ရဲခေါင်/People’s Spring
ပြည်တွင်း စက်သုံးဆီစျေးနှုန်းများ တစ်လီတာ ကျပ် ၁၀၀ ကျော် ထပ်မံစျေးတက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များထံမှ သိရသည်။
ယနေ့(အောက်တိုဘာ ၁၁ ရက်)တွင် ရန်ကုန်စျေးကွက် ရည်ညွှန်းစျေးအရ ၉၂ တစ်လီတာ ၃,၁၀၀ ကျပ်၊၉၅ တစ်လီတာ ၃,၃၀၅ ကျပ်၊ဒီဇယ်တစ်လီတာ ၂,၆၉၀ ကျပ်နှင့် ပရီ မီယံ ဒီဇယ်တစ်လီတာ ၃,၃၄၀ ကျပ်နှုန်း သတ်မှတ်ကြောင်း အသိပေးထားသည်။

Public Service Announcement
ယမန်နေ့(အောက်တိုဘာ ၁၀ ရက်)စက်သုံးဆီစျေးနှုန်း များဖြင့် နှိုင်းယှဥ်ပါက ၉၂ တစ်လီတာ ၁၄၅ ကျပ် ၊ ၉၅ တစ်လီတာ ၁၅၅ ကျပ်၊ဒီဇယ်တစ်လီတာ ၁၂၀ ကျပ် နှင့် ပရီမီယံ ဒီဇယ်တစ်လီတာ ၁၅၀ ကျပ်စျေးတက်သွားခြင်း ဖြစ်သည်။
“သြဂုတ်လကတည်းက တစ်လီတာ ၃,၀၀၀ ကျော်ဆီစျေးက အတက်ချည်းပဲ ။စျေးကျတဲ့ အပတ်က နှစ်ခါပဲရှိတယ်”ဟု စက်သုံးဆီ သုံးစွဲသူတစ်ဦးက လူထုနွေဦး သို့ပြောသည်။
စစ်ကောင်စီ အာဏာမသိမ်းမီ ဒီချုပ်အစိုးရလက်ထက်တွင် ပြည်တွင်းစက်သုံးဆီစျေးမှာ ၉၂ တစ်လီတာ ၄၀၄ကျပ်၊ ၉၅ တစ်လီတာ ၅၁၀ ကျပ်၊ ဒီဇယ် တစ်လီတာ ၄၅၀ ကျပ် နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၄၆၀ ကျပ်သာရှိခဲ့သည်။
လက်ရှိတွင် စစ်ကောင်စီနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း (MPTA)တို့ပူးပေါင်းပြီး စက်သုံးဆီ ဝယ်ယူခွင့်ကတ်ပြား (စမတ်ကတ်) ဖြင့်သာ စက်သုံးဆီရောင်းချမည့် အစီအစဥ်ကို မကြာမီ စတင်အကောင်အထည်ဖော်မည်ဟု သိရသည်။
အဆိုပါ စမတ်ကတ်စနစ်သည် ပြည်တွင်း၌ မကြာခဏ စက်သုံးဆီ ပြတ်လပ်မှုကို ထိန်းချုပ် ရန် သို့မဟုတ် စက်သုံးဆီဝယ်ယူမှုကို ကန့်သတ်ခြင်းများရှိလာနိုင်ကြောင်းလည်း စက်သုံးဆီ စျေးကွက်လေ့လာသူအချို့က အသိပေးထားသည်။
