People’s Spring, The Red Flag
ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့မှာ ဗုဒ္ဓရုပ်ပွားတော်တွေခေါင်းဖြတ်ဖျက်ဆီးခံရတာ ကရင်နီတပ်ဖွဲ့နဲ့ PDF တွေ လက်ချက်လို့ စွပ်စွဲပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက အောက်တိုဘာလ ၂ ရက်ကစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ဝါဒဖြန့်နေပါတယ်။
ဗုဒ္ဓရုပ်ပွားတော် ဆင်းတုတွေခေါင်းဖြတ် ဖျက်ဆီးခံရတဲ့ နေရာဟာ ရှမ်း – ကရင်နီ(ကယား)အစပ်က ဖယ်ခုံမြို့နယ်၊ လအိကျေးရွာ တောင်ပေါ်စေတီ ဖြစ်ပြီး အဲဒီစေတီမှာ တည်ထားကိုးကွယ်တဲ့ ရုပ်ပွားတော် ဖျက်ဆီးခံရတာလို့ ဝါဒဖြန့်ဝေချက်မှာပါရှိပါတယ်။

Public Service Announcement
ရုပ်ပွားတော်တွေ ကိုဖျက်ဆီးတဲ့ လက်သည် က ကရင်နီတော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ KNDF နဲ့ KNPP တို့ ဖျက်ဆီး တာလို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ် Ko Thet က စွပ်စွဲပါတယ်။
အဲဒီချန်နယ်ရဲ့ ဖြန်ဝေ ချက်မှာ စက္ကန့် ၅၀ ခန့် ကြာမြင့်တဲ့ ရုပ်သံဖိုင်တစ်ခု ပါဝင်ပြီး ဗုဒ္ဓရုပ်ပွားတော် ၈ ဆူခန့် ဦီးခေါင်းတော် ဖြတ်ခံထားရတာတွေ့ရပါတယ်။
Ko Thet – https://archive.ph/uUeQU ( archive link)
အခြားသော စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ် ဖြစ်တဲ့ ကျွန်းလှ မီးအိမ်ရှင် ချန်နယ်နဲ့ နောင်ရိုးဟစ်တိုင် ချန်နယ်ကလည်း ရှမ်းပြည်တောင်ပိုင်း ၊ လအိကျေးရွာရှိ တောင်ပေါ် စေတီမှာ တည်ထားကိုးကွယ်တဲ့ ဗုဒ္ဓရုပ်ပွားတော်တွေ ခေါင်း ဖြတ်ခံထားရတယ်လို့ အလားတူ ရုပ်သံဖိုင်နဲ့ ဖြန့်ဝေပါတယ်။
အဲဒီ ချန်နယ်နှစ်ခုရဲ့ ဝါဒဖြန့်ချက် မှာ ထူးခြားချက် အနေနဲ့ လက်သည်ဟာ သံဃာတော်တွေကို လည်လှီးသတ်တဲ့ အဖွဲ့ ဖြစ်လိမ့်မယ်လို့ စွပ်စွဲထားတာပါ။
PDF တွေနဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေဟာ တော်လှန်ရေးကိုမထောက်ခံတဲ့ ဘုန်းကြီးတွေကို သတ်ဖြတ်လေ့ ရှိတယ်လို့ စစ်တပ်ဝါဒဖြန့် ချန်နယ်တွေက ဖြန့်ဝေလေ့ရှိပါတယ်။
ကျွန်းလှ မီးအိမ်ရှင် – https://archive.ph/l5Yqh (archive link)
နောင်ရိုးဟစ်တိုင်- https://archive.ph/RwiyI (archive link)
တိုက်ပွဲသတင်းစုံ တယ်လီဂရမ် ချန်နယ်ကတော့ ဗုဒ္ဓဆင်းတုတော်တွေကို ခရစ်ယာန် ဘာသာဝင်တွေ ဖြစ်တဲ့ ကရင်နီ လက်နက်ကိုင်အဖွဲ့တွေ နဲ့ အသုံးချခံ PDF ဗုဒ္ဓဘာသာဝင်တွေ က ဖျက်ဆီးတာလို့ စွပ်စွဲပါတယ်။
အာဖဂန်နစ္စတန်မှာ ရှေးဟောင်းအမွေအနှစ် ဗုဒ္ဓဆင်းတုတော်ကြီးတွေကိုမိုင်းခွဲ ဖျက်ဆီးခဲ့တဲ့ တာလီဘန်တွေ အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် ရာထောင်ချီ သေဆုံးပြီး ဒုက္ခရောက်ခဲ့သလို ကရင်နီ လက်နက်ကိုင်အဖွဲ့တွေ နဲ့ PDF တွေရဲ့ ဇာတ်သိမ်းခန်းကိုလည်းစောင့်ကြည့်ရမယ်လို့ တိုက်ပွဲသတင်းစုံ ချန်နယ်က ဝါဒဖြန့်ပါတယ်။
တိုက်ပွဲသတင်းစုံ – https://archive.ph/A9yxi (archive link)
စစ်ဆေးတွေ့ရှိချက်
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့ ၊ လအိကျေးရွာ မှာ ဗုဒ္ဓရုပ်ပွားတော်တွေ ခေါင်းဖြတ်ဖျက်ဆီးခံရတဲ့ ဖြစ်စဉ် ဖြစ်ပွားတာမှန်ကန်ပါတယ်။
ဒေသတွင်း PDF မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(၂) ရဲ့ အောက်တိုဘာလ ၃ ရက် ထုတ်ပြန်ချက် မှာ
လအိရွာ အရှေ့မြောက်ဘက် တောင်ပေါ်စေတီမှာရှိတဲ့ ရုပ်ပွားတော် ၉ ဆူရဲ့ ဦီးခေါင်းတော် ဖြတ်ခံရတယ်လို့ ပါရှိပါတယ်။
ရုပ်ပွားတော် ၁၆ ဆူအနက် ၉ ဆူရဲ့ ဦးခေါင်းတော်တွေ ဖြတ်ခံထားရပြီး ကျန်ရှိတဲ့ ရုပ်ပွားတော်တွေရဲ့ လက်တွေကိုလည်း ရည်ရွယ်ချက်ရှိရှိ ရိုက်ချိုးထားတာကိုတွေ့ရတယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဖယ်ခုံဇုန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF ) ကလည်း စေတီမှာ တည်ထားတဲ့ ဘုရားဆင်းတုတွေ ခေါင်းဖြတ်ခံထားရတဲ့ ရုပ်သံဖိုင် တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာတွေ့ရပြီး ဒီလုပ်ရပ်ကို ပြင်းပြင်းထန် ထန် ကန့်ကွက်ရှုတ်ချထားတယ်လို့ အောက်တိုဘာလ ၂ ရက်က ထုတ်ပြန်ထားပါတယ်။
KNDF ဖယ်ခုံဇုန် – https://www.facebook.com/KNDFB03/posts/537615698651826
မိုးဗြဲ – PDF – https://www.facebook.com/permalink.php?story_fbid=509140431883163&id=100083616300260
သုံးသပ်ချက်
လအိကျေးရွာ မှာ အိမ်ခြေပေါင်း ၅၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာ၊ ကက်သလစ်ခရစ်ယန်ဘာသာ ၊ နတ်ကိုးကွယ်သူတွေ နှစ်ပေါင်းများစွာ အတူယှဉ်တွဲ နေထိုင်လာတဲ့ ရွာဖြစ်ပါတယ်။
ကိုးကွယ်ယုံကြည်ရာ ကွဲပြားပေမယ့် ပြဿနာဖြစ်ပွားတာမရှိဘဲ လအိကျေးရွာမှာ ဘာသာရေးအဆောက်အဦီးတွေ ဆောက်လုပ်ချိန်မှာလည်း ဘာသာမခွဲခြား ရိုင်းပင်းကူညီကြတဲ့ အစဉ်အလာကောင်းတွေရှိတယ်လို့ မိုးဗြဲ PDF က အသိပေးပါတယ်။
ဗုဒ္ဓဘာသာဝင်တွေရဲ့ အထွတ်မြတ်ထားကိုးကွယ်ရာ ဘုရားဆင်းတုတော်တွေကို အခုလို ဖျက်ဆီးတာဟာ တော်လှန်ရေးအားကောင်းရာ နယ်မြေမှာ နိုင်ငံရေး၊ ဘာသာရေး အဓိကရုဏ်း ဖြစ်လာအောင် ဦးတည်ဖန်တီး လုပ်ဆောင်တာလို့ ဒေသတွင်း တော်လှန်ရေးအင်အားစုတွေ ဖြစ်တဲ့ မိုးဗြဲ PDF ၊ ဖယ်ခုံဇုန် PDF တို့က သဘောထားထုတ်ပြန်ပါတယ်။
ဒါကြောင့် လက်သည်ကို စုံစမ်းဖော်ထုတ်ပြီး အရေးယူအပြစ်ပေးနိုင်အောင် လအိကျေးရွာအုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းပြီး စုံစမ်းဖော်ထုတ်မှုတွေ ပြုလုပ်မယ်လို့ မိုးဗြဲ PDF ရော ၊ ဖယ်ခုံဇုန် KNDF ကပါ ထုတ်ပြန်အသိပေးပါတယ်။
စစ်ကောင်စီက စစ်ရေးနိမ့်နေတဲ့ နယ်မြေဒေသတွေမှာ ဘာသာရေး လူမျိုးရေး အမုန်းတရားတွေကိုလှုံ့ဆော်လေ့ရှိပါတယ်။သာဓက အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပိုမိုသိသာမြင်သာရှိတာတွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာကိုးကန့်တပ် (MNDAA) တပ်ဖွဲ့ဝင်အချို့ စေတီကိုတူနဲ့ထုတဲ့ရုပ်သံကိုအသုံးပြုပြီး ဘာသာရေး ၊ လူမျိုးရေး အမုန်းတရား လှုံ့ဆော်တာ ကို လုပ်ဆောင်ခဲ့ဖူးပါတယ်။ ကိုးကန့်တပ်ဟာ ဗုဒ္ဓဘာသာကို ဖျက်ဆီးသူတွေဖြစ်တယ်လို့ ဝါဒဖြန့်ကြပါတယ်။
၁၀၂၇ ဒုတိယပိုင်းမှာလည်း လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ( ရမခ )ကျပြီးနောက်ပိုင်း တရုတ်လူမျိုးရေးမုန်းတီးမှုလှုံ့ဆော်တာကိုလည်း ဆက်တိုက်လုပ်ဆောင်ခဲ့တာရှိပါတယ်။
ဒီလိုလုပ်ဆောင်မှုကို Myanmar Fact-Checking Network က အချက်အလက်အခြေပြု ဆောင်းပါးရေးသား အသိပေးခဲ့သလို The Red Flag လည်း အစီရင်ခံစာ ထုတ်ပြန်ထားရှိပါတယ်။
ဆောင်းပါးလင့်ခ် – မြန်မာပြည်ဖွား တရုတ်လူမျိုးတွေရဲ့ အသက်၊အိုးအိမ် အန္တရာယ်ပြုဖို့ခြိမ်းခြောက်ခံရပြီ
စာဖတ်ပရိတ်သတ်အနေနဲ့ ဖြစ်စဉ်အကြောင်းအရာတွေကို အပေါ်ယံကြည့်ပြီး မဆုံးဖြတ်ဘဲ လွတ်လပ်အမှီခိုကင်းတဲ့ သတင်းဌာနတွေက သတင်းတင်ပြမှုတွေကိုလည်း စောင့်ကြည့်လေ့လာသင့်ပါတယ်။
