Scorpio/People’s Spring
သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် ဆိုင်ကယ်နှစ်စီးတောင် ယှဥ်မစီးရဲတော့လောက်အောင် ဖြစ်သွားခဲ့ရတဲ့အနေအထားတခုမှာ ထောင်ချီတဲ့ဆိုင်ကယ်တွေ တစုတဝေး မောင်းလာကြတာသုံးနှစ်ကျာ်အတွင်း ထူးဆန်းတဲ့မြင်ကွင်းတခုပါ။
အဲဒီဆိုင်ကယ်တွေကတော့ မန္တလေးမြို့သူမြို့သားတွေ ဒေါက်ဇော်၊ ဆရာဇော်လို့ ချစ်စနိုးခေါ်ဝေါ်ခဲ့တဲ့ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးကို လိုက်ပို့ကြတဲ့ယာဥ်တွေပါပဲ။

Public Service Announcement
၂၀၂၁ ခုနှစ် အာဏာစသိမ်းတာနဲ့ အဖမ်းခံလိုက်ရတဲ့ ဒေါက်တာဇော်မြင့်မောင်ဟာ ကင်ဆာရောဂါနဲ့အတူ ထောင်ထဲရောက်သွားခဲ့ရတာပါ။ ထောင်ထဲမှာ ဆေးဝါးကုသမှု ကောင်းကောင်းမရခဲ့တဲ့ ဆရာဇော်ဟာ အာဏာသိမ်းကာလ ၄ နှစ်ပြည့်ဖို့ လေးလအလို အသက် ၇၃ နှစ်အရွယ်မှာပဲ အောက်တိုဘာ ၇ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။
ရွေးကောက်ခံအရပ်သားအစိုးရလက်ထက်၊ ဆရာဇော်တို့အစိုးရလက်ထက်အကြောင်း ပြောကြရင် မန္တလေးမြို့ကို ချန်ထားလို့မရပါဘူး။ အကြောက်တရားကင်းမဲ့ပြီး လုံခြုံနွေးထွေးတဲ့ မန္တလေးညတွေကို ဆရာဇော်တို့ပေးစွမ်းနိုင်ခဲ့တယ်။ တနိုင်ငံလုံးက မန္တလေးကို အားကျခဲ့တယ်။ သူတို့ရဲ့နောင်တချိန်အိပ်မက်က မန္တလေးမှာ နေချင်တယ်တဲ့။
အာဏာသိမ်းပြီးကတည်းက ယိုယွင်းပျက်စီးသွားတဲ့မြို့တွေထဲ မန္တလေးဟာ ထိပ်ဆုံးကပါတာပေါ့။ တညလုံး ဆိုင်ကယ်သံကားသံမပြတ်ခဲ့တဲ့ မန္တလေးဟာ စစ်ဘီလူးတွေကြောင့် စောစောပဲအိပ်တန်းတက်ခဲ့ရတယ်။ မှောင်မည်းနေတဲ့ မန္တလေးညတွေကို မကောင်းဆိုးရွားတွေသာ သဘောကျမယ်ထင်ပါရဲ့။

ဒီကနေ့မနက် ဆရာဇော့်နာရေးကိုလည်း စစ်အုပ်စုက လုံခြုံရေးတင်းတင်းကြပ်ကြပ် ချထားခဲ့တာပါ။နာရေးမှာ လူစုစုဖြစ်လာရင် ထိုးခွဲဖို့ ရေကားအဖြူတွေကလည်း သုံးစီးတောင် အရန်သင့်ပြင်ဆင်ထားခဲ့တယ်။ အချင်းချင်းလှမ်းပြောကြတာက မနက်ဖြန်ဆရာဇော့်နာရေးသွားကြမလားတဲ့။ နာရေးသွားပြီး နောက်တရက်အိမ်လာဆွဲမှာလည်း စိုးကြရတယ်။
စစ်ကောင်စီရဲ့ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်တာတွေက နေ့စဥ် ကြုံတွေ့ရင်ဆိုင်နေရတော့ လူထုကအကြောက်တရားကြီးခဲ့ကြတယ်။ နာရေးတော့ခြောက်တိခြောက်ကပ်နဲ့ပဲ ပြီးသွားမယ်လို့ ယူဆခဲ့ကြတယ်။ မနက်လင်းတော့ အဲဒီအတွေးတွေဟာ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။
ဆရာဇော့်နာရေးကား မန္တလေးမြို့အဝင် တံခွန်တိုင်အဝိုင်း ရောက်နေတာတောင် လိုက်ပို့တဲ့ကားတွေ၊ ဆိုင်ကယ်ယာဥ်တန်းအဆုံးက မြို့ထဲ ကျွဲဆည်ကန်က နာရေးအိမ်အထိ ရှိနေပါသေးတယ်။
“၂ ငါးလုံးနေ့တောင် ပြန်သတိရတယ်။”လို့ မန္တလေးမြို့ခံတစ်ဦးက ပြောတယ်။ နှစ်ငါးလုံးျန့ဆိုတာ၂၀၂၁ ခုနှစ် ၊ဖေဖော်ဝါရီလ(၂လပိုင််း) ၂၂ရက် နေ့က မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းသန်းပေါင်းများစွာသောပြည်သူတွေက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကမ္ဘာသိဆန္ဒပြခဲ့ကြတဲ့နေ့ဖြစ်ပါတယ် ။
ဆရာဇော့်ရုပ်အလောင်းကို ကားပေါ်တင်တော့ စိတ်ထဲမခံမရပ်နိုင်တဲ့လူထု လုံခြုံရေးအထပ်ထပ်ကြားကနေ အသံတွေထွက်လာခဲ့ကြတယ်။
“အောင်ရမည်၊ နိုင်ရမည်၊ အောင်ရမည်၊ နိုင်ရမည်”တဲ့။

လမ်းတလျှောက်မှာလည်း ပြည်သူလူထုက ညှိုးငယ်တဲ့မျက်နှာလေးတွေနဲ့ ဆရာဇော့်နောက်ဆုံးခရီးကို နူတ်ဆက်ကြတယ်။ မျက်ရည်တွေဝဲကြတယ်။ လမ်းပေါ် ဒူးတုပ်ထိုင်ချပြီး ဆရာဇော့်ကို ကန်တော့ကြတဲ့သူတွေ များမှများ။ စိတ်မခိုင်တဲ့မိန်းမသားတချို့ကတော့ ငိုချတော့တာပဲ။
ထုံးဘိုလမ်းခွဲကနေ တောင်အင်းမြောက်အင်းသုဿန်ကို ကားတွေဆိုင်ကယ်တွေ ကွေ့ဝင်တော့မယ်အလုပ် များပြားလှတဲ့၊ လက်နက်လွယ်ထားတဲ့ စစ်အုပ်စုဝင်တွေက တားတော်မူပါတယ်။ ဆိုင်ကယ်တွေလုံးဝ ဝင်မရပါတဲ့။ ကားတွေကတော့ စာရင်းပေး ထားတဲ့ယာဥ်တွေပဲ ဝင်ခွင့်ရပါမယ်တဲ့။
လူထုဟာ တောက်တချက်ခပ်ပြင်းပြင်းခေါက်၊ အံကိုကြိတ်ရင်း သုဿန်အဝင်လမ်းဆုံကနေပဲ ထိုင်ကန်တော့ကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ နေ့စဥ်ရက်ဆက်ပူလောင်နေတဲ့ မန္တလေးရာသီဥတုဟာ ချက်ချင်းပဲ မိုးတိမ်တွေညို့တက်လာခဲ့တယ်။လေအေးအေးလေးတွေတိုက်လာတယ်။ မိုးဖွဲကလေးတွေကျလာခဲ့တယ်။ လူထုဟာ မိုးဖွဲကြားမှာပဲ ဆရာဇော့်နာရေးယာဥ်တန်း ခပ်ဝေးဝေးရောက်သည်အထိ ငေးကြည့်ကျန်ခဲ့ကြတယ်။
ညနေခင်းမှာတော့ မန္တလေးရာသီဥတုဟာ အရင်နေ့တွေနဲ့ ဘာမှမဆိုင်တော့ပါဘူး။ မိုးဟာ သွန်ချသလို တဝေါဝေါရွာနေခဲ့ပါပြီ။ ညို့မှိုင်းနေတဲ့ မိုးသားအောက်မှာ မန္တလေးမြို့ကြီးဟာ ခပ်ဆွေးဆွေးနဲ့ ကျန်ရစ်ခဲ့ပါတော့တယ်။ ။
