close
Connect with us

Hi, what are you looking for?

သတင်း

ဖမ်းဆီးခံတက်ကြွလှုပ်ရှားသူနှစ်ဦးကို နာမည်ဆိုးဖြင့်ကျော်ကြားသည့် စစ်ကြောရေးစခန်းများပို့ဆောင်ထားဟု AI တာဝန်ရှိသူပြော

ရန်ကုန်မြို့၌ အောက်တိုဘာ ၉ရက်က မတရားဖမ်းဆီးခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးကို နာမည်ဆိုးဖြင့်ကျော်ကြားသည့် စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၏ မြန်မာအရေး သုတေသနတာဝန်ခံ Joe Freemanက ပြောသည်။

စက်တင်ဘာ ၁၉ ရက်က ရန်ကုန်မြို့၌ လူငယ်သပိတ်ကော်မတီ​(YSC) ၊ ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု(AJAY)တို့က ကုန်စျေးနှုန်း ကျဆင်းရေးနှင့် စစ်မှုထမ်းဥပဒေ အလို မရှိကြောင်း ဆန္ဒပြနေစဥ်။ ဓာတ်ပုံ - Ye Nyi Htet

သတိုး/People’s Spring

ရန်ကုန်မြို့၌ အောက်တိုဘာ ၉ရက်က မတရားဖမ်းဆီးခံခဲ့ရသည့် တက်ကြွလှုပ်ရှားသူနှစ်ဦးကို နာမည်ဆိုးဖြင့်ကျော်ကြားသည့် စစ်ကြောရေးစခန်းသို့ ပို့ဆောင်ထားကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)၏ မြန်မာအရေး သုတေသနတာဝန်ခံ Joe Freemanက ပြောသည်။

“မြန်မာနိုင်ငံရဲ့ထောင်တွေထဲမှာ တရားမျှတမှုနဲ့ ဆက်ဆံခံရဖို့ မျှော်လင့်ချက်က အင်မတန်နည်းပါးပါတယ်။ ပွင့်လင်းမြင်သာမှုလဲမရှိသလို စံချိန်စံနှုန်းတွေ လိုက်နာခြင်းလဲ မရှိပါဘူး။ ယနေ့ဖမ်းခံရတဲ့ တက်ကြွလှုပ်ရှားသူ နှစ်ယောက်ကို ပို့လိုက်တဲ့ စစ်ကြောရေးစခန်းတွေဟာ မတရားမှုနဲ့ နာမည်ဆိုးထွက်နေပြီး အဲ့ဒီ့နေရာတွေကို စစ်တပ်က ဖမ်းဆီးထားသူတွေဆီက သတင်းအချက်အလက်တွေ နှိုက်ထုတ်ဖို့ အသုံးပြုတဲ့ နေရာမျိုးတွေပါ”ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY)၏ ဦးဆောင်သူတစ်ဦးဖြစ်သော ကိုပိုင်ဖြိုးမင်း (ခ) ဒီရေ နှင့် တက်ကြွလှုပ်ရှားသူ ကိုရှိန်းဝေအောင် တို့ကို စစ်ကောင်စီက ဧည့်စာရင်း အကြောင်းပြ၍ မတရားဖမ်းဆီးခဲ့သောကြောင့် အဆက်အသွယ်ပြတ်နေကြောင်း ရန်ကုန်တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

“ဧည့်စာရင်းအကြောင်းပြ၊ ဧည့်စာရင်းအယောင်ပြပြီးတော့မှ ကိုပိုင်ဖြိုးမင်းတို့ နေထိုင်တဲ့အိမ်ကို မတရားစီးနင်းတာ၊ မတရားဝင်ရောက်ဖမ်းဆီးတာလို့ ဒီလိုပဲ သုံးသပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုပိုင်ဖြိုးမင်းအပါအဝင် လူထုသပိတ်တိုက်ပွဲမှာ လှုပ်ရှားနေကြတဲ့ ရဲဘော်တွေ၊အင်အားစုတွေ အားလုံးဟာ အပ်တိုတစ်ချောင်းတောင်မကိုင်ဘဲ ကျွန်တော်တို့တိုင်းပြည်မှာ ဆိတ်သုဥ်းနေတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက်၊ ဖက်ဒရယ်အရေးအတွက် ရဲရဲဝံ့ဝံ့ရွပ်ရွပ်ချွံချွံ လူထုတိုက်ပွဲ ကဏ္ဍကနေ တောက်လျှောက် ဦးစီးဦးဆောင်ပြုဆောင်ရွက်နေကြတာဖြစ်ပါတယ်” ဟု AJAY ဦးဆောင်သူတစ်ဦး ကိုနန်းလင်းက ပြောသည်။

ကိုပိုင်ဖြိုးမင်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများတွင် စဥ်ဆက်မပြတ် ဦးဆောင် ပါဝင်ခဲ့သူဖြစ်သောကြောင့် စစ်အာဏာရှင်လက်ပါးစေတို့မှ အသက်အန္တရာယ် ထိခိုက်စေသည်အထိ ညှင်းပန်းနှိပ်စက်မှုကို ခံရမည်ကို သပိတ်အင်အားစုများက အလွန်အမင်းစိုးရိမ်ကြောင်း ထုတ်ပြန်ထားသည်။

“ကိုရှိန်းဝေအောင်နဲ့ပက်သက်ပြီးတော့ဘာမှ ထပ်မံသိရတာမျိုးမရှိပါဘူး ။မနေ့ည ကတည်းက အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးတော့ ယခုအချိန်အထိ အဆက်အသွယ်မရသေးပါဘူး။ဧည့်စစ်အကြောင်းပြပြီး သူနဲ့အတူ သူရဲ့မိသားဝင်တွေကိုပါ ဖမ်းဆီးခေါ်ဆောင်သွားတာမျိုးဖြစ်နိုင်ပါတယ် သူတို့ရဲ့လုံခြုံရေးနဲ့အသက်အန္တရာယ်တွေကိုတော့ အလွန်အမင်းစိုးရိမ်နေပါတယ်”ဟု စမ်းချောင်းပင်မသပိတ် စစ်ကြောင်းမှ တာဝန်ရှိသူက ပြောသည်။

အဆိုပါဖမ်းဆီးခံရသူများအပါအဝင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသား ရဲဘော်များအတွက် နိုင်ငံတကာ အသိုက်အဝန်းအင်အားစုများနှင့် တော်လှန်ရေး အင်အားစုများ၊ သပိတ်အဖွဲ့များ အနေဖြင့်လည်း စစ်ကောင်စီမှ ရဲဘော်များ လူမဆန်စွာ နှိပ်စက်ညှဥ်းပန်း၍ အသက်အန္တရာယ်ကို အလွယ်တကူ ရယူသွားနိုင်ခြင်းမရှိစေရန် အတွက် ဝိုင်းဝန်း ပူးပေါင်းဖိအားပေးကြရန် AJAY က တောင်းဆိုထားသည်။

“ဒီလ ဒီရက်ပိုင်းတွေမှာ ရန်ကုန်တော်လှန်ရေးအင်အားစုထဲကသပိတ်ရဲဘော်တွေ တစ်ယောက်ပြီးတစ်ယောက် အကြမ်းဖက်ဖမ်းဆီးခြင်းခံနေရပါတယ်။ စစ်တပ်ဟာသူတို့ဝါဒဖြန့်ချိတဲ့ မြဝတီတို့ မြန်မာ့အသံတို့ မီဒီယာတွေမှာ လက်နက်စွန့်ပြီးတော့ နိုင်ငံရေးလမ်းကြောင်းပေါ်ဖိတ်ခေါ်တယ်ဆိုပေမယ့် လက်တွေ့မှာ အခုလက်ရှိ အခြေအနေအရ လက်နက်မဲ့နိုင်ငံရေး အံတု လှုပ်ရှားမှုပြုလုပ်နေတဲ့ လူငယ်တွေကိုတောင်မှ အကြမ်းဖက်ဖမ်းဆီးခြင်းလုပ်နေတယ်ဆိုတာသူတို့ရဲ့ ပြောခဲ့တဲ့စကားနဲ့ အခုလုပ်နေတဲ့ လုပ်ရပ်ညီလား မညီဘူးလားဆိုတာကတော့ ဒီဖြစ်ရပ်တွေ ဒီဖြစ်စဉ်တွေကသက်သေပဲဖြစ်ပါတယ်”ဟု ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း ဥက္ကဌက ပြောသည်။

ရန်ကုန်မြို့၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအရှိန်အဟုန်မြှင့်လုပ်ဆောင်နေသလို စစ်ကောင်စီဘက်မှလည်း မတရားဖမ်းဆီးမှုများကို ယခင်ထက်လုပ်ဆောင်လျက်ရှိသည်။ ပြီးခဲ့သည့်လအတွင်းက ရန်ကုန်မြို့၌ ကုန်ဈေးနှုန်းကျဆင်းရေးနှင့် စစ်မှူထမ်းဥပဒေ ဆန့်ကျင်ရေး ဆန္ဒပြပွဲအပြီးတွင် သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့၏နောက်ဆက်တွဲအနေဖြင့် ရဲဘော်များနေထိုင်သည့် အိမ်များကိုလည်း စီးနင်းမှုများပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ တစ်နေရာတွင် မျိုးဆက်သစ်လူငယ် သပိတ်ကော်မတီ - NGYSCက ဦးဆောင်ကာစစ်ကောင်စီ၏ မတရားစစ်မှုထမ်းခေါ်ယူခြင်း၊ သန်းခေါင်းစာရင်းကောက်ယူမှုအပေါ် ဆန့်ကျင်ကြောင်း ယနေ့ (အောက်တိုဘာ ၅) ညပိုင်း၌ ပြုလုပ်ခဲ့သည်။

သတင်း

ရန်ကုန်မြို့၌ သပိတ်ရဲဘော်လေးဦး ဖမ်းဆီးခံရပြီးနောက်ရက်တွင် အဆိုပါသပိတ်ရဲဘော်များနေထိုင်သည့် နေအိမ်များကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ကြောင်း တကသကျောင်းသားဟောင်းများအင်အားစုမှ ကိုနန်းလင်းက ပြောသည်။

သတင်း

ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် စစ် ကောင်စီ၏ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)ရုံးချုပ်ဝင်းကို ယမန်နေ့ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Column (R.U.C) စစ်ကြောင်းမှ အသိပေးထုတ်ပြန်သည်။

သတင်း

ရန်ကုန်တိုင်းရှိ မြို့နယ်များကို ၄နာရီအလှည့်ကျစနစ်ဖြင့် လျှပ်စစ်မီးပေးတော့မည်ဟု အဆိုပါမြို့နယ်လျှပ်စစ်မန်နေဂျာရုံးများက ကြေညာသည်။