close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံအတွက် လုပ်ငန်းကော်မတီဖွဲ့စည်းကြောင်း ထုတ်ပြန်

လုပ်ငန်းကော်မတီဖွဲ့စည်းမှုအပေါ် NUG ဝန်ကြီးချုပ်ဂုဏ်ပြုသဝဏ်လွှာပေးပို့

မန္တလေးတိုင်းအတွင်း မြို့သိမ်းတိုက်ပွဲများ၌ အောင်ပွဲရ MDY-PDF တပ်ဖွဲ့ဝင်များအားတွေ့ရစဉ်။ ဓာတ်ပုံ - MDY PDF

အီယိုရီ/People’s Spring

မန္တလေးတိုင်း မြို့နယ်အချို့၌ စစ်ရေးအောင်မြင်မှုများ ရှိနေချိန်တွင် ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းကြောင်း မန္တလေးတိုင်းလွှတ်တော်က အောက်တိုဘာ ၉ရက်တွင် ထုတ်ပြန်သည်။

အထက်ပါ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီတွင် အစုအဖွဲ့ ၆ခုမှ ကိုယ်စားလှယ် ၄၃ဦးပါဝင်သည်။

လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ ကိုယ်စားလှယ်မှ ၁၂ဦး၊ နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ၃ဦး၊ လူထုသပိတ်အဖွဲ့အစည်း၊ CDM ရေးရာ အဖွဲ့အစည်း၊ သမဂ္ဂနှင့် အရပ်ဖက်အဖွဲ့အစည်း၊ အလုပ်သမား၊ လယ်သမား၊ အမျိုးသမီး၊ မသန်စွမ်း၊ LGBTIQ၊ ကျောင်းသား/လူငယ်ရေးရာ အစုအဖွဲ့ ကိုယ်စားလှယ် ၁၅ဦး၊ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ၏ မန္တလေးဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးနှင့် ပြည်သူ့ကာကွယ်ရေးကဏ္ဍအစုအဖွဲ့ ကိုယ်စားလှယ် ၄ဦး၊ လူနည်းစု လူမျိုးများ အစုအဖွဲ့ကိုယ်စားလှယ် ၄ဦးနှင့် ပါဝင်သင့်၊ ပါဝင်ထိုက်သူများ အစုအဖွဲ့ကိုယ်စားလှယ် ၅ဦးတို့ ဖြစ်ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“၂၀၂၃ မှာစပြီးတော့ မန္တလေးဒေသအတွက် နိုင်ငံရေးအစီအမံတွေ လုပ်သင့်တယ်။​ စစ်ရေးအရ မြို့တွေ၊ သိမ်းနိုင်ပြီ၊ ထိန်းနိုင်ပြီဆိုတဲ့ အခါမှာ အုပ်ချုပ်ရေးကဏ္ဍတွေ နိုင်ငံရေး လေဟာနယ်တွေ မဖြစ်အောင်လို့ ဒါကိုတော့ လုပ်သင့်ပြီဆိုပြီး တစ်နှစ်ကျော်ကျော်ကြာ စတင်ပြီး အကြေအလည်ဆွေးနွေးခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေ၊​ လွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ပါတီတွေရယ်၊ အစုအဖွဲ့တွေ ဆွေးနွေးခဲ့ကြပါတယ်” ဟု မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးမြင့်အောင်မိုး ပြောသည်။

တော်လှန်ရေးတွင် ပါဝင်နေများ စုစည်းညီညွတ်စွာ၊ နားလည်မှုရှိစွာ ဆောင်ရွက်ကြရန် တိုက်တွန်းပြီး တော်လှန်ရေးအောင်မြင်ရန် မဝေးတော့ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းကော်မတီဖွဲ့စည်းနိုင်ရေးအတွက် မန္တလေးဒေသကိုယ်စားပြု ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများကြားတွင် အချိန်တခုယူကာ အကြေအလည် ညှိနှိုင်းဆွေးနွေး၊ သဘောတူခဲ့ကြပြီး ဖြစ်ကြောင်း မန္တလေးတိုင်းလွှတ်တော်က ဖော်ပြသည်။

ဆက်လက်ပြီး လုပ်ငန်းကော်မတီသည် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှု၊ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်း ရေးဆွဲရေး လုပ်ငန်းအစီအစဉ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည်ဟု အသိပေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အထက်ပါလုပ်ငန်းကော်မတီ ဖွဲ့စည်းနိုင်သည့်အပေါ် ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

NUG ဝန်ကြီးချုပ်က ဒေသအလိုက် ပြည်သူများကို အမှန်တကယ် ကိုယ်စားပြု၍ တော်လှန်ရေးအင်အားစုများ အားလုံး စုစည်းညီညွတ်စွာ ပါဝင်ပြီး အသီးသီးထွက်ပေါ်လာကြမည့် နိုင်ငံရေးအစီအမံများကိုလည်းကောင်း၊ ယင်းနိုင်ငံရေးအစီအမံများကို တာဝန်ခံကာ စုဖွဲ့ပေါ်ပေါက် လာမည့် ဒေသကိုယ်စားပြု နိုင်ငံရေးအဖွဲ့အစည်းများ၊ ဒေသအစိုးရများကိုလည်းကောင်း အားပေး ကြိုဆိုကြောင်း သဝဏ်လွှာ၌ ဖော်ပြသည်။

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်နိုင်ရေးအတွက် လုပ်ငန်းအစီအစဉ်တရပ် ချမှတ်ကာ စနစ်တကျ ဆောင်ရွက်သွားမည်ဟု မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများက ပြီးခဲ့သည့် ဇူလိုင် ၁၂ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထိုသို့ ကြားကာလနိုင်ငံရေး အစီအမံတရပ် ဖော်ထုတ်နိုင်ရေးအတွက် ဖြစ်သင့်ဖြစ်ထိုက်သည့် လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများကို ၂၀၂၃ ဩဂုတ်လမှစတင်ကာ အစည်းအဝေး ခေါင်းစဉ်တရပ်အဖြစ် သတ်မှတ်၍ တိုင်ပင်၊ ဆွေးနွေး၊ ဖလှယ်ခဲ့ကြပြီး မန္တလေးတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ တော်လှန်ရေးအင်အားစုများ အကြား အချိန်တစ်နှစ်တာကာလအတွင်း အကျေအလည် ဆွေးနွေးညှိနှိုင်းခဲ့ကြကြောင်း ဖော်ပြသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သီတင်းကျွတ်လဆန်းရက်ပေမယ့် မန္တလေးမြို့ရဲ့ မနက်ခင်းဟာ နွေရာသီလိုပဲ ပူလောင်နေတယ်။ ချွေးပြိုက်ပြိုက်ကျရတဲ့ မနက်ခင်းမှာပဲ ထောင်ချီများပြားလှတဲ့ ဆိုင်ကယ်တွေဟာ မန္တလေးမြို့ထဲကနေ အုပ်လိုက်ကြီး ထွက်လာခဲ့ကြတယ်။

သတင်း

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ နာရေးအပြန်ဆိုင်ကယ်များအား စစ်အု​ပ်စုက စောင့်ဆိုင်းဖမ်းဆီးခဲ့ကြောင်း အဆိုပါမာရေးလိုက်ပါပို့ဆောင်သော မြို့ခံများက ပြောသည်။

သတင်း

အကြမ်းဖက်မှုများအားလုံး ရပ်တန့်ရန်နှင့်မတရားသဖြင့် လက်လွတ်စပယ် ဖမ်းဆီးထားသူများ အားလုံးကို လွှတ်ပေးရန် စစ်တပ်ကိုကနေဒါ တောင်းဆို

သတင်း

မန္တလေးကရပ်ကွက်တွေမှာ ဧည့်စာရင်းအကြောင်းပြပြီး အမျိုးသားအချို့ကို ဖမ်းဆီးကာ စစ်တပ်ထဲ အဓမ္မဝင်စေတဲ့ ဖြစ်စဉ်တွေ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။