လူအေး/People’s Spring
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ငပုရင်းရွာနှင့် စည်ပါကျေးရွာကြားကို စစ်ကောင်စီက ယနေ့(အောက်တိုဘာ ၁၂ရက်) နံနက်ပိုင်းတွင် လေကြောင်းမှ ၁၁ကြိမ်တိုက်ခိုက်ခဲ့ပြီး လတ်တလောရရှိထားသောသတင်းများအရ လူထိခိုက်မှုမရှိကြောင်း သတင်းရရှိသည်။
ငပုရင်းရွာဆေးခန်းအနီးနှင့် စည်ပါကျေးရွာပတ်ဝန်းကျင်ရှိ တောတိုက်များကို စစ်ကောင်စီက Mi35ဖြင့် ဗုံးကြဲကာ စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားကြောင်း ဒေသခံများကပြောသည်။

Public Service Announcement
” အကုန်လုံးဆို ၁၁ကြိမ် ပစ်တာ။ ဒေသခံတွေက ပုန်းနေကြရလို့ ထိခိုက်မှုမရှိဘူးလို့ ကနဦး သိထားရတယ်။ အသေးစိတ်တော့ မသိသေးဘူးပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကော်မတီဝင်တစ်ဦးကလည်း စစ်ကောင်စီသည် ဘုတလင်မြို့ကိုပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသလို မြေပြင်မှလည်းစစ်ကြောင်းထိုးရန်ကြိုးပမ်းနေကြောင်း ပြောသည်။
ဘုတလင်မြို့တွင် စက်တင်ဘာလ ၃၀ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။ ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာ ၃၃ဦး သေဆုံးခဲ့ကြောင်း၊
လက်နက်မျိုးစုံ (၅၆) လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)က သတင်းထုတ်ပြန်ထားသည်။
တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီသည် အောက်တိုဘာ ၂ရက်တွင် ဘုတလင်မြို့နယ် မောင်းထောင်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့အပြင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ အင်အား ၁၀၀ကျော်ပါ မြေပြင်စစ်ကြောင်းကလည်း ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
