့်နေ့ကို ပုံဖော်နေမိတယ်။

Public Service Announcement

Public Service Announcement

အိမ် ဆိုပြီး သူစဉ်းစားလိုက်တဲ့အခါ အမေက အိမ်ကိုအသက်ဝင်စေတဲ့ အဓိကဇာတ်လိုက်ပေါ့။ သူ့အတွက်တော့ အိမ်ဟာ မေမေပဲ။ မနက် မနက်တွေတိုင်း အိပ်ယာလာနှိုးတတ်တဲ့ မေမေ၊ အဆင်သင့် ခူးခပ်ပြီးသား မေမေပြင်ပေးတဲ့ ထမင်းစားပွဲ၊ အေးချမ်းလှတဲ့ မေမေ့ရဲ့ ဘုရားရှိခိုးသံ၊ သပ်သပ်ရပ်ရပ် ပြင်ဆင်ခြယ်သပြီး နေထိုင်တတ်တဲ့ သိပ်လှတဲ့ မေမေ့ရဲ့ပုံရိပ်၊ အပြင်ကနေ အိမ်ပြန်လာတိုင်း မေမေရေလို့ အော်ခေါ်ပြီး အရင်ရှာတတ်တဲ့ သူ့အဖို့ ချိုသာအေးချမ်းစွာပြန်ထူးတတ်တဲ့ မေမေ့အသံ၊ ဒီအကြောင်းတွေက သူ့ခေါင်းထဲ အစီအရီကျလာတယ်။ မေမေတစ်ယောက်ထဲကျန်ခဲ့တဲ့အိမ်ဆီ သူပြန်ချင်လှပြီ။ သူ့လိုပဲ ခေတ်ဆိုး စနစ်ဆိုးကြောင့် အိမ်ကစွန့်ခွာခဲ့ရသူတွေလည်း အိမ်ပြန်ချင်နေကြမှာသေချာတယ်။

စစ်အာဏာသိမ်းထားတဲ့ ၃ နှစ်ကျော်ဆိုတဲ့ကာလမှာ တော်လှန်ရေးတပ်တွေက မြို့ပေါင်း ၇၀ ကျော်ကိုသိမ်းထားနိုင်ခဲ့ပြီတဲ့။
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း၊ ရှမ်းမန်းစစ်ဆင်ရေး၊ ရခိုင်ပြည်နယ်တွင်းက မြို့သိမ်းတိုက်ပွဲတွေနဲ့အတူ ဒေသအသီးသီးက စစ်ရေးအောင်ပွဲသတင်းတွေဟာ ဒီကာလအတွင်း သူ့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်အလင်း။ စစ်ရဲ့ အနိဌာရုံတွေ၊ ဝါးမြိုလိုက်တဲ့ ပြည်သူတွေရဲ့ဘဝများစွာအတွက် ဒီပြည်တွင်းစစ်ကြီးကို သူမုန်းပေမယ့်လည်း စစ်အာဏာရှင်လူတစ်စုက အဓမ္မလုယူထားတဲ့ ပြည်သူတွေပိုင်တဲ့မြေကို တစ်လက်မချင်း တစ်ခုချင်း ပြန်သိမ်းယူနိုင်နေတဲ့သတင်းတွေကိုတော့ သူတောင့်တတယ်။

အာဏာသိမ်းမှုနောက်ပိုင်းကြုံရတဲ့ နိုင်ငံ့စီးပွားရေးကျဆင်းမှုနဲ့အတူကပ်လိုက်လာတဲ့ ဆင်းရဲမွဲတေမှု၊ စစ်ဘေးတိမ်းရှောင်ရမှု၊ လူမှုဘဝမလုံခြုံမှုတွေအပြင် တက်မြဲတက်နေတဲ့ ရွှေဈေး၊ ဒေါ်လာဈေး၊ ဆီဈေး၊ အခြေခံစားသောက်ကုန်စည်၊ ဆေးဝါးနဲ့ အခြားလူသုံးကုန်ဈေးနှုန်းတွေကြား အလူးအလဲဖြစ်နေကြတဲ့ပြည်သူတွေရဲ့ဘဝအတွက် ဒီစစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကသာ တစ်ခုတည်းသောအဖြေလို့ သူယုံကြည်ထားတယ်။

ဒီကာလမှာ ရင်ထဲစွဲနေတဲ့စကားက “ငါတို့မြို့ ငါတို့ပိုင်တယ်” တဲ့။

ဆက်စပ်သတင်းများ