အင်ကြင်း/People’s Spring
မန္တလေးမြို့တွင် သေနတ်ဖြင့်အနီးကပ်ပစ်ခတ်ခံရသည့် ယာဥ်ထိန်းရဲမေ အသက်သေဆုံးခြင်းမရှိဘဲ အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးရုံတက်ကုသနေရကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၁၃ရက် ညနေ ၄နာရီခန့်က မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊၆၂လမ်း၊ ၁၂၄လမ်းနှင့် ၁၂၅လမ်းကြားတွင် ယာဥ်များအား စစ်ဆေးငွေညှစ်နေသော စစ်ကောင်စီအုပ်စုအနက် ယာဥ်ထိန်းရဲမေတစ်ဦး အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး ရင်ညွှန့်၌ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
ပစ်ခတ်ခံရသူမှာ ဒုရဲအုပ်အဆင့်ရှိသူ ဖူးပွင့်ဇော် ဖြစ်ပြီး ၎င်းအား စစ်ကောင်စီက အမှတ်(၁)စစ်မြေပြင် ဆေးတပ်ရင်း၌ ဆေးကုပေးနေကြောင်း စစ်ကောင်စီထုတ် မန္တလေးနေ့စဥ်သတင်းစာက ဝါဒဖြန့်သည်။
ပစ်ခတ်ခံရသည့်ယာဥ်ထိန်းရဲမေအခြေအနေနှင့်ပတ်သက်၍ မန္တလေးမြေပြင်သတင်းများ ဖြန့်ဝေနေသည့်Voice Of Mandalay အဖွဲ့၏ အဖွဲ့ဝင်တစ်ဦးက “မသေဖို့များတယ်။ ရင်ဝပဲထိထားတာ။”ဟု ပြောသည်။
၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ယာဥ်စစ်ဆေးရေးအဖွဲ့များ၊ ယာဥ်ထိန်းရုံးများလည်း ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။
မန္တလေးမြို့တွင် ယာဥ်ထိန်းရဲအပါအဝင် စစ် ကောင်စီက နေ့စဥ်အဖွဲ့ပေါင်း ၁၀ဖွဲ့ထက်မနည်းဖြင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဖမ်းဆီးငွေညှစ်နေသည်။
အထက်ပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကပြုလုပ်သည်ကိုမူ ထုတ်ပြန်ခြင်းမရှိသေးပေ။
