close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်အုပ်စုသရုပ်ကိုထပ်ပြတဲ့စီပါရွာ လူသတ်ပွဲ

နေရောင်သိပ်မပွင့်တဲ့ မိုးနှောင်းကာလ အောက်တိုဘာ တတိယပတ် မနက်ခင်းတစ်ခုမှာ ဘုတလင်​မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်ဟာ PDF ရဲဘော်တွေနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးသွားတဲ့ ဘုတလင်မြို့နယ်၊ စီပါရွာထဲကို ဝင်ရောက်လာခဲ့ကြတယ်။

Scorpio/People’s Spring

နေရောင်သိပ်မပွင့်တဲ့ မိုးနှောင်းကာလ အောက်တိုဘာ တတိယပတ် မနက်ခင်းတစ်ခုမှာ ဘုတလင်​မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်ဟာ PDF ရဲဘော်တွေနဲ့အတူ ဆိုင်ကယ်တစ်စီးနဲ့ စစ်ကောင်စီမီးရှို့ဖျက်ဆီးသွားတဲ့ ဘုတလင်မြို့နယ်၊ စီပါရွာထဲကို ဝင်ရောက်လာခဲ့ကြတယ်။

စစ်ကြောင်းဝေးသွားပြီ တခြားနေရာရောက်သွားပြီဆိုတာကြောင့် ကိုရှင်းသန့်တို့တတွေ ကာကွယ်ရေးရဲဘော်တွေနဲ့အတူ စီပါရွာထဲ လိုက်လာခဲ့ကြတာပါ။ စစ်ရှောင်တွေအတွက် အကူအညီရဖို့အတွက် စီပါရွာထဲက မီးလောင်တဲ့နေအိမ်စာရင်းသိရဖို့နဲ့ ပျက်စီးတဲ့နေအိမ်တွေကို ဓါတ်ပုံရိုက်ဖို့ ကိုရှင်းသန့်နဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုက အဖွဲ့ဝင်တချို့ လိုက်လာကြတာပါ။

စီပါရွာကို Google Map တွင်​တွေ့ရပုံ

စီပါရွာကို ဝင်ဝင်ချင်းမှာပဲ မီးလောင်ထားတဲ့နေအိမ်တွေ အများအပြားတွေ့ရတယ်။ ညှော်နံ့တွေလည်းရတယ်။ ရွာထဲကို ဆိုင်ကယ်နဲ့ ဆက်မောင်းဝင်လာရင်း ဘုန်းကြီးကျောင်းဘေး မြက်တောထဲမှာ လူတစ်ယောက်လဲကျနေတာတွေ့တယ်။ အနားရောက်တော့ ယင်ကောင်တွေအုံပြီး အပုပ်နံ့က တော်တော်လေးထွက်နေပြီ။ ကိုရှင်းသန့် လမ်းဘေးက ရုပ်အလောင်းကို စိတ်မသက်မသာနဲ့ကြည့်ရင်း ဆက်မောင်းလာခဲ့ကြတယ်။

Public Service Announcement

Public Service Announcement

စီပါရွာကို Google Map တွင်​တွေ့ရပုံ

ဆိုင်ကယ်ဆက်မောင်းလာရင်း ခေါင်းဘယ်ညာလှည့်ကြည့်ရင်း တနေရာရောက်တော့ ကိုရှင်းသန့်တို့တတွေ ပါးစပ်အဟောင်းသားဖြစ်သွားစေတဲ့မြင်ကွင်းကို စတင်မြင်တွေ့လိုက်ရတယ်။

နေအိမ်ခြံဝင်းတစ်ဝင်းပေါ်မှာ လူ့ခန္ဓာကိုယ်က ခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေကို ကော်ပတ်ရုပ်တစစီဖြုတ်တင်ထားသလို စိမ်ပြေနပြေတင်ထားတာတွေကို ကိုရှင်းသန့်တို့ တွေ့ခဲ့ကြတာပါ။

နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ယောက်လည်းဖြစ်တဲ့ ကိုရှင်းသန့်ဟာ မြင်ရတဲ့မြင်ကွင်းကိုကြည့်ရင်း ကြက်သေသေသွားခဲ့တယ်။

“လူက ကြောက်တာလဲ မဟုတ်ဘဲ ထုံပေပေကြီး ဖြစ်နေတာ။ အရင်တခါတုန်းကလည်း ရဲဘော် ၂ ယောက် မီးကျွမ်းပြီးသား အလောင်းကို ထိုင်ကြည့်နေရတုန်းကလည်း အဲ့လိုပဲ ထုံနေတာ”လို့ ကိုရှင်းသန့်က ဖွင့်ဟပါတယ်။

အဖွဲ့ထဲပါတဲ့မိန်းကလေးတစ်ယောက်ဆို ထိတ်လန့်မှု၊ စိတ်ထိခိုက်မှုတွေ ရောပြွမ်းပြီး အဲရွာကပြန်လာပြီး နှစ်ရက်လောက်ကြာတဲ့အထိ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုဝေဒနာ ခံစားနေရတယ်လို့ ကိုရှင်းသန့်က ပြောပြတယ်။ “အခုအချိန်ထိ အဲဒါကို ရှော့ခ်ရသွားပြီးတဲ့အခါမှာ၊ မြေပြင်မှာ မျက်ဝါးထင်ထင် မြင်ရတဲ့အခါမှာ စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုဖြစ်သွားပြီး ဆေးကုသမှုခံယူနေရတယ်။”လို့ ကိုရှင်းသန့်က ပြောပါတယ်။

ဒါ့အပြင် မီးရှို့ထားပေမယ့် တပိုင်းတစကျန်နေသေးတဲ့ ရုပ်အလောင်းတစ်လောင်းကိုလည်း ကိုရှင်းသန့်တို့ တွေ့ခဲ့ကြပါသေးတယ်။

စီပါရွာဟာဘုတလင်မြို့အ​နောက်​မြောက်ဘက် ၄ မိုင်ဝန်းကျင်အကွာမှာရှိပါတယ် ဟင်းသီးဟင်းရွက်တွေစိုက်၊ အနီးနားရွာတွေကိုရောင်းချပြီး စိုက်ပျိုးရေးနဲ့ လက်လုပ်လက်စားတွေများတဲ့ ရွာလေးတစ်ရွာပါ။ စီပါရွာဟာ ဘုတလင်နဲ့ ကူတော်ရဲစခန်းကူးသန်းတဲ့လမ်းပေါ်မှာရှိတာကြောင့် စစ်ကောင်စီစစ်ကြောင်းဝင်လာတိုင်း ရှောင်ကြ ၊ရှားကြရတဲ့ ရွာတစ်ရွာပါ။

အောက်တိုဘာ ၁၁ ရက်ကတည်းက ဘုတလင်နယ်ထဲက ရွာတွေကို စစ်ကြောင်းထိုးမီးရှို့၊ ပြည်သူကိုသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၇ ရက်နေ့(သီတင်းကျွတ်လပြည့်နေ့)မှာ စီပါရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ဒေသခံ ၆ ဦးထက်မနည်း သတ်ဖြတ်သွားခဲ့တာပါ။

ခန္ဓာကိုယ်အစိတ်အပိုင်းတွေ တစစီခုတ်ထစ်ဖြတ်တောက် သတ်ဖြတ်ခံရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ စိတ်ကျန်းမာရေးမကောင်းသူတွေပါ ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ခေါင်းဖြတ်သတ်ခံရတဲ့ ၃ဦးက တစ်ဦးက ၈၀ ဝန်းကျင်။ ကျန်၂ဦးကတော့ ၅၀ ဝန်းကျင်ပါ။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သတ်သွားတဲ့သူတွေက PDF လည်းမပါဘူး။ ပြည်သူတွေချည့်ပဲ။ လူငယ်လည်းမပါဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဟာ စီပါရွာတစ်ရွာတည်းတင်မကသေးပါဘူး။ အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းက ဘုတလင်မြို့၊ ဗန္ဓုလကွက်သစ်ရပ်ကွက်နဲ့ မြောက်ပြင်ရပ်မှာအသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူရှစ်ဦးကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပါသေးတယ်။

အဲဒီနောက် အောက်တိုဘာ ၁၃ ရက် မနက်အစောပိုင်းကလည်း မြောက်ကျီကျေးရွာကို ဝင်ရောက်ကာ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးနှစ်ဦးအပါအဝင် ဒေသခံ၇ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့အထိ ၁၀ ရက်အတွင်း အရပ်သားပြည်သူ ၂၄ ဦးထက်မနည်း သတ်ဖြတ်ထားတယ်လို့ ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေကလူထု​နွေဦးကို ပြောပါတယ်။

ဒါ့အပြင် သတ်ဖြတ်ခံရတဲ့အမျိုးသမီးတချို့ဟာ အဓမ္မ ပြုကျင့်ခံရပြီးမှ သတ်ဖြတ်ခံရတဲ့ အ​နေအထားမျိုးတွေ တွေ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။

စစ်အုပ်စုဟာ အာဏာသိမ်းပြီး​နောက်ပိုင်း ပြည်သူ​တွေကို စီပါရွာမှာလိုအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေကို နိုင်ငံတဝန်းမှာကျူးလွန်​နေတာဖြစ်ပါတယ် ။

လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့ကစစ်​ကောင်စီကျူးလွန်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု​တွေကိုအချက်အလက်စု​ဆောင်း​နေတာမှာ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း၂၀၂၄ ခုနှစ် ဩဂုတ်လအထိ ၃နှစ်ခွဲ​ကျော်အတွင်းမှာအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် အနည်းဆုံး ၃၂၀ ရှိပြီး ပြည်သူ ၃၁၉၅ ဦး အသတ်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ် ။ အရပ်သားတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေထဲက ၄၂ ဦး ပါဝင်တယ်လို့လည်း ဆိုပါတယ်။

ဒီအချက်အလက်တွေဟာ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ လွတ်လပ်တဲ့သတင်းမီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကို အခြေခံပြုကောက်ယူထားတာလို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က ပြောပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု​တွေမှာ ​လေ​ကြောင်းက​နေဗုံးကြဲတာလည်းပါဝင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ရက်က ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းကနေ ခမရ(၁၀၆) တပ်ရင်းရဲ့ ဗိုလ်မှူးကျော်တင့် ဦးဆောင်တဲ့ ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်- PDFနဲ့ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာမှာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိပြီး​တော့ ၃၃ဦး သေဆုံးခဲ့ပါတယ်။ ဒါအပြင်လက်နက်မျိုးစုံ (၅၆)လက်နဲ့ ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလို တိုက်ခိုက်ခံရပြီးတဲ့နောက် မုံရွာမြို့ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကထွက်လာတဲ့ စစ်ကောင်စီတပ်ဟာ ဘုတလင်မြို့နယ်အတွင်းက ကျေးရွာတွေပို ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေတာပါ။

“ရှေးရိုးစကားလိုပဲ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတဲ့ပုံစံပါပဲ။ ပြည်သူကို ခြိမ်းခြောက်တဲ့သဘောပါပဲ။ လန့်အောင်ပေါ့ဗျာ။ သူတို့စစ်ကြောင်းကလည်း အခုပတ်သွားနေတဲ့ ပတ်ချာလည်မှာပဲ ပျောက်သွားတာဆိုတော့လေ။ ပုံမှန်ထက်ကိုပိုပြီးတော့ မိုက်ရိုင်းကြတာ။”လို့ ဘုတလင်အခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဘုတလင်နယ်အတွင်းမှာ စစ်ကြောင်းတစ်ကြောင်းလုံး ပျောက်ဆုံးသွားပြီးတဲ့နောက် နှစ်ပတ်အကြာ အောက်တိုဘာ ၁၅ရက်မှာ စစ်ကောင်စီရဲ့ ဒုချုပ်စိုးဝင်းဟာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရောက်ရှိခဲ့ပါတယ်။ အာဏာသိမ်းဒု​ခေါင်း​တောင်က မပခ နယ်​မြေအတွင်းက​တော်လှန်​ရေးတပ်​တွေကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ဖို့ ဖိအား​ပေးခဲ့တယ်လို့လည်းသိရပါတယ်။စိုးဝင်းလာပြီး နှစ်ရက်အကြာမှာပဲ ဘုတလင်နယ်ကစစ်ကြောင်းဟာ စီပါရွာကို စီးနင်းပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့ကြတာပါ။

“ဒီအနီးတဝိုက်နှစ်ခရိုင်၊သုံးခရိုင်မှာဒီလိုစစ်ကြောင်းတကြောင်းလုံး ပျောက်သွားတယ်ဆိုတာမျိုးက မရှိဖူးသေးဘူး။ မရှိဖူးသေးတဲ့အပေါ်မှာ စစဖြစ်တဲ့အပေါ်မှာ ဖိအားပေးပြီးတော့ အထက်လူကြီးက ပြင်းပြင်းထန်ထန်ဖိအားပေးခိုင်းစေတဲ့သဘောပဲ။”လို့ ဘုတလင်အခြေစိုက် ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီစစ်ကြောင်းက အိမ်ခြေများကိုပါ မီးရှို့ဖျက်ဆီးခဲ့ရာ စီပါရွာ ၃၀ဝ လုံး၊ တက်လှိုင်းရွာ ၁ လုံး၊ ကျွဲသေကျောင်းရွာ ၂၃ လုံး၊ ဆည်ဝရွာသစ် အလုံး ၂၀၊ ဆည်ဝရွာဟောင်း ၁၅လုံး၊ အိုင်ပေါင်းချောင်ရွာ ၂၇ လုံး စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံများက ပြောပါတယ်။

အဲဒီစစ်ကြောင်းအပါအဝင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ ဆက်လုပ်နေသောကြောင့် ဘုတလင်မြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ခန့်မှ ဒေသခံပြည်သူငါးသောင်းခန့် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

ထွက်​ပြေးတိမ်း​ရှောင်​နေရ​တဲ့ ပြည်သူတွေဟာနေထိုင်စားသောက်ရေးခက်ခဲနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူများက ပြောပါတယ်။

“တိမ်းရှောင်နေရတဲ့ ပြည်သူတွေက ဒီတိုင်းဖြစ်သလိုနေနေကြရတာပါ။ တောတွေ ထဲ။”ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် အမျိုးသမီးအများစုပါဝင်တဲ့ အရပ်သား ၇၀ ဦးထက်မနည်းကိုလည်း အဲဒီစစ်ကြောင်းက ဖမ်းဆီးပြီး စစ်ကြောင်းရဲ့ရှေ့ကနေ လူသားဒိုင်းလုပ်ကာ ကျေးရွာများအတွင်း စီးနင်းဝင်ရောက်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့များကပြောပါတယ်။

“စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ တွန့်ဆုတ်နေသေးတဲ့ ကုလ လို အဖွဲ့အစည်းတွေ အပေါ် ကြံရာပါလားလို့ မေးချင်တာပါ။”လို့ Battalion Of Budalin အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မီးရှို့ခံရ​သော​ နေအိမ်အချို့ကို တွေ့ရစဉ်။ ဓါတ်ပုံ-CJ

စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကို မျက်ဝါးထင်ထင်မြင်ခဲ့ရတဲ့ ဘုတလင်မြို့နယ်သပိတ်အင်အားစုက ကိုရှင်းသန့်ကတော့

“ရန်သူက သူ့ကိုထိလာခဲ့လို့ရှိရင် သူ့ရဲ့ အာဏာတည်မြဲရေးလမ်းကြောင်းကို အတားအဆီးပြုတဲ့သူမှန်သမျှကို သူက ရှင်းထုတ်ပစ်မယ်ဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်မြင်လိုက်ရပြီ။ ရန်သူက ရန်သူလိုကျင့်တဲ့အခါမှာ ကျွန်တော်တို့ကလည်း ရန်သူကို ရန်သူလိုမြင်ပြီးတော့ ရန်ငါ ပြတ်ပြတ်သားသားနဲ့ တော်လှန်ရေးအဆုံးသတ်ဖို့၊ ပြည်သူတွေ အောင်ပွဲရဖို့အတွက် အဆုံးစွန်ထိ တိုက်ပွဲဝင်သွားကြဖို့ လိုတယ်လို့ မြင်ပါတယ်”လို့ ပြောပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်တက္ကသိုလ်များရှိရာ ပြင်ဦးလွင်မြို့နှင့် (၁၆)မိုင်ခန့်သာဝေးသော ဂန့်ဂေါကျေးရွာ၌ တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

သတင်း

ရှမ်း - ကရင်နီပြည်နယ်စပ် ပင်လောင်းမြို့နှင့် ဖယ်ခုံမြို့နယ်ကြားတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ နေ့စဥ်ပြုလုပ်ပေးနေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် နေရပ်ပြန်ပို့ခံရသူများအား စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ဆောင်လူသစ်စုဆောင်းနေကြောင်း ကော့သောင်းမြို့ရှိ People's Spring၏ သတင်းရင်းမြစ်များက ပြောသည်။

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

Facebook