close
Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင် စစ်တပ်က ​ဒေသခံပြည်သူ ၃ဦးကို ထပ်မံသတ်ဖြတ်ပြီး ကိုယ်လက်အင်္ဂါများဖြတ်တောက်၍ အလောင်းစွန့်ပစ်

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

ဖားကန့်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

ဇွန်-၁၃၊၂၀၂၅။အိမ်သွင်/People’s Spring

ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က နောက်ထပ်အရပ်သား၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီးကိုယ်လက်အင်္ဂါများဖြတ်တောက်ကာ လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်။

ဇွန်လ၁၃ရက်နံနက်ပိုင်း၌မှော်စီစာကျေးရွာတောင်ယာကုန်း၌အလောင်းစွန့်ပစ်ခြင်းဖြစ်ပြီးသတ်ဖြတ်ခံရသူများ၏မိသားစာဝင်များကိုဆက်သွယ်နိုင်ရေးကြိုးစားနေဆဲဟုဒေသခံတဦးက​ပြောသည်။

“ထပ်ပြောမယ်။စစ်ကောင်စီစစ်ကြောင်းကိုမယုံစားနဲ့။ တော်တော်ရက်စက်တာဗျ။ ဆေးသုံးပြီး ပတ်သွားနေတာလို့ကြားတယ်။ အခု သတ်သွားတာလည်း ရက်စက်တယ်”ဟု အထက်ပါဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

အသတ်ခံရသူအမျိုးသားသုံးဦးအနက် ၁ ဦးကို ကိုယ်ခန္ဓာအစိတ်အပိုင်းများဖြတ်တောက်ပြီး ဆာလာအိတ်အတွင်းထည့်ခဲ့ကြောင်း၊ ၁ဦးကိုမျက်လုံးဖောက်ထုတ်ထားကာကျန်တစ်ဦးကိုမျက်နှာတခုလုံးကြေမွအောင် ထုရိုက်အကြမ်းဖက်ထားခဲ့ကြောင်း ဒေသခံချို့ကပြောသည်။ ရုပ်အလောင်းများကို စစ်‌ကောင်စီစစ်ကြောင်းထွက်ခွာသွားပြီးနောက် ညနေပိုင်းတွင်ဒေသခံများကတွေ့ရှိခြင်းဖြစ်သည်။

စစ်ကောင်စီစစ်ကြောင်းသည် ဇွန်လ ၁၁ရက်ညကလည်းသက်လတ်ပိုင်းအရွယ်အမျိုးသား၃ဦးကို ပစ်သတ်ပြီးမှော်စီစာလမ်းဆုံတွင်ထားခဲ့သည်။

“၃ရက်အတွင်းလူ ၆ယောက်ကိုရက်ရက်စက်စက်သတ်တာ။ကျမတို့ အရမ်းကြောက်နေရပြီ။စစ်ကြောင်းရောက်နေတဲ့သတင်းကိုပဲနားစွင့်နေရတယ်”ဟုဖားကန့်ဒေသခံအမျိုးသမီးတဦးကပြောသည်။

မိုးကောင်း-ကာမိုင်း-လုံးခင်း-ဖားကန့်လမ်းအတိုင်း ဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်တပ်နှင့်ပြည်သူ့စစ်ပူး​ပေါင်းစစ်ကြောင်းသည်မေလ၂၇ရက်က လုံးခင်းသို့ရောက်လာပြီး ၂၈ရက်တွင် KIA၊KPDF ပူးပေါင်းတပ်က တိုက်ခိုက်စဉ် အရပ်သား ၅ဦးကို သတ်ဖြတ်ခဲ့သည်။၎င်းတို့အားတိုက်ခိုက်ပါက အိမ်များကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ပြီးမေလ၂၉ ရက် တွင်ဖားကန့်သို့ ဝင်ရောက်လာကာ ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးနေသည်။

ကျောက်စိမ်းလုပ်ကွက်များမှစက်ယန္တရားကိုလည်းမီးရှို့ဖျက်ဆီးနေသည်။စစ်တပ်နှင့်ပြည်သူ့စစ် စစ်​ကြောင်းအရပ်သားနေထိုင်ရာနေရာများကို လက်နက်ကြီး၊ ဒရုန်းများဖြင့်ပစ်ခတ်ခဲ့သည်။ စစ်ကြောင်းဝင်လာသည့် မေလ ၂၇ရက်မှ ဇွန်လ ၁၃ရက်အတွင်း စစ်ကောင်စီက လက်နက်ကြီးနှင့်ဒရုန်းပစ်ခတ်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သား ၂၃ဦးထက်မနည်း သေဆုံးခဲ့သည်။

စစ်တပ်စစ်ကြောင်းကိုKIAနှင့်KPDFပူးပေါင်းတပ်ကဇွန်လ ၅ရက်၊ဇွန်လ ၉ရက်နှင့်ဇွန်လ ၁၀ရက်၌ တိုက်ခိုက်ခဲ့ပြီး ဇွန်လ ၁၀ရက်မှစ၍ ဇွန် ၁၃ရက်​နေ့အထိ စစ်ရေးဆက်လက်တင်းမာနေသည်။ ဇွန်လ ၁၀ရက်က တိုက်ပွဲတွင် စစ်ကောင်စီဘက်၌ ၁၈ဦးထက်မနည်းသေဆုံးခဲ့ပြီး ဇွန်လ ၁၂ရက်က တိုက်ပွဲ၌ ၂၀ကျော်သေဆုံးခဲ့သည်ဟု KPDF နှင့် နီးစပ်သူကပြောသည်။စစ်တပ်စစ်ကြောင်းသည် မှော်စီစာ တောင်ပေါ်ကျောင်း၌ တပ်စွဲပြီး အနည်းငယ်သာဖားကန့်မြို့ရှိ ၎င်းတို့တပ်စွဲထားသည့်နေရာထံ ပြန်ဝင်သွားသည်ဟု သတင်းရရှိသည်။

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်အင်အားဖြည့်တင်းလာနိုင်သည့်မိုးကောင်း-ကာမိုင်း-ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်က ဒေသခံများအား သတိပေးထားသည်။လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရ အရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန်၊ စစ်ကောင်စီစစ်ကြောင်းများအန္တရာယ်ကိုသတိပြုကြရန်လည်း သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာဒေသ၌ ဇွန်လ ၁၂ရက်တိုက်ပွဲတွင် အထိနာခဲ့သည့် စစ်တပ်နှင့် ပြည်သူ့စစ်ပူး​ပေါင်းစစ်​ကြောင်းသည် ဇွန် ၁၃ ရက်မနက်တွင်လည်းစစ်ကြောင်းဆက်ထိုး​နေသည်ဟုကချင်သတင်းရင်းမြစ်အချို့က​ပြောသည်။

သတင်း

ကချင်ပြည်နယ်ဖားကန့်မြို့နယ်အတွင်း ​ကျောက်စိမ်းလုပ်ကွက်နှင့် ဆက်စပ်ပစ္စည်းများကိုမီးလိုက်ရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်ကချင်​ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်(KPDF) ပူးပေါင်းတပ်ကကြားညှပ်တိုက်ခိုက်ရာစစ်ကောင်စီတပ် အထိနာခဲ့ကြောင်း ကချင်စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က အရပ်သား ၃ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး လမ်းဘေး၌ အလောင်းစွန့်ပစ်သွားသည်ဟု မြို့ခံများက ပြောသည်။

သတင်း

ဖားကန့်၌ စစ်ရေးတင်းမာနေချိန် စစ်တပ်ကအင်အားဖြည့်တင်းလာနိုင်သည့် မိုးကောင်း-ကာမိုင်း -ဖားကန့်လမ်းကို လုံခြုံရေးအခြေအနေအရလတ်တလော အသုံးမပြုကြရန် KIA၊ KPDF ပူးပေါင်းတပ်ကဒေသခံများအားသတိပေးထားသည်။