အရှေ့အလယ်ပိုင်း ဒေသထဲမှာရှိတဲ့ အမေရိကန် အားလုံးဟာ အီရန်အတွက် တရားဝင် ပစ်မှတ်တွေ ဖြစ်လာပြီလို့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)က ကြေညာခဲ့ပါတယ်။
ဇွန်လ ၂၂ ရက် မနက်အစောပိုင်းမှာ အမေရိကန်က အစ္စရေး-အီရန် စစ်ရေးပဋိပက္ခထဲ တိုက်ရိုက် ပါဝင်လာပြီး အီရန်ရဲ့ နျူကလီးယား စခန်းတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် IRGCက အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။ ‘စစ်ပွဲက ငါတို့အတွက် အမှန်တကယ် စတင်လာပြီ’လို့ IRGCက လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။
အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ IRGCရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးကလည်း အရှေ့အလယ်ပိုင်း ဒေသမှာရှိတဲ့ အမေရိကန် နိုင်ငံသားတွေ၊ စစ်သားတွေ၊ စစ်ဘက်နဲ့ အရပ်ဖက် အဆောက်အအုံတွေ အားလုံးဟာ အီရန်အတွက် တရားဝင် ပစ်မှတ်တွေ ဖြစ်လာပြီလို့ အီရန် အစိုးရ ရုပ်မြင်သံကြားကို ပြောကြားခဲ့ပါတယ်။
အစောပိုင်းတုန်းက IRGC အီရန် နျူကလီးယား အဆောက်အအုံတွေကို ဗုံးကြဲခဲ့တယ်ဆိုတဲ့ ထရမ့်ရဲ့ ကြေညာချက်ကို ပယ်ချခဲ့ပြီး မီဒီယာတွေရှေ့မှာ စတန့်ထွင်တာသာ ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါသေးတယ်။ နောက်တော့မှ အီရန် အစိုးရ ရုပ်မြင်သံကြား ဌာနက နျူကလီးယား သုတေသန စခန်းကြီး ၃ ခုက အမေရိကန်ရဲ့ ဗုံးကြဲ တိုက်ခိုက်မှု ခံခဲ့ရတယ်လို့ အတည်ပြု ကြေညာခဲ့ပါတယ်။

Public Service Announcement
အီရန်ရဲ့ Tasnim သတင်းအေဂျင်စီကလည်း နိုင်ငံရဲ့ အဓိက နျူကလီးယား အဆောက်အအုံ တစ်ခုဖြစ်ပြီး မြေအောက်ဘန်ကာကြီးအသွင် အခိုင်အမာ တည်ဆောက်ထားတဲ့ ဖော့ဒိုစခန်းဟာ ရန်သူ့ လေကြောင်းတိုက်ခိုက်မှုတွေဒဏ် ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
နောက်ပြီး ဖော့ဒိုစခန်းမှာ အကြီးအကျယ် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ် ဆိုတာကိုလည်း အီရန်ဖက်က ပယ်ချထားပါတယ်။ အီရန် လွှတ်တော် ဥက္ကဋ္ဌရဲ့ အကြံပေး တစ်ဦးက ဖော့ဒိုကို ရန်သူက နောက်ထပ် ညပိုင်းဗုံးကြဲမှုတွေ ဆက်တိုက် လုပ်နေဦးမယ်လို့ ခန့်မှန်းထားကြောင်း၊ ဖော့ဒိုက ဝန်ထမ်းတွေကို ကြိုတင် ရွှေ့ပြောင်းထားပြီး ဖြစ်သလို ဗုံးကြဲခံရလို့ ကြီးကြီးမားမား ထိခိုက် ပျက်စီးမှုလည်း မရှိကြောင်း ပြောကြားသွားပါတယ်။
သေချာတဲ့ နှစ်ချက်ကိုတော့ ပြောနိုင်ကြောင်း၊ အသိပညာဆိုတာ ဗုံးကြဲဖျက်ဆီးလို့ မရသလို အခုကိစ္စမှာ လောင်းကြေးထပ်ခဲ့တဲ့ သူတွေ သေချာပေါက် ရှုံးမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
မီဒီယာတွေကတော့ အမေရိကန်ဟာ B-2 မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတွေကို အသုံးပြုပြီး ပေါင် ၃၀၀၀၀ လောက် အလေးချိန်ရှိတဲ့ မြေအောက်ဘန်ကာဖျက်ဗုံး (Bunker buster)တွေ အသုံးပြုပြီး ဖော့ဒိုကို ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြနေကြပါတယ်။
ထရမ့်ကတော့ အီရန်မှာ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးဟာ အထူးအောင်မြင်ခဲ့တယ်လို့ ကြွေးကြော်ထားပါတယ်။ ပြီးတော့ ဖော့ဒို အပါအဝင် အီရန်ရဲ့ နျူကလီးယား စခန်း ၃ ခုကို အပြီးတိုင် ချေမှုန်း ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ထရမ့်က ပြောပါတယ်။ အရှေ့အလယ်ပိုင်းမှာ ဗိုလ်ကျနေတဲ့ အီရန်ဟာ အခုတိုက်ခိုက်မှု အပြီးမှာတော့ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရတော့မှာ ဖြစ်ကြောင်း၊ အခုထိ မာန်မလျှော့သေးရင် နောက်ထပ် ကြုံလာမယ့် တိုက်ခိုက်မှုတွေဟာ ပိုပြီး ပြင်းထန်လာမှာ ဖြစ်သလို အမေရိကန် အတွက်လည်း လုပ်ရကိုင်ရတာ အများကြီး ပိုလွယ်ကူလာမှာဖြစ်ကြောင်း ထရမ့်က ခြိမ်းခြောက်သွားပါတယ်။
ကိုးကား: Tempo
