close
Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်မြို့နယ် စီပါရွာကို စစ်တပ် ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၆ဦးအား အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်သွား

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၆ ဦးအား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ် သတ်ဖြတ်မီးရှို့သွားသော စီပါရွာအား တွေ့ရစဥ်။ ဓာတ်ပုံ - Padamyar

ဇေအောင်၊မိထက်/People’s Spring

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စီပါကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံပြည်သူ ၆ ဦးအား ခန္ဓာကိုယ်အစိတ်အပိုင်းများအား အပိုင်းပိုင်းဖြတ်တောက် သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

အောက်တိုဘာ ၁၇ရက်က စီပါကျေးရွာကို စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက်ပြီး နေအိမ်အများအပြား မီးရှို့ဖျက်ဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့နောက် အောက်တိုဘာ ၁၈ ရက်တွင် ရွာခံပြည်သူများက ကျေးရွာအတွင်းပြန်လည်ဝင်ရောက်ချိန် အမျိုးသား ၆ဦးအား သတ်ဖြတ်ပြီး သုံးဦး၏ ခေါင်း၊ လက်၊ ခြေထောက် အစရှိသည့်ခန္ဓာကိုယ်အစိတ်အပိုင်းများအား ဖြတ်တောက်ကာ နေအိမ်ခြံဝင်းများပေါ်၌ တင်ထားခဲ့သည်ကို တွေ့ရကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် အသတ်ခံရသူ ၆ဦးတွင် စိတ်ကျန်းမာရေးမကောင်းသူ နှစ်ဦးပါဝင်သည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ရွာခံများသည် စစ်ကောင်စီတပ်စစ်ကြောင်းရှိသည်ဟု မသိ၍ ဝင်ရောက်သွားခြင်းဟု ဒေသခံက ပြောသည်။

“ခေါင်းဖြတ်သတ်ခံရတဲ့ သုံးဦးက တစ်ဦးက ၈၀ဝန်းကျင်။ ကျန်၂ဦးကတော့ ၅၀ ဝန်းကျင်ပါ။”ဟု ဒေသခံတစ်ဦးက ပြောသည်။ ကျန်တစ်ဦး၏ အသက်အရွယ်ကိုမူ မသိရသေးပေ။

ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် စီပါကျေးရွာရှိ အိမ်ခြေ ၆၀၀ကျော်အနက် ၃၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

စီပါရွာအနီးတွင် စက်တင်ဘာ ၃၀ရက်က စစ်ကြောင်းတကြောင်းလုံး ပြုတ်အောင် တိုက်ခိုက်ခံရသောကြောင့် ဒေသခံများအား အကြောက်တရားသွင်းရန် ရက်ရက်စက်စက်သတ်ဖြတ်သွားခြင်းဟု လုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အလားတူ ယမန်နေ့(အောက်တိုဘာ ၁၉ ရက်)ကလည်း ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မသိရသေးပေ။

စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးသတ်ဖြတ်နေရာ ကျေးရွာ ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးပြီး မြောက်ကျီရွာ၊ စီပါရွာ၊ တက်လှိုင်းရွာ၊ ဆည်ဝကျေးရွာတို့မှ ပြည်သူ ၂၀ ဦးထက်မနည်း သတ်ဖြတ်ခံထားရသည်။

ဘုတလင်မြို့တွင် စက်တင်ဘာ ၃၀ရက်က ကူတော်ရွာ ရဲကင်းစခန်းမှ ခမရ(၁၀၆) တပ်ရင်း၏ ဗိုလ်မှူးကျော်တင့် ဦးဆောင်သော ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ (၂၂၉)၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား ၈၅ ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း ဗိုလ်ကြီးနှစ်ဦးအပါအဝင် စစ်သုံ့ပန်း ၄၃ ဦး ဖမ်းမိကာ ၃၃ဦး သေဆုံးခဲ့ကြောင်း၊ လက်နက်မျိုးစုံ (၅၆)လက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)က ထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် ဘုတလင်မြို့နယ်အတွင်းသို့ ကျေးရွာများသို့ ဝင်ရောက်စစ်ကြောင်းထိုး မီးရှို့သတ်ဖြတ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကောင်စီစစ်ကြောင်းက အမျိုးသမီးအများစုပါဝင်သည့် အရပ်သား ၅၀ဦးထက်မနည်းကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုကာ ကျေးရွာများအား စီးနင်းဝင် ရောက်နေကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကမြောက်ကျီရွာမှ ဒေသခံ ပြည်သူအချို့အားထပ်မံဖမ်းဆီးသတ်ဖြတ်သွားကြောင်းသတင်းရရှိသည်။

သတင်း

ဘုတလင်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကတိုက်ခိုက်ရာ တစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများပြားကြောင်း သတင်းရရှိသည်။