ဇွန်-၁၇၊၂၀၂၅။ရဲခေါင်/People’s Spring
ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်သို့ စစ်ကောင်စီ က အင်အားအလုံးအရင်းဖြင့် ဦးတည်စစ်ကြောင်းထိုးလာ၍ ဒေသခံပြည်သူ သောင်းနှင့်ချီ၍စစ်ဘေးတိမ်းရှောင်နေသည်။
ထို့ကြောင့် စစ်ဘေးသင့်ပြည်သူ ၄၀,၀၀၀ ဝန်းကျင်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးနှင့် နေရာချထားနိုင်ရေး အတွက် က ရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကဇွန်လ ၁၆ ရက်နေ့တွင် အကူအညီတောင်းသည်။
ဇွတ်လဆန်းပိုင်းကစ၍ဖယ်ခုံမြို့နယ်အရှေ့ဘက်ကမ်း လွယ်ပေါအုပ်စုမှတစ်ဆင့် စစ်ကောင်စီ၏ ထိုးစစ်များကြောင့် စစ်ဘေးသင့်သည့် ကျေးရွာအုပ်စု ငါးခုတွင်အိမ်ထောင်စု ၇,၀၀၀ ထိရှိသည်ဟု သိရသည်။

Public Service Announcement
စစ်တပ် နှင့် ပြည်သူ့စစ် ပူးပေါင်း၍ စစ်ကြောင်းထိုးမှုကြောင့်တိုက်ပွဲများဆက်တိုက် ဖြစ်ပွားနေပြီး မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ခတ်မှုများ နှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများရှိသည်။
စစ်ရေးအချက်အလက်များအရစစ်တပ်နှင့် PNO ပြည်သူ့စစ် တို့ပူးပေါင်း၍အင်အား(၁,၀၀၀) ဝန်းကျင်ဖြင့် ဖယ်ခုံအရှေ့ဘက်ကမ်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
“တိုက်ပွဲကတော့တော်တော်ပြင်းထန်နေတယ်။ကျွန်တော်တို့ရဲအတွေအကြုံအရဆိုစစ်ကောင်စီက တော်လှန်ရေးတပ်ဖွဲ့တွေနေခဲ့တဲ့နေရာရွာတွေရောက်လာရင်စစ်ကောင်စီက သတ်ဖြတ်မီးရှို့တာတွေလုပ်နေကြဆိုတာသိကြတော့လူထုကစစ်ဘေးမရှောင်ချင်လည်းရှောင်နေရတယ်”ဟု ဖယ်ခုံမြို့နယ်စစ်ရှောင်အရေး ကူညီနေသူတစ်ဦးက လူထုနွေဦးသို့ ပြော သည်။
လက်ရှိစစ်ရှောင်နေရသည့် ရွာအုပ်စုစာရင်းများအရ ဆောင်နန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နမ်းဆွတ် နှင့် ပိန်းနဲကုန်းတို့ ဖြစ်ကြောင်း ၎င်းက အသိပေးသည်။
“ဖယ်ခုံမြို့နယ်တစ်ကြောလုံးကိုပြန်စိုးမိုးမယ်။ပြီးရင်အဲဒီစစ်ကြောင်းနဲ့ မိုးဗြဲကိုထပ်လုံးဖို့ရှိနိုင်တယ်။အဲဒါက လိုတော့လိုတယ်ဆိုပေမယ့် ဖြစ်လာနိုင်တယ်။နောက်တစ်ချက်က ကျွဲကူးရေပါ ဆိုသလို စစ်ရှောင်ပြည်သူတွေက စစ်မဖြစ်တဲ့ သူတို့အုပ်ချုပ်တဲ့နေရာဆီကို တွန်းပို့ချင်တာလည်း စကစ ရဲ့အကြံအစည်တစ်ခုပဲ”ဟု ကရင်နီစစ်ရေးအရင်းအမြစ်က ပြောသည်။
အရပ်သားပြည်သူများအနေဖြင့်ဘေးလွတ်ရာသို့ ပြောင်းရွေ့နေကြပြီး ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဌာန၊ ပြည်ထဲရေးဌာန- အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲတို့သည် အရပ်ဖက်အဖွဲ့အစည်းများ၊မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များ နှင့် ပူးပေါင်း၍ စစ်ဘေးရှောင်ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကနဦးတုံ့ပြန် ဆောင်ရွက်ခြင်းနှင့် ပံ့ပိုးကူညီမှုများကို လုပ်ဆောင်နေကြောင်း IEC က ထုတ်ပြန်သည်။
သို့သော် လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု အကူအညီလိုအပ်ချက်များမှာ အလွန်ကြီးမားနေဆဲ ဖြစ်သည့်အပြင် စစ်ပဋိပက္ခကို အကြောင်းပြုလျက် ပြည်သူများလိုအပ်နေသော လူသားချင်းစာနာထောက် ထားရေး အကူအညီများကို နည်းမျိုးစုံဖြင့် အာ ဏာသိမ်းစစ်တပ်က ထိန်းချုပ်ကန့်သတ်နေကြောင်း အသိပေးသည်။
“စစ်ကောင်စီဘက်ကလူသားချင်းစာနာထောက်ထားတဲ့အကူအညီလမ်းကြောင်းတွေ ကိုစဥ်ဆက်မပြတ်ဖျက်ဆီးပိတ်ဆို့နေတာရှိတော့။အကူအညီတွေ ဒီ့ထက်မက လိုအပ်နေတယ်ဆိုတာ ပြောလိုပါတယ်။လူသားချင်းစာနာထောက်ထားမှုကပိုကြပ်တည်းလာတယ်။ပိုလိုအပ်လာတယ်။ရှိရင်းစွဲသူတွေကလည်းလိုအပ်ချက်တွေဆက်ရှိနေတယ်”ဟု IEC တွဲဖက်အတွင်းရေးမှူးဦးဗညားကပြောသည်။
စစ်ဘေးသင့်ပြည်သူများကြုံတွေ့နေရသော စိန်ခေါ်မှုများကို နိုင်ငံတကာမှ သိရှိပြီး လူသားချင်းစာနာထောက်ထားမှုဖြင့်ပြည်သူလူထု၏ဘေးကင်းလုံခြုံ ရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေးလုပ်ငန်းများတွင် ထပ်မံတိုးမြှင့်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံထားသည်။
စစ်တပ်စစ်ကြောင်းများကြောင့် ထွက်ပြေးနေရသော စစ်ရှောင်ပြည်သူ ၄၀ ,၀၀၀ ခန့်အတွက် တစ်လစာ စားနပ်ရိက္ခာ ၊ ယာယီတဲဆောက်လုပ်နေထိုင်ရန် အမိုးအကာ အတွက်နှင့်တကိုယ်ရေးသန့်ရှင်းရေးသုံးပစ္စည်းများအတွက် စုစု ပေါင်း ဒေါ်လာတစ်သန်းကျော်လိုအပ်ကြောင်း IEC က ဖော်ပြသည်။
