ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါဒေသ အခြေစိုက်ထားသည့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)-၁၀၀၂ ပင်မစခန်းအပါအဝင် တပ်စခန်း ၄ခုအား KIAက သိမ်းပိုက် ရရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ချီဖွေနှင့် ဆော့လော်မြို့များကို ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က စက်တင်ဘာလကုန်ပိုင်းနှင့် အောက်တိုဘာလဆန်းက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အောက်တိုဘာ လလယ်ပိုင်းတွင် နယ်ခြားစောင့်တပ်စခန်း (၁၀၀၂)ကို အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။
ပန်ဝါနှင့် (၅)မိုင်ခန့်အကွာရှိ တပ်စခန်း (၁၀၀၂) ဌာနချုပ်ကို အောက်တိုဘာ ၁၄ရက်တွင် အပြီး သိမ်းနိုင်ပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ် အချို့က ပြောပြီး အချို့စစ်ရေးသတင်းရင်းမြစ်က ယနေ့ (အောက်တိုဘာ ၁၅ရက်) နေ့လည်ပိုင်းတွင် (၁၀၀၂)ပင်မ တပ်စခန်းအပါအဝင် စခန်းအားလုံးသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

Public Service Announcement
ယနေ့ (အောက်တိုဘာ ၁၅ရက်) နေ့လည် ၁၂နာရီ ၄၀တွင် လုပီအခြေစိုက် (၁၀၀၂)ပင်မစခန်းသိမ်းရဟု အသိပေးသည်။
“BGF အမှတ်(၁၀၀၂)ပင်မစခန်းကြီးနဲ့အတူ ကာကင်းစခန်း ၃ခု၊စခန်းအားလုံး ၄ခုကို KIA ပူးပေါင်းတပ်ဖွဲ့များ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်လိုက်ပါပြီ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ တပ်စခန်းသိမ်းပိုက်မှုတွင် စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ရရှိကြောင်းလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
(၁၀၀၂)တပ်ရင်း ကျပြီဖြစ်၍ ပန်ဝါအခြေစိုက် စစ်ကောင်စီ ဗျူဟာ၊ ခလရ(၂၉)၊ BGF (၁၀၀၁) နှင့် (၁၀၀၃)နှင့် ပြည်သူ့စစ်အင်အားများသာ ကျန်တော့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ ပြောသည်။
လုပီတိုက်ပွဲအတွင်း ကချင်အထူးဒေသ(၁) ပြည်သူ့စစ်ညွှန်ကြားရေးမှူး ဒဏ်ရာပြင်းန်စွာ ရရှိပြီး တရုတ်နိုင်ငံဘက် ထွက်ပြေးသွားပြီး (၁၀၀၂) တပ်မှူးလည်း တရုတ်နိုင်ငံဘက်ပြေးသွားသည်ဟု စစ်ရေးသတင်းရင်းမြစ်က အသိပေးသည်။
” ကျနော်တို့ သတင်းပေး ပြောတာက ဒီညွှန်ကြားရေးမှူးနဲ့ တပ်ရင်းမှူးလို့ ပြောတာပဲ။ အတိအကျလည်း မေးနေတာ မေးလို့တော့ မရသေးဘူး။ ဒါပေမဲ့ အဲဒီလိုတော့ သတင်းပို့ထားတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ ပြောသည်။
KIA အနေဖြင့် ကချင်အထူးဒေသ(၁)နယ်မြေရှိ ဆဒုံး၊ ဆော့လော်၊ ချီဖွေမြို့များကို အပြီးသတ် သိမ်းပိုက်ထားပြီး တရုတ် – မြန်မာနယ်စပ်မြို့ ပန်ဝါကို ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
စစ်ဆင်ရေးအတွင်း ဆဒုံးဒေသရှိ စစ်ကောင်စီ ဗျူဟာအပါအဝင် တပ်စခန်း ၂၀ကျော်၊ ချီဖွေနှင့် ဆော့လော် ဒေသမှ စစ်ကောင်စီလက်အောက်ခံ တပ်စခန်း ၁၃ခုထက်မနည်း၊ ချီဖွေ -ပန်ဝါလမ်း၊ လုပီ ဒေသတို့မှ တပ်စခန်း ၆ခုခက်မနည်း စုစုပေါင်း ကချင်အထူးဒေသ(၁) နယ်မြေမှ စစ်ကောင်စီ ၊ပြည်သူ့စစ်၊ BGF တပ်စခန်းကြီးငယ် ၄၀ ကျော်ကို ယခုနှစ် ဇွန်လမှအောက်တိုဘာလလယ်အတွင်း သိမ်းပိုက်ရရှိထားသည်။
