close
Connect with us

Hi, what are you looking for?

သတင်း

ကုလလုံခြုံရေးကောင်စီ ဦးဆောင်၍ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးအသုံးပြုကာ စစ်အုပ်စုအားအရေးယူနိုင်ရေး မြန်မာသံအမတ်ကြီးတိုက်တွန်း

စစ်အုပ်စုနှင့် ထိုက်တန်သောနေရာများမှာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများ၊ ခုံရုံးများသာဖြစ်

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ-ဥပဒေရေးရာ ဆွေးနွေးမှုအစီအစဉ်၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

အီယိုရီ/People’s Spring

ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဦးဆောင်၍ ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုကာ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများအား အဆုံးသတ်နိုင်ရန် လုပ်ဆောင်ရမည်ဟု မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် အကြမ်းဖက်စစ်တပ်၏ နိုင်ငံတကာရာဇဝတ်မှုများကို ချုပ်ငြိမ်းရန် အရှိန်အဟုန်မြှင့်တင်၍ ထိရောက်သော အရေးယူ ဆောင်ရွက်မှုများပြုလုပ်ရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။ အောက်တိုဘာ ၁၀ရက်တွင် ကျင်းပသော (၇၉) ကြိမ်မြောက်ကုလသမဂ္ဂအထွေထွေညီလာခံ၊ ဆဋ္ဌမကော်မတီ၌ ‘လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ(Crimes Against Humanity)’ခေါင်းစဉ်အောက်မှ မြန်မာသံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ယခုအချိန်ဟာ ဆုံးဖြတ်ချက်ချမှတ်ရမယ့်အချိန်ဖြစ်ပြီး မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပေးဖို့ တိုက်တွန်းပါတယ်” ဟု မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်မှန်သော တည်ငြိမ်မှုကို လျစ်လျူရှုခြင်းဖြင့် တည်ဆောက်နိုင်မည် မဟုတ်ဘဲ တရားမျှတမှုအပေါ်တွင်သာ တည်ဆောက်နိုင်ကြောင်းနှင့် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေသည့် အစဉ်အလာကို အဆုံးသတ်ရမည်ဟု သံအမတ်ကြီးက ဆိုသည်။

“ပြစ်ဒဏ်ကင်းလွတ်ခွင့် စက်ဝန်း အဆုံးသတ်မှသာ အကြမ်းဖက်မှုသံသရာ ရပ်တန့်မှာဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ကုလအဖွဲ့ဝင်နိုင်ငံများကို အသိပေးသည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆဋ္ဌမကော်မတီ-ဥပဒေရေးရာ ဆွေးနွေးမှုအစီအစဉ်၌ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း မိန့်ခွန်းပြောကြားနေစဉ်။ ဓာတ်ပုံ-မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံး

၂၀၂၁ ဖေဖော်ဝါရီ တရားမဝင်စစ်အာဏာသိမ်းရန် ကြိုးပမ်းခဲ့ချိန်မှစ၍ အာဏာသိမ်းစစ်အုပ်စု၏ ရက်စက်စွာ သတ်ဖြတ်မှုကြောင့် လူပေါင်း ၅,၇၀၀ ကျော် သေဆုံးခဲ့ရပြီး နိုင်ငံ့လူဦးရေ၏ ၃.၄ သန်းကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါကြောင်း သိရသည်။ လူဦးရေ ၁၈.၆ သန်း ကျော်မှာလည်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ အရေးတကြီး လိုအပ်နေပြီး ၎င်းတို့အနက်အများစုမှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းများက ဖော်ပြသည်။

စစ်ကောင်စီ၏ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုတစ်စုအား စနစ်တကျဖယ်ရှားမှု၊ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇဝတ်မှုများအား ကျူးလွန်သူများအနေဖြင့် နိုင်ငံရေးအာဏာကို ရယူရန် ကြိုးပမ်းခြင်းဖြင့် တရားဝင်မှုမရရှိထိုက်ကြောင်း မြန်မာသံအမတ်ကြီးက ထောက်ပြသည်။

ထို့အပြင် စစ်အုပ်စုနှင့် ထိုက်တန်သောနေရာများမှာ လွှတ်တော်များ၊ သမ္မတအိမ်တော်များမဟုတ်ဘဲ နိုင်ငံတကာ ရာဇဝတ်တရားရုံးများ သို့မဟုတ် ခုံရုံးများသာဖြစ်ပြီး ၎င်းတို့အနေဖြင့် အဆိုပါ တရားရုံးများနှင့် ခုံရုံးများ၏ ရှေ့မှောက်၌ အပြစ်သားများအဖြစ်သာရှိသင့်ကြောင်း သံအမတ်ကြီးက ထောက်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်ကို စစ်လက်နက်ပိတ်ဆို့မှုများလုပ်ဆောင်ရန် သံအမတ်ကြီးက ထပ်လောင်းတောင်းဆိုသည်။

သတင်း

မြန်မာပြည်သူများအဖို့ မြန်မာစစ်တပ်၏ လုပ်ရပ်များသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းပြီး လက်သင့်ခံနိုင်ခြင်းလည်း မရှိကြောင်း သံအမတ်ကြီးက ဆိုသည်။

သတင်း

လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိပြီး အာဆီယံ ဘုံသဘောတူညီချက် (၅)ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ထည့်သွင်းပြောကြားသည်။

သတင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခေါ်) ဒေါ်ရှားမီးက စစ်ကောင်စီ၏ ကျူးလွန်မှုများကို အမြန်အဆုံးသတ်နိုင်ရေး အရေးယူပေးရန်အရေးကြီးအဆိုကို လွှတ်တော်သို့ တင်သွင်းခဲ့သည်။

Facebook