ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ၌ လတ်တလောတိုက်ပွဲပြင်းထန်ခြင်းမရှိဘဲ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ကြောင်းများ နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် အခြေအနေသာဖြစ်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ပန်ဝါဒေသရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(၁၀၀၂)ကို KIA ပူးပေါင်းတပ်က ယမန်နေ့ (အောက်တိုဘာ ၁၀ရက်)မှ စတင်၍ ထိုးစစ်ဆင်၍ တိုက်ပွဲများဖြစ်ပွားနေကြောင်း သတင်းများနှင့်ပတ်သက်ပြီး မေးမြန်းရာ ဗိုလ်မှူးကြီးနော်ဘူက ယခုကဲ့သို့ ဖြေကြားသည်။
“ပန်ဝါဘက်မှာ တိုက်ပွဲပြင်းထန်တာမရှိဘူး။ ကျနော်တို့ KIA စစ်ကြောင်းတွေ လည်း လုံခြုံရေးယူထားတဲ့ အနေနဲ့ အားလုံးရှိပါတယ်။ ဒါပေမဲ့ ထိုးစစ်ဆင်တာ မရှိသေးဘူး။ နယ်မြေရှင်းလင်းရေးတွေလုပ်နေပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညနေပိုင်း၌ ပြောကြားသည်။

Public Service Announcement
ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကမူ ပန်ဝါ ဘက်၌ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး နယ်ခြားစောင့်တပ် (၁၀၀၂)ကို အပြီးသတ် သိမ်းနိုင်ခြင်းမရှိသေးဟု သိရကြောင်း ပြောပြသည်။
အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း “သူတို့ တပ်ကုန်းတစ်ခုကို သိမ်းလိုက်တာ။ ဒီ ၁၀၀၂ တပ်ကုန်းကို ဒီနေ့လည်လောက်မှာ သိမ်းလိုက်တယ်လို့ သတင်းရတယ်”ဟု ယနေ့ အောက်တိုဘာ ၁၁ရက်ညနေပိုင်း၌ပြောကြားသည်။
ပန်ဝါဒေသ စစ်ရေးအခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင်လည်း ပန်ဝါမှ ဗျူဟာကျသည့် ၁၀၀၂ တပ်စခန်းမှ ပြည်သူ့စစ်များ ပန်ဝါမြို့ထဲသို့စတင်ဆုတ်ခွာနေပြီဖြစ်ကြောင်း ယနေ့ မွန်းလွဲပိုင်း၌ ရေးသားထားသည်။ ၁၀၀၂ တပ်စခန်းကျပြီဟု ပြော၍ ရကြောင်းလည်း ဆက်လက်ရေးသားထားသည်။
စစ်ကောင်စီ လက်အောက်ခံဦးဇခုန်တိန့်ယိန်း၏ကချင်အထူးဒေသ(၁)နယ်မြေများဖြစ်သည့်ဆော့လော်၊ချီဖွေ၊ ဆဒုံးဒေသများကို KIAက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယခုနှစ် ဇွန်လတွင်ဆဒုံးဒေသ၊စက်တင်ဘာလကုန်ပိုင်းတွင်ချီဖွေမြို့၊အောက်တိုဘာလဆန်းတွင် ဆော့လော်မြို့များကိုအပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
အောက်တိုဘာပထမပတ်အတွင်းကလည်းချီဖွေ-ပန်ဝါကြားရှိစစ်ကောင်စီလက်အောက်ခံတပ်စခန်းအချို့ကို KIA ပူးပေါင်းတပ်ကထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။
