အင်ကြင်း/People’s Spring
မန္တလေးမြို့တွင် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသော ယာဥ်ထိန်းရဲမေတစ်ဦး သေနတ်ဖြင့် အနီးကပ်ပစ်ခတ်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ယနေ့(အောက်တိုဘာ ၁၃ ရက်) ညနေ ၄ နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင် ယာဥ်များအား စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီအုပ်စုအနက် ယာဥ်ထိန်းရဲမေတစ်ဦးအနီးကပ်ပစ်ခတ်ခံရခြင်းဖြစ်သည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသောယာဥ်ထိန်းရဲမေမှာ ဒုရဲအုပ်အဆင့်ရှိသူ ဖူးပွင့်ဇော်ဖြစ်ပြီး ညာဘက်ရင်အုပ်ထိမှန် ခဲ့ကြောင်း မန္တလေးမြေပြင်အခြေအနေများရေးသားနေသည့် Voice Of Mandalay အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
“မသေဖို့များတယ်။ ရင်ဝပဲထိထားတာ”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။
သို့သော် ထိုရဲမေမှာ ရင်ညွှန့်ထိမှန်သွား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း MDY Revolution ကမူ ဖော်ပြသည်။
ရဲမေ၏ ညာဘက်ရင်ညွှန်ကို ကျည်ထိမှန်ထားသောသတင်းဓါတ်ပုံလည်း အောက်တိုဘာ ၁၃ ညတွင် လူမှုကွန်ယက်၌ ပျံ့နှံလာသည်။
ရဲမေပစ်ခတ်ခံရပြီးနောက် စစ်အုပ်စုနှင့် လူနာတင်ယာဥ်များရောက်ရှိလာပြီး တင်းကြပ်စွာစစ်ဆေးခဲ့ကြောင်း သိရသည်။
မန္တလေးတွင် ယာဥ်ထိန်းရဲအပါအဝင် စစ်ကောင်စီ၏လက်နက်ကိုင်အုပ်စုများက နေ့စဥ်အဖွဲ့ပေါင်း ၁၀ ဖွဲ့ထက်မနည်းဖြင့် ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေကြောင်းဒေသခံများကပြောသည်။
“တအားပါဝါပြပြီး အရမ်းဖမ်းနေတာ။ မရှိဆင်းရဲသားဆိုင်ကယ်အစုတ်လေးတွေ။ အခြေခံလူတန်းစားရဲ့ လုပ်ခလစာ လေးက နည်းနည်း။ အဖမ်းခံရတော့ အနည်းဆုံး သုံးသောင်းပေးကြရတာ။ အားလုံးမေတ္တာပို့နေကြတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
၂၀၂၃ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေကလည်းချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းမှ ဂျက်မဟု လူသိများသည့် ဒုရဲအုပ်အမျိုးသမီးသည် ၈၁ လမ်းနှင့် ၂၉ လမ်းထောင့်ရှိ ဗဟို မီးသတ်အနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့သည်။
ထိုအပြင် ၂၀၂၃ ခုနှစ် ဇူလိုင်လကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။

















































