ယောနသံ/People’s Spring
အာဏာရှင်တစ်စုက လက်နက်အားကိုးနဲ့ အကြမ်းဖက်အုပ်ချုပ်နေပြီး လည်ပင်းအညှစ်ခံထားရတဲ့လူတစ်ယောက်လို အသက်ရှုကျပ်မောဟိုက်နေတဲ့ မြန်မာ့လူ့အဖွဲ့အစည်းကို မေးခွန်းရိုးရိုးလေးတစ်ခု ဒီနေ့ည မေးလိုပါတယ်။
ဒီနေ့(အောင်တိုဘာလ ၁၀ရက်)နေ့ဟာ စိတ်ဒဏ်ရာရရှိထားသူတွေကို စိတ်ခွန်အားပေးဖို့တိုက်တွန်းတဲ့ အပြည်ပြည်ဆိုင်ရာကမ္ဘာ့စိတ်ကျန်းမာရေးနေ့ဖြစ်လို့ ဒီမေးခွန်းကို မေးခြင်းဖြစ်ပါတယ်။

Public Service Announcement
” ညက အိပ်ပျော်ခဲ့ကြပါရဲ့လား”
အခြေအနေတွေကိုနားလည်ပါတယ်။ စိတ်ထဲကပဲ ဖြေပါ။အာဏာရှင်တွေကြီးစိုးချိန်မှာနံရံတွေတိုင်းနားရှိတယ်လို့ ဆိုကြတယ်မဟုတ်လား။
အလားတူမေးခွန်းကို အညာ၊ မြေလတ်ဒေသနဲ့ မြစ်ဝကျွန်းပေါ်က မိတ်ဆွေတွေထံ ဒီနေ့မေးကြည့်ခဲ့ပါတယ်။
သူတို့လည်း ကောင်းကောင်းအိပ်မပျော်ခဲ့ပါဘူး။ မန္တလေးမြို့ပေါ်က မိတ်ဆွေတစ်ယောက်ကဆို “”နိုးတဝက် အိပ်တဝက်နဲ့ နေခဲ့ရတာ ကြာလှပါပကော” လို့ ဖျော့တော့တော့လေသံနဲ့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ တရားဥပဒေစိုးမိုးမှုမရှိတော့တဲ့အခြေအနေတွေကြောင့် အိပ်လို့မပျော်၊ နေလို့ အဆင်မပြေကြတာချင်းအတူတူ ဒီနေ့လို နေ့မျိုးမှာ အဆိုးဆုံးစိတ်ဒဏ်ရာကို အမြင့်ဆုံးခံစားနေရတာကတော့ မုန်လိုင်ခက်ရွာဒေသခံတွေဖြစ်ပါတယ်။
ကချင်ပြည်နယ်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထိန်းချုပ်ဒေသလိုင်ဇာမြို့နားကမုန်လိုင်ခက်ရွာ။ တရုတ်နယ်စပ်နဲ့ သိပ်နီးပြီး ရာသီဥတု အမြဲလိုလို ချမ်းအေးနေတတ်တဲ့ တောင်ပေါ်ရွာလေး မုန်လိုင်ခက်ရွာက ဒေသခံတွေဟာ ဒီနေ့ကို သိပ်ကြောက်နေကြရှာပါတယ်။
လွန်ခဲ့တဲ့ ၁ နှစ်တိတိ ဒီလိုမနက်မှာ မုန်လိုက်ခက်ရွာလမ်းမှာ သေဆုံးသူရုပ်အလောင် ၃၀နီးပါး ပျံ့ကြဲနေခဲ့တဲ့ အဖြစ်ဆိုးဟာ ဒေသခံတွေကို မနေ့တနေ့ကအဖြစ်အပျက်လိုခြောက်လန့်နေဆဲပါပဲ။
အကြောင်းအမျိုးမျိုးကြောင့်စိတ်ဒဏ်ရာရရှိထားသူတွေကို စိတ်ခွန်အားမြှင့်တင်ပေးဖို့ ကမ္ဘာကြီးက ကြိုးပမ်းနေတဲ့အပြည်ပြည်ဆိုင်ရာကမ္ဘာ့စိတ်ကျန်းမာရေးနေ့ မရောက်ခင် နာရီပိုင်းအလိုမှာ စစ်ကောင်စီက မုန်လိုင်ခက်ရွာကိုတိုက်ခိုက်ဖျက်ဆီးခဲ့လို့ ဒေသခံတွေဟာ သေရာပါစိတ်ဒဏ်ရာရခဲ့တာပါ။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ၉ ရက် ည ၁၁နာရီစွန်းစွန်းမှာပဲ စစ်ကောင်စီက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရွာရော လူတွေပါ အခုထိ ကစဉ့်ကလျားဖြစ်နေတာပါ။
မုန်လိုင်ခက်ရွာဟာ စစ်ဘေးရှောင်မိသားစု ၁၀၀ ကျော်၊ လူဦးရေ ၈၀၀ ကျော် ခိုလှုံနေပြီး နှစ်ပေါင်း ၄၀ခန့်သက်တမ်းရှိတဲ့ရွာဖြစ်ပါတယ်။ တိုက်ပွဲတွေဖြစ်ခဲ့တဲ့ နန်ဆန်ယန်ရွာအပါအဝင် ဘေး ပတ်ဝန်းကျင်ရွာတွေကနေ လာခိုလှုံနေကြရတာပါ။
စစ်ကောင်စီဟာ အဲ့ဒီနေ့ကမုန်လိုင်ခက်ရွာကို ဖျက်အားပြင်းဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို သူတို့တပ်စွဲထားတဲ့ ခါရာတောင်ဘက်ကနေလည်း လက်နက်ကြီးတွေဆက်တိုက်ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့အခြေအနေနဲ့ ပတ်သက်လို့ “အရမ်းကိုကြောက်ဖို့ကောင်းတဲ့အသံ။ ကြားလိုက်ပြီးတာနဲ့တပြိုင်နက် အိမ်ထရံတွေက ကိုယ့်မျက်နှာပေါ်ရောက်နေခဲ့တယ်” ဟု မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းက ကချင်တိုင်းရင်းသူတစ်ဦးကပြောခဲ့တာပါ။
ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေကြားမှာ ကလေးငယ်နဲ့ အမျိုးသမီး တွေအပါအဝင် အရပ်သား ၂၉ဦးသေဆုံးပြီး ၅၇ ဦး ဒဏ်ရာရခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကချင်တိုင်းရင်းသားဇော်နန်တို့လို မိသားစုလိုက် ပါဝင်သွားသူတွေလည်း ရှိခဲ့ပါတယ်။ဇော်နန်တို့မိသားစုအပြင် အမိမဲ့သွားတဲ့ ကလေးတွေ၊ တစ်ဦးတည်းသာ ကျန်တော့တဲ့ စစ်ဘေးရှောင်တွေစသည်ဖြင့် တစ်ဦးချင်း၊ တစ်မိသားစုချင်းဟာ ဘဝတွေ ကစဉ့်ကလျားဖြစ်ခဲ့ပါတယ်။
အသက်မသေဘဲ ကျန်ရစ်ခဲ့သူတွေဟာ မုန်လိုင်ခက်ရွာမှာ မနေရဲကြတော့ဘဲ လိုင်ဇာထဲက ဝေကြိုင်စစ်ရှောင်စခန်းနဲ့တခြားစစ်ရှောင်စခန်းတွေ၊ ဘုရားကျောင်းတွေမှာ သွားနေကြရပါတယ်။ ရွာကိုမပြန်ရဲကြသလို သူတို့ရဲ့ ဘဝတွေဟာ ဆူခင်းလမ်းကို လျှောက်နေရသလိုပဲလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်စဉ်ကို ကုလသမဂ္ဂက ပြစ်တင်ရှုံ့ချခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ KIAကလည်း စစ်ကောင်စီကိုအရေးယူနိုင်ရေးအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းပြီး စစ်ဆေးမယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုတွေကို ရပ်တန့်အောင်အရေးယူပေးဖို့ NUG နဲ့ KIA က တောင်းဆိုခဲ့ပါတယ်။
ဒါပေမယ့် ၁နှစ်ကြာတဲ့အထိ စစ်ကောင်စီကိုအရေးယူနိုင်ခြင်းမရှိသေးသလို ပိုပြီးဆိုးရွားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို မြန်မာနိုင်ငံအနှံ့မှာ စစ်ကောင်စီက လက်ရဲဇက်ရဲ ကျူးလွန်နေပါတယ်။
၂၀၂၄ ခုနှစ် မေလမှ ဩဂုတ်လအထိ ၄ လတာကာလအတွင်းမှာပဲ နိုင်ငံတဝန်း မြို့နယ် ၃၅ မြို့နယ်မှာ အရပ်သားတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုအကြိမ်၅၀ကျော်ကို စစ်ကောင်စီကကျူးလွန်ခဲ့တယ်လို့ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ဒီ အောက်တိုဘာလဆန်းမှတင် ထုတ်ပြန်ထားပါတယ်။ လက်နက်မဲ့ အရပ်သားပြည်သူကိုသတ်ဖြတ်တဲ့နေရာမှာ လက်ရဲဇက်ရဲရှိတဲ့စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် သြဂုတ်အထိ နိုင်ငံတဝန်းအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု ဖြစ်စဥ်ပေါင်း သုံးရာကျော်ကျူးလွန်ထားပြီး အရပ်သားပြည်သူစုစုပေါင်း အနည်းဆုံး ၃၀၀၀ ကျော်သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်တွေထဲမှာ ၂၀၂၄ ခုနှစ်ထဲမှာတင်မင်းကင်းမြို့နယ်၊ မတောရွာကမင်္ဂလာဆောင်ကိုလေကြောင်းကနေ တိုက်ခိုက်လို့အရပ်သား၂၉သေဆုံးပြီး ၈၀ကျော်ဒဏ်ရာရမှု၊ မန္တလေးတိုင်းမြင်းခြံမြို့နယ်၊ဆီဆုံရွာကို မေလ ၉ရက်က စီးနင်းတိုက်ခိုက်ခဲ့ပြီး အရပ်သား၃၁ဦးကိုသတ်ဖြတ်ခဲ့မှု၊ ငါန်းဇွန်မြို့နယ်ထဲက ငန်းမြှာရွာကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ လေကြောင်းကတိုက်ခိုက်လို့ အရပ်သားကိုးဦးသေဆုံးမှု၊ ရခိုင်ပြည်နယ်သံတွဲမြို့နယ်က စစ်ဘေးရှောင်စခန်းကို စက်တင်ဘာလ ၁၃ ရက်နေ့မှာ လေကြောင်းကတိုက်ခိုက်လို့ အရပ်သား ၁၃ဦးသေဆုံးမှုတို့အပြင် လက်ရှိအောက်တိုဘာလအတွင်း တောင်ကုတ်မြို့နယ်ကို လေကြောင်းကနေတိုက်ခိုက်မှုများအတွင်း အရပ်သား ၁၅ဦးထက်မနည်း သေဆုံးခဲ့ရတာပါ။
လားရှိုးမြို့အပါအဝင် တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်းကနေ နေ့စဥ်နီးပါးဗုံးကြဲနေပါတယ်။ ဒါ့အပြင် လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ဖားကန့်မြို့နယ်ဆိုင်းတောင်ရွာမှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူနေအိမ်တွေကို လေကြောင်းကနေ ပစ်ခတ်ဖျက်ဆီးနေပါတယ်။
စစ်ကောင်စီကို စစ်ရာဇဝတ်မှုတွေနဲ့ အရေးယူနိုင်ရည်ကြိုးစားမယ်လို့ နိုင်ငံတကာနဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ဖော်ပြောကြားနေသည့်တိုင်အောင် လက်တွေ့မှာတော့ စစ်ကောင်စီက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတာပါ။ ဒီအခြေအနေအပေါ် အရပ်သားပြည်သူတွေဟာ စိတ်ပျက်နေပြီး ကမ္ဘာကြီးဟာ တရားမျှတမှုကို အမှန်တကယ် ရှာဖွေနေတာဟုတ်ရဲ့လားလို့ သံသယရှိလာတယ်လို့ ငြီးတွားကြပါတယ်။
တရားမျှတမှုကို ရှာဖွေနေဆဲ မုန်လိုင်ခက်ရွာဒေသခံတွေကတော့ ထိတ်လန့်တုန်လှုပ်မှုတွေနဲ့အတူ သောကပွေနေပါတယ်။ စစ်ကောင်စီဟာ ကချင်ပြည်နယ်မှာ အခုလိုအောက်တိုဘာလရောက်တိုင်း အရပ်သားတွေကိုပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ လုပ်လေ့ရှိသလို ဒီရက်ပိုင်းမှာပဲ လိုင်ဇာပတ်ဝန်းကျင်ကိုလေကြောင်းကနေ ကင်းထောက်တာတွေ လုပ်နေလို့ ခဲမှန်ဖူးတဲ့စာသူငယ်မုန်လိုင်ခက်ရွာသူရွာသားတွေဟာ နောက်ထပ်အနိဌာရုံတွေကြုံတွေ့မှာကို ကြောက်လန့်နေကြပါတယ်။
၂၀၂၂ ခုနှစ်အောက်တိုဘာ ၂၃ ရက်တုန်းကလည်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနမ့်ပါရွာမှာ အရပ်သားအများအပြား လာရောက်ဆင်နွှဲနေတဲ့ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တေးဂီတပွဲကို စစ်ကောင်စီက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ KIAအရာရှိအချို့နဲ့ ကချင်တိုင်းရင်းသားအနုပညာရှင်တွေ၊ ဒေသခံအရပ်သားတွေ စုစုပေါင်း ၆၂ ဦးသေဆုံးခဲ့ပြီး ၁၀၀နီးပါး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါကြောင့် မုန်လိုင်ခက်ဒေသခံတွေရဲ့ အောက်တိုဘာလအတွင်း အကြောက်တရားဟာ စိတ်ဒဏ်ရာကိုကုစားဖို့အတွက် စိုးရိမ်စရာအခြေအနေဖြစ်နေတယ်လို့ ကချင်အရပ်ဖက်အရေးဆောင်ရွက်သူတွေကပြောပါတယ်။
“တံခါးပိတ်သံတောင်မကြားရဲတော့တဲ့ ဘဝတွေပါ။ ကျမတို့ နောက်ကျောလုံလုံနဲ့ ရုန်းကန်ရှာဖွေစားသောက်ချင်ပါတယ်။ ညရောက်မှ သိပ်ကြောက်တယ်” ဟု မုန်လိုင်ခက်ရွာကို စွန့်ခွာခဲ့သူတဦးက ခပ်တိုးတိုး ရင်ဖွင့်ရှာပါတယ်။
