လူအေး/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီးအများစုပါဝင်သည့် အရပ်သား ၅၀ဦးထက်မနည်းကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျေးရွာများအား စီးနင်းဝင် ရောက်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။
အဆိုပါ နမခ စစ်ကောင်စီစစ်ကြောင်းသည် အောက်တိုဘာ ၁၀ရက်မှ ၁၅ရက်အတွင်း အမျိုးသမီးများအပါအဝင် ဒေသခံများအား ဖမ်းဆီးခဲ့ခြင်းဟု ဒေသကာကွယ်ရေးအဖွဲ့များက ပြောသည်။

Public Service Announcement
“ရွာတွေထဲ ဝင်ဆွဲပြီး ဖမ်းလာတာဗျ။ တချို့က ရှောင်ဖို့ နောက်ကျနေကြတာ။ အများစုက အမျိုးသမီးတွေ ဖမ်းလာတာ”ဟု ဘုတလင်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည် ညောင်ကန် ၊ မြောက်ကျီ ၊ တလိုင်း၊ ပဲပြစ်တော၊ ရှမ်းတဲ ကျေးရွာများအား ဆက်တိုက်စစ်ကြောင်းထိုးနေပြီး ဖမ်းဆီးခံရသူများတွင် တလိုင်းကျေးရွာမှ အများဆုံးပါဝင်ကြောင်း သတင်းရရှိသည်။
” စစ်ကြောင်းက တလိုင်းရွာထဲမှာ နေတယ်။ လမ်းမပေါ် မကြာခဏတက်တယ်။ အိပ်ရွာထဲကနေထွက်ထွက်ပြီးတော့ စစ်ကြောင်းထိုးတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
တလိုင်းကျေးရွာသည် ဘုတလင်မြို့နှင့် ရေဦးမြို့နယ်ကြား တည်ရှိသည်။ ဖမ်းဆီးခံရသူများ၏ လုံခြုံရေးအတွက် ဒေသခံများစိုးရိမ်နေကြသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ အောက်တိုဘာလ ၉ရက်တွင် ထွက်ခွာလာပြီး ဘုတလင်မြို့သို့ ရောက်ရှိလာခြင်းဖြစ်သည်။
အောက်တိုဘာ ၁၂ရက်တွင် ဘုတလင်မြို့ ဗန္ဓုလကွက်သစ်ရပ်ကွက်နှင့် မြောက်ပြင်ရပ်ကို စီးနင်းတိုက်ခိုက်ကာ ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦးကိုသတ်ဖြတ်သွားခဲ့သည်။ အောက်တိုဘာ ၁၃ရက် နံနက်အစောပိုင်းတွင်လည်း မြောက်ကျီကျေးရွာကို ဝင်ရောက်ပြီး အသက် ၃၀ကျော်အရွယ်အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ၇ဦးကို ဖမ်းဆီးသတ်ဖြတ်သွားခြင်းဟု ဘုတလင်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ပြောသည်။
