ဇွန် – ၂၂ ၊၂၀၂၅ / People’s Spring
ဒီနေ့မနက်ပိုင်းက အီရန် ရဲ့ နျုကလီးယားစီမံကိန်းနေရာတွေကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်ရာမှာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေ အသုံးပြုခဲ့တယ်လို့ Reuters သတင်းဌာနက ရေးသားပါတယ်။
B-2 တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာ ပိုင်ဆိုင်ထားပြီး တစ်ကမ္ဘာလုံးမှာ ကိုယ်ပျောက်နည်းပညာနဲ့ တည်ဆောက်ထားတဲ့ တစ်ခုတည်းသော ဗုံးကြဲလေယာဉ် အမျိုးအစားလည်း ဖြစ်ပါတယ်။
အီရန်ရဲ့နျူကလီးယားစီမံကိန်းနေရာ သုံးခုကို တိုက်ခိုက်ခဲ့တယ်လို့ ထရမ့် က ကြေညာပေမယ့် အသုံးပြုခဲ့တဲ့လေယာဉ်အမျိုးအစားနဲ့ လက်နက်ခဲယမ်းကိုတော့ ထုတ်မပြောပါဘူး။

Public Service Announcement
အစ္စရေးကတော့ အီရန်ရဲ့နျူကလီးယားစီမံကိန်းနေရာတွေကို အဖျက်စွမ်းအားကြီးတဲ့ ဘန်ကာဖျက်ဗုံး တွေနဲ့တိုက်ခိုက်ပေးဖို့ အမေရိကန် ကို တောင်းဆိုထားတာပါ။
အဲဒီဘန်ကာဖျက်ဗုံးဟာ GBU-57 လို့ခေါ်တဲ့ ဧရာမ ထိပ်ဖူးတပ် ဗုံးတွေဖြစ်ပြီး အမေရိကန်ရဲ့ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေက သယ်ယူ ကြဲချနိုင်တာပါ။
ဘန်ကာဖျက် ဗုံးတစ်လုံးဟာ ပေါင်သုံးသောင်းခန့် အလေးချိန်ရှိပြီး ထိပ်ဖူးချည်းပဲ ပေါင် ခြောက်ထောင် လေးလံတယ်လို့ ဆိုပါတယ်။ ပြီးတော့ ပေါက်ကွဲအား အရမ်းပြင်းထန်တဲ့ ခဲယမ်းမီးကျောက်တွေကို ထည့်သွင်းထားပါတယ်။
အမေရိကန်မှာ မဟာဗျူဟာ ဗုံးကြဲလေယာဉ် အမျိုးအစား သုံး ခုရှိပေမယ့် B-2တွေကသာ ဘန်ကာဖျက်ဗုံးတွေကို ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်းရှိတဲ့ တစ်ခုတည်းသော အမျိုးအစား ဖြစ်ပါတယ်။
အမေရိကန်ဟာ ၂၀၂၄ ခုနှစ်တုန်းက ယီမင်နိုင်ငံ အခြေစိုက် အီရန်မဟာမိတ် ဟိုသီ တပ်ဖွဲ့တွေရဲ့ မြေအောက် လက်နက်တိုက်တွေကို ဖျက်ဆီးပစ်ဖို့အတွက် B-2တွေကို အသုံးပြုခဲ့ဖူးပါတယ်။
အစ္စရေး – အီရန် စစ်ပွဲမှာ အမေရိကန် ပါဝင်ဖို့ သင့် ၊ မသင့်ကို ထရမ့်က သီတင်းနှစ်ပတ်ရက်ကြာ အချိန်ယူ ဆုံးဖြတ်မယ်လို့ အိမ်ဖြူတော်က ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာခဲ့ပေမယ့် အဲဒီကာလမပြည့်ခင်မှာပဲ အီရန်ကို တိုက်ခိုက်လိုက်ပြီး မဟာမိတ်အစ္စရေးဖက်ကနေ စစ်ပွဲထဲ အမေရိကန် ဝင်လာတာလည်းဖြစ်ပါတယ်။
လက်ရှိ အစ္စရေးနဲ့ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ အမေရိကန် ဝင်ပါလာမယ်ဆိုရင် ပြင်ဆင်လို့မရနိုင်တဲ့အကျိုးဆက်တွေ ကြုံရလိမ့်မယ်လို့ အီရန် အစိုးရ အဓိပတိ အယာတိုလာအလီခါမေနီက လည်း သတိပေးထားပါတယ်။

















































