close
Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုက နည်းမျိုးစုံသပ်သျှိုနေချိန်ဖြစ်၍ တော်လှန်ရေးအကျိုးစီးပွားဦးစားပေးရန်လိုဟု ပအိုဝ်း PNFC ဥက္ကဋ္ဌ သတိပေး

အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုများအား နည်းမျိုးစုံဖြင့် သပ်သျှိုမှုများ လုပ်ဆောင်နေသည့် အခြေအနေဖြစ်၍ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားထက် တောလှန်ရေးအကျိုးစီးပွားကို ဦးစားပေးရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သတိပေး တိုက်တွန်းသည်။

ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ(PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်း(ခေါင်းပေါင်းဖြင့်)အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက တော်လှန်ရေးအင်အားစုများအား နည်းမျိုးစုံဖြင့် သပ်သျှိုမှုများ လုပ်ဆောင်နေသည့် အခြေအနေဖြစ်၍ ပုဂ္ဂိုလ်ရေးအကျိုးစီးပွားထက် တောလှန်ရေးအကျိုးစီးပွားကို ဦးစားပေးရန်လိုအပ်ကြောင်း ပအိုဝ်းအမျိုးသားများဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက သတိပေး တိုက်တွန်းသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူလည်းဖြစ်သည့် ခွန်မြင့်ထွန်းက ယမန်နေ့တွင် PNLO အဖွဲ့တွင်း အခြေအနေများနှင့်ပတ်သက်ပြီး ၎င်း၏ သဘောထား ရှင်းလင်းချက် ထုတ်ပြန်ရခြင်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ တိုက်တွန်း သတိပေးခဲ့ခြင်းဖြစ်သည်။

PNLO ဦးဆောင်နာယကအဖြစ် တာဝန်ယူခဲ့သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO(NCA-S) အမည်ဖြင့် PNLO ဦးဆောင်အဖွဲ့ ဖွဲ့စည်းခဲ့ရာ အဆိုပါလုပ်ရပ်သည် PNLO၏ မူ၊ ဝါဒ၊ လမ်းစဉ်တို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတို့က ပေးအပ်သော တာဝန်အရပ်ရပ်ထက် ကျော်လွန်ဆန့်ကျင်နေဟု ဥက္ကဋ္ဌဟောင်းခွန်မြင့်ထွန်းက ပြောသည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့ အဓိကက အဖွဲ့အစည်းအတွင်းမှာ စစ်အုပ်စုက နည်းလမ်းအမျိုးမျိုးနဲ့ဖြိုခွဲတာတွေ သပ်လျှိုတာတွေ အမျိုးမျိုးလုပ်နေကြတဲ့ အခြေအနေဖြစ်နေတယ်။ နောက်တစ်ခါ ကျနော်တို့ ဒီနေ့ရပ်တည်ကြတဲ့အခါမှာ မြေမညီ ရေနဲ့ညှိ၊ လူမညီရင်မူနဲ့ညှိဆိုတာ ကျနော်တို့ သဘောတူခဲ့တယ် ဆုံးဖြတ်ခဲ့တယ် ပေါင်းစည်းရေးတွေလုပ်ခဲ့ကြတယ်။ အဲဒီအပေါ် မူတည်ပြီးတော့ မိမိတို့ အချင်းချင်းကြားမှာချမှတ်ထားတဲ့ဖွဲ့စည်းပု့ အခြေခံဥပဒေ ရှိတယ် မူတွေရှိတယ် အဲဒါတွေနဲ့အညီ လုပ်ကြဖို့လိုပါတယ်။ ဒါအဓိက အချက်ဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်မှုအတွက် တတိယတော်လှန်ရေးကိုအတူတကွ ထူထောင်ခဲ့ကြသူ များအကြားအပြန်အလှန် တန်ဖိုးထားမှုများ လိုအပ်ကြောင်းလည်း ခွန်မြင့်ထွန်းက ပြောသည်။

” မိမိတို့ရဲ့ အကျိုးစီးပွားတွေအပေါ် အခြေခံပြီးတော့ ဒီလို အခြေခံမျိုးတွေဒါတွေကို ဦးစားမပေးဘဲ တော်လှန်ရေး အကျိုးစီးပွားကို ဦးစားပေးဖို့ အဓိက ကျတဲ့ အချက်ဖြစ်ပါတယ်။ဗိုလ်မှူးကြီးခွန်ဥက္ကာက PNLO NCA-S လို့ လုပ်လိုက်တဲ့ဟာ ကျနော်တို့ ချမှတ်ထားတဲ့မူဝါဒ စည်းမျဉ်းစည်းကမ်းတွေ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်လွန် လုပ်ဆောင်ရာ ရောက်တယ်။ ဒီလိုမကျေနပ်မှုတွေရှိလာတဲ့အခါကျရင် ဒီလို အဖွဲ့ခွဲထောင်တာမျိုး ဒါမျိုးတွေ မလုပ်ဘဲနဲ့ကျနော်တို့အားလုံး စုစည်းညီညွတ်နိုင်မယ့် စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေရှိပြီးသားဖြစ်ပါတယ်။ အဲဒါတွေနဲ့အညီလုပ်ကြဖို့ အဓိက ပြောချင်တာ ဖြစ်ပါတယ်”ဟု ခွန်မြင့်ထွန်းက ပြောကြားသည်။

ခွန်မြင့်ထွန်းသည် PNLOစုဖွဲ့ရာတွင် ပါဝင်ခဲ့ပြီးPNLO ညီလာခံအဆက်ဆက်တွင် အထွေထွေအတွင်းရေးမှူး၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တာဝန်တို့ကို ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထို့ပြင် ခွန်မြင့်ထွန်းသည် PNLO ဥက္ကဋ္ဌတာဝန်ထမ်းဆောင်စဉ်က NCA တွင် လက်မှတ်ရေးထိုးခဲ့သူဖြစ်သော် စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူနှင့်အတူ ရပ်တည်ကာ စစ်ကောင်စီကို တော်လှန်နေသည့် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)စုဖွဲ့ကာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူဖြစ်သည်။

PNLO/PNLA အနေဖြင့် ယခုနှစ်ဆန်းတွင် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်ခဲ့ရာ အဖွဲ့ ဦးဆောင်နာယက ဖြစ်သည့် ဗိုလ်မှူးကြီးခွန်ဥက္ကာက ထိုသို့ စစ်ကောင်စီကို တိုက်ခိုက်ခဲ့မှုနှင့်ပတ်သက်ပြီး လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ခွန်သူရိန် အား စွပ်စွဲပြစ်တင်မှုများ လုပ်ဆောင်ခဲ့ပြီး PNLO NCA-S ကို စုဖွဲ့ကာ ဥက္ကဋ္ဌ တာဝန်ကို ရယူကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ကြေညာခဲ့သည်။ ထိုသို့ အဖွဲ့သစ်စုဖွဲ့မှုကြောင့် ဗိုလ်မှူးကြီး ခွန်ဥက္ကာ အပါအဝင်သုံးဦးကို အဖွဲ့ဝင်တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း၊ လာမည့် ညီလာခံ၌ အယူခံဝင်နိုင်ကြောင်း PNLO/PNLAက ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ