close
Connect with us

Hi, what are you looking for?

သတင်း

ဗိုလ်ကော်လာဖိုးဦးဆောင်သည့် KTLAကအရပ်သား ၆ဦးထက်မနည်းသတ်ဖြတ်မှုအပေါ် ထားဝယ်ခရိုင်သပိတ်ကော်မတီ ကန့်ကွက်ရှုတ်ချ

ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်များ၏ အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ ထားဝယ်ခရိုင် သပိတ်ကော်မတီက အောက်တိုဘာ ၁၅ရက်တွင် သတင်းထုတ် ပြန်ကန့်ကွက်ခဲ့သည်။

ဟန်နွေ/People’s Spring

ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာ လက်အောက်ခံ တပ်ဖွဲဝင်များ၏ အရပ်သားများအပေါ် ရာဇဝတ်မှုကျူးလွန်မှုများနှင့် ပတ်သက်၍ ထားဝယ်ခရိုင် သပိတ်ကော်မတီက အောက်တိုဘာ ၁၅ရက်တွင် သတင်းထုတ် ပြန်ကန့်ကွက်ခဲ့သည်။

အရပ်သား ၆ဦးထက်မနည်းသတ်ဖြတ်မှုကျူးလွန်ခဲ့သည့် KTLA လုပ်ရပ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အတွင်း အခြေစိုက်လှုပ်ရှားသည့် ကော်သူးလေတပ်မတော်(KTLA)၊ ဆာကဆောတပ်မဟာသည်KTLAလက်​အောက်ခံတပမဖြစ်သည်။ KTLA ဆာကဆောတပ်မဟာ၏လက်အောက်ခံ တပ်ဖွဲ့ဝင်များသည် ဒေသခံပြည်သူတချို့ကို မတရားဖမ်းဆီးသတ်ဖြတ်မှုများကျူးလွန်နေသည်ကို စုံစမ်းတွေ့ရှိခဲ့ကြောင်း ဖြစ်စဉ်အချို့ကို ဖော်ပြခဲ့သည်။

အဆိုပါ KTLA တပ်ဖွဲဝင်များအနေဖြင့် ၂၀၂၃ ဒီဇင်ဘာနှင့် ယခုနှစ် အောက်တိုဘာတွင် အရပ်သားများအား သတ်ဖြတ်သည့် ကျူးလွန်မှုများပြုလုပ်ခဲ့​ကြောင်း ထားဝယ်ခရိုင် သပိတ် ကော်မတီက အသိပေးသည်။

၂၀၂၃ ဒီဇင်ဘာ ၁၈ရက်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်လုံးကြီးကျေးရွာကနေ အလုပ်သွားရန် ထွက်လာသည့် ရွှေ့ပြောင်း ရွှေအလုပ်သမားသုံးဦးကို KTLAတပ်ဖွဲ့ဝင်များက ဖမ်းဆီးပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူသုံးဦးမှာ အသက် ၅၂နှစ်အရွယ် ဦးကျော်အေး၊ အသက် ၃၈နှစ်အရွယ် ကိုလှမြင့်နှင့် အသက် ၂၂နှစ်အရွယ် ကိုကျော်ဇောလင်းတို့ ဖြစ်ကြပြီး ၎င်းတို့အား KTLA ၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၂)၊ တပ်ခွဲ (၅)ရဲ့ တပ်ဖွဲဝင်များက ခိုင်လုံသည့် မည်သည့်သက်သေအထောက်အထားမျှမရှိဘဲစစ်ကောင်စီသတင်းပေးလုပ်သည်ဆိုသည့် မဟုတ်မမှန်စွပ်စွဲချက်ဖြင့် ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဦးကျော်အေး၊ ကိုလှမြင့်နှင့် ကိုကျော်ဇောလင်းတို့ သုံးဦးသည် မည်သည့်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့နှင့်မျှ ပတ်သက်မှုမရှိဘဲ သာမန်လက်လုပ်လက်စား အလုပ်သမားတွေသာဖြစ်သည့်အကြောင်းရွာခံများနှင့် ဒေသအခြေစိုကတော်လှန်ရေးတပ်ဖွဲဝင်တချို့က အတည်ပြုထားသည်ဟု ဆိုသည်။

သတ်ဖြတ်ခံရသူ သုံးဦးထဲမှ ကိုလှမြင့်ဆိုသူကို KTLA တပ်ဖွဲဝင်များက ရက်ရက်စက်စက် သတ်ဖြတ်နေသည့် ရုပ်သံ မှတ်တမ်းနှင့် သတ်ဖြတ်မှုမှာ ကိုယ်တိုင်ကျူးလွန်ပါဝင်ခဲ့သည့် KTLA တပ်ဖွဲ့ဝင်တဦးမှ ဝန်ခံထွက်ဆိုထားသည့် ရုပ်သံမှတ်တမ်းတို့ကိုလည်း ထားဝယ်ခရိုင် သပိတ်ကော်မတီက လက်ခံရရှိထားသည်ဟု အသိပေးသည်။

ထိုအပြင်အောက်တိုဘာ ၂ ရက်တွင်လည်း ထားဝယ်မြို့ပေါ်ကနေ ထားဝယ်အရှေ့တောဒေသတွင် ခဲနှင့် သံထည်ပစ္စည်းများလာဝယ်သည့် ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးကို ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃) တပ်ဖွဲ့ဝင် များက ဖမ်းဆီးသွားခဲ့ရာ ၎င်းတို့ ၏ ရုပ်အလောင်းများကို အောက်တိုဘာ ၈ရက်တွင် KTLAဆာကဆောတပ်မဟာ တပ်ရင်း(၃) စစ်ဆေးရေးဂိတ်အနီးတွင် တွေ့ရသည်ဟု ဖော်ပြသည်။

ဦးဆန်နီ၊ ဦးသန်းကြွယ်နှင့် ဦးမြင့်လွင်တို့ သုံးဦးသည် သာမန်အရပ်သားများသာဖြစ်ပြီး KTLA တပ်ဖွဲ့ဝင် များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် သတ်ဖြတ်ခံလိုက်ရသည့်အတွက် အဆိုပါ သတ်ဖြတ်မှုကို KTLA အနေဖြင့် တာဝန် ခံရမည်ဖြစ်သော်လည်း KTLA၊ ဆာကဆောတပ်မဟာ၊ တပ်ရင်း (၃)တာဝန်ရှိသူများအနေဖြင့် အဆိုပါဖမ်းဆီး သတ်ဖြတ်မှုနှင့် ပတ်သက်ပြီး တစုံတရာ ဖြေရှင်းမှု မရှိသေးဟု ဆိုသည်။

အရပ်သားပြည်သူများအပေါ် ကျူးလွန်သည့် အထက်ပါ ရာဇဝတ်မှုနှစ်ခုသည် ကျွန်တော်တို့ ကော်မတီ အနေဖြင့် အချက်အလက် အခိုင်အမာရရှိထားသည့် ကျူးလွန်မှုနှစ်ခုသာဖြစ်ပြီး အချက်အလက် အတည်မပြုနိုင် သေးသည့် တခြားရာဇဝတ်မှုများကိုလည်း KTLA တပ်ဖွဲဝင်တချို့ ကျူးလွန်ထားသည်ဟုစုံစမ်းသိရှိရကြောင်း၊ အရပ်သားပြည်သူများအပေါ် လက်လွတ်စပယ် ဖမ်းဆီးသတ်ဖြတ် နေသည့် KTLA လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ယခုလို လုပ်ရပ်များအပေါ် အပြင်းအထန် ဆန့်ကျင် ကန့်ကွက်ရှုတ်ချကြောင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်သည်။

“အဓိက, ကတော့ပြည်သူတွေအပေါ် သူတို့ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ဖော်ထုတ်ပြီး ပြည်သူတွေသိအောင်ချပြပါတယ်။ နောက်ပြီး သူတို့တပ်ရဲ့ တာဝန်ရှိသူတွေကိုလည်း ဆက်သွယ်တိုင်ကြားပါတယ်။ အပြစ်ကျူးလွန်တဲ့သူတွေကို အရေးယူနိုင်ဖို့နဲ့ နောက်ထပ် ပြည်သူတွေအပေါ် ရာဇဝတ်မှုတွေ မကျူးလွန်အောင်ပါ”ဟု ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပေးသည်။

ကော်သူးလေတပ်မတော်(KTLA) ဌာနာချုပ် တာဝန်ရှိသူများနှင့် ဆာကဆောတပ်မဟာ တာဝန်ရှိ သူများအနေဖြင့် လက်အောက်ခံတပ်ဖွဲ့ဝင်များ၏ ပြည်သူအပေါ် ရာဇဝတ်မှုကျူးလွန်နေမှုများကို မျက်လုံး အစုံမှိတ် လက်ပိုက်ကြည့်မနေဘဲ အချိန်မှီ တားဆီး၊ စစ်ဆေးအရေးယူကြရန်လည်း တောင်းဆိုထားသည်။

တဆက်တည်းတွင် ညီနောင်တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း KTLAအပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တိုင်း၏ ပြည်သူတွေအပေါ် ရာဇဝတ်မှုမြောက်သည့် လုပ်ရပ်များကို ဝိုင်းဝန်းထုတ်ဖော် ဆန့်ကျင်သွားရန် ထားဝယ်ခရိုင် သပိတ်ကော်မတီက တိုက်တွန်းထားသည်။

“ပြည်သူတွေအပေါ် အခုလို အနိုင်ကျင့်သတ် ဖြတ်မှုဟာ သူတို့ရဲ့ တော်လှန်ရေးရပ်တည် ချက် ဘယ်လိုရှိလဲဆိုတာ ပေါ်လွင်ပါတယ်။တော်လှန်ရေးလုပ်ရင် ပြည်သူကို မျက်နှာမူရပါမယ်။အခုကသာမာန်ပြည်သူအရပ်သားစစ်စစ်တွေကို ခေါင်းစဥ်မျိုးစုံတပ် သတ်ချင်သလို သတ်နေတာ နွေဦးတော်လှန်ရေးရဲ့ စံတန်ဖိုးတွေကို ထိခိုက်စေပါတယ်။ နောက်ပြီး သူတို့ရဲ့အခုလိုလုပ်ရပ်တွေက တခြားလက် နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပေါ်မှာလည်း ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု၊ ယုံကြည်မှုတွေ ထိခိုက်စေနိုင်ပါတယ်”ဟု ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှ တာဝန်ရှိသူက မှတ်ချက်ပေးသည်။

ကော်သူးလေတပ်မတော်(KTLA) သည် KNDOစစ်ဦးစီးချုပ်​ဟောင်းဗိုလ်မှူယချုပ် နယ်ဒါးမြ ​ကဦး​ဆောင်၍ ၂၀၂၂ ​ဇူလိုင်လတွင်ဖွဲ့စည်းခဲ့သည်။ ဗိုလ်မှူးချုပ် နယ်ဒါးမြသည်။၂၀၂၁ ခုနှစ် မေ ၃၁ ရက်တွင် မြဝတီမြို့နယ်၊ အူးဟူချောင်းတံတား တိုက်ပွဲ၌ ဗိုလ်မှူးချုပ် နယ်ဒါးမြ ၏ KNDO စစ်ကြောင်းမှာ တံတား​ဆောက်လုပ်​ရေးလုပ်ငန်းခွင်မှ လုပ်သားများကိုဖမ်းဆီးပြီး ထိုအထဲမှ ၂၅ ဦးကို စစ်ကောင်စီ၏ ထောက်လှမ်းရေးများဟု စွပ်စွဲ၍ သတ်ခဲ့သည်။ ထိုဖြစ်စဥ်ကို KNU ကစုံစမ်းစစ်​ဆေးပြီး ဗိုလ်မှူးချုပ် နယ်ဒါးမြကို KNDO စစ်ဦးစီးချုပ်အဖြစ်မှထုတ်ပယ်ခဲ့ပြီး​နောက် ၎င်းက ​နောက်လိုက်အင်အားများဖြင့် KTLA အမည်ဖြင့်တပ်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခု အရပ်သားများအားသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် KTLAဆာကဆောတပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄) တပ်ဖွဲ့များအား တိုက်ခိုက်နေသည့် ဗိုလ်ကော်လာဖိုးခေါ် ဗိုလ်အယ်ခွီးဦးဆောင်သည့် တပ်ဖြစ်သည်ဟု KNU ထားဝယ်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောအယ်နားက ရှင်းပြသည်။

“ဆာကဆောတပ်ဖွဲ့က အဲဒီ ကော်လာဖိုးအဖွဲ့ဖြစ်တယ်။ ကျနော်တို့ကို ခြုံခိုတိုက်ခိုက်နေတဲ့ အဖွဲ့ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့ လိုက် ရှင်းနေတဲ့ အဖွဲ့ပဲ”ဟု ပဒိုစောအယ်နားက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် မြန်မာ - ထိုင်းနယ်စပ်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နှင့် ကော်သူးလေတပ်မတော်(KTLA)တို့ တိုက်ပွဲ ဖြစ်ပွားနေကြောင်း KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

သတင်း

တပ်မဟာ(၄)နယ်မြေ ဘိတ်-ထားဝယ်ခရိုင်တွင် အခြားသော KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုး တပ်ဖွဲ့နှင့်သာ ပြဿနာဖြစ် နေသည်ဟု ပဒိုစောအယ်နားက ပြောသည်။

သတင်း

တပ်မဟာ(၄)၏ တပ်ရေးဗိုလ်မှူးခရီးစဉ်နှင့်ပတ်သက်ပြီး KTLA အယ်ခွီး (ကော်လာဖိုး)၏ လူများထံသို့ ကြိုတင် အကြောင်းကြားခဲ့ရာ အနှောက်အယှက်မပြုဟု ပြန်ကြားချက်ရရှိခဲ့သော်လည်းလမ်းပိုင်းမှနေ၍ စောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇူလိုင် ၁၉ရက်က KNLA တပ်မှူးပါသည့် ကားကို ထားဝယ်မြို့နယ် ဖောင်းတောရွာနှင့် မိုင် ၄၀ ရွာကြား၌ KTLAက ပစ်ခတ်ခဲ့ရာ KNLA ဘက်က ဗိုလ်မှူးအပါအဝင် ၂ဦး သေဆုံးပြီး ၅ဦး ဒဏ်ရာရရှိခဲ့သည်ဟု KNLA စစ်ဌာနချုပ်၏ ကရင်ဘာသာဖြင့် ဖော်ပြချက်ကို The...

Facebook