close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“တကယ့်တကယ် သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်တဆ သတ်မိသွားတယ်”

ထိုင်းကဖမ်းပြီးပြန်ပို့တာမှာစစ်သားသစ်စုဆောင်းခံရသူ ၃၀ဦးက အစောင့်စစ်သား ၂ ဦးကိုတိုက်ခိုက်ထွက်ပြေးခဲ့တဲ့ ဖြစ်စဉ်မှာ ဦးဆောင်ပါဝင်ခဲ့သူ ကိုဖြိုးနဲ့မေးမြန်းခန်း

"တကယ့်တကယ် သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်တဆ သတ်မိသွားတယ်"
"တကယ့်တကယ် သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်တဆ သတ်မိသွားတယ်"

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေစဉ် တရားဝင်အထောက်အထားမရှိလို့ဆိုပြီး ထိုင်းအာဏာပိုင်တွေကဖမ်းဆီးပြီးစစ်ကောင်စီထံ အတင်းအကြပ် ပြန်ပို့ခံရသူတွေကို စစ်​ကောင်စီကစစ်မှုထမ်းခိုင်းခဲ့တဲ့ လူငယ်များစွာရှိခဲ့ပါတယ်။ အဲဒီလိုအတင်းအကြပ် စစ်သားစုဆောင်းခံရတဲ့ လူငယ်တွေထဲက လူငယ် ၃၀ဦးဟာ ၂၀၂၄ ခုနှစ် စက်တင်ဘာပထမပတ်မှာ အစောင့်စစ်သား ၂ဦးကို တိုက်ခိုက်ပြီး လက်နက်​တွေယူကာ ကရင်အမျိုးသားအစည်းအရုံး(KNU)ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၇)တပ်ခွဲ(၅)ထံ လာရောက်ခိုလှုံခဲ့ကြပါတယ်။ အဲဒီဖြစ်စဥ်မှာ စစ်ကောင်စီတပ်ဆီကထွက်ပြေးနိုင်ဖို့ဦးဆောင်သူ ​တွေထဲမှာကိုဖြိုးလည်းပါဝင်ပါတယ် ။ဒါ​ကြောင့် ကိုဖြို အား People’s Spring က ဆက်သွယ်ပြီး ထိုင်းမှာ ဖမ်းဆီးခံရပုံ၊ ထိုင်းကနေ မြန်မာဘက်ကိုလွှဲပြောင်းခံရတာ ၊ မြန်မာဘက်ရောက်ချိန်မှာ ကော့သောင်းက ခမရ(၂၆၂)ကို စစ်မှုထမ်းဖို့ ပို့ဆောင်ခံရပြီး​တောွ အစောင့်စစ်သား ၂ဦးကိုရှင်းလင်းပြီးတော်လှန်ရေးတပ်ဖွဲ့တွေဆီကိုခိုလှုံခဲ့တဲ့အခြေအနေတွေကို မေးမြန်းထားပါတယ်။

သက်ဝေ/People’s Spring

စစ်ကောင်စီတပ်ဆီကထွက်ပြေးနိုင်ဖို့ဦးဆောင်သူ ​ကိုဖြိုး
စစ်ကောင်စီတပ်ဆီကထွက်ပြေးနိုင်ဖို့ဦးဆောင်သူ ​ကိုဖြိုး

မေး-ကိုဖြိုးတို့ထိုင်းဘက်မှာ အဖမ်းခံရပြီးဒီမြန်မာဘက် ပြန်ပို့ခံရတဲ့ဖြစ်စဉ်ကို ရှင်းပြပေးပါလား။

ဖြေ-ထိုင်းကို အာဏာသိမ်းပြီးနောက် စီးပွားရေးအရရော နောက် လွတ်လပ်မှုပေါ့ နေလို့ထိုင်လို့ အဆင်မပြေဘူးပေါ့နော် အဲဒါကြောင့်ကျနော်ထိုင်းကိုရောက်သွားတယ်။ ထိုင်းရောက်တော့လည်း အဆင်ပြေတဲ့အလုပ်လိုက်လုပ်ရတာပေါ့။ ကျနော်တို့မှာ အထောက်အထားလည်းမရှိဘူးဆိုတော့။ အဆင်ပြေသလိုနေပြီး လိုက်လုပ်ရတာ။ လုပ်ရင်း လုပ်ရင်းနဲ့ အထောက်အထား မပြည့်စုံဘူးဆိုပြီးထိုင်းရဲတွေ တအားဖမ်းလာတယ်။ကျနော်တို့အလုပ်လုပ်ရင်းနဲ့ ဖမ်းမိတော့ ကျနော်တို့ ထောင်ထဲကို ရောက်သွားတယ်။ ထောင်ထဲမှာ သူတို့ ဥပဒေအရ ထိန်းသိမ်းထားတယ်ပေါ့။ ပြီးတော့မှ ကျနော်တို့ကို ထောင်ကနေလူစုတဲ့ အချုပ်ပေါ့ မြန်မာပြည်ကို ပြန်လွှတ်ပေးမယ့် အချုပ် အဲဒီအချုပ်မှာ ထားထားတယ်။ ပြီးတော့မှ မြန်မာပြည် ပြန်ပို့ပေးတယ်။ ကျနော်တို့ စမိတာ ၆လပိုင်းလောက်ပေါ့။ ကျနော်တို့ကို ပို့ပေးတာ ၈လပိုင်းလောက်။ ထိုင်း နယ်စပ် ရနောင်းမှာပဲ။ ကျနော်တို့ကို ဟင်းခြံဆိုတဲ့ ရပ်ကွက်က လှေဆိပ်မှာ ထားတယ်။ ကျနော်တို့ကို ပို့ပေးမယ့်ရက်မှာ။ မြန်မာပြည်က လ၀ကတွေလာကြိုတယ်။ ပြီးတော့ ထိုင်းရဲတွေနဲ့ သူတို့ မှတ်တမ်းတွေတင်ကြတယ်။ ဓာတ်ပုံတွေဘာတွေရိုက်ပြီးတော့မှ။ ကျနော်တို့ကို လ၀က လက်ထဲလွှဲပေးလိုက်တာ။

Public Service Announcement

Public Service Announcement

မေး-လွှဲပေးပြီးနောက်ပိုင်း ဘယ်လို ဆက်ဖြစ်ပါသေးလဲ။ မြန်မာပြည်ဘက် ရောက်တော့ ကြုံရတဲ့အတွေ့အကြုံ ​ပြောပြ​ပေးပါဦး။

ဖြေ။ ။ မြန်မာပြည်ဘက်ကို ရောက်တော့ ကျနော်တို့ကို လူစုပြီးထားတယ်။ ထားပြီးတော့ ကျနော်တို့ကို ရဲတွေနဲ့ စောင့်ပြီးထားတယ်။ ကျနော်တို့ကို လ၀ကက မှတ်ပုံတင်တွေစစ် ဟိုဟာစစ် ဒီဟာစစ်ပြီးတော့ တချို့တဝက်ကိုကျတော့ အိမ်ပြန်ပို့ပေးမယ်ဆိုပြီး ပို့ပေးတယ်။ ကားပေါ်တင်ပြီး။ မိန်းကလေးတွေနဲ့အသက်ကြီးကြီး သူမျိုးပေါ့။ ကျနော်တို့လိုအရွယ်ရှိတဲ့ ၃၅ နှစ်အောက် ပေါ့ ၁၈နှစ်ကနေ သုံးဆယ် ကျော်ကျော်လောက်ကို စစ်တပ်ကိုပို့ပေးတယ်။ ကျန်းမာရေး စစ်ဆေးမယ်လို့တော့ပြောတယ်။ တပ်ထဲကိုဆိုရင် ကျနော်တို့ကို ကော့သောင်း တပ်ထဲ မိုးလုံလေလုံမှာ လူကို ခွဲပို့တာပေါ့။ ကော့သောင်းက တပ်ပေါ့။ လူ ၁၀၀ကျော်မှာ ၃၀ကျော်ပဲ သပ်သပ်ခွဲပြီး စစ်တပ်ထဲပို့တာပေါ့။ ကျန်းမာရေးစစ်ဆေးမယ်လို့တော့ သူတို့ပြောတယ်။ ဒီကျန်းမာရေး စစ်ဆေးမယ်ဆိုတာ သူတို့ လိမ်တာပေါ့။ ဟိုရောက်မှ ကျနော်တို့စစ်မှုထမ်းရမယ်ဆိုတာ သိတာပေါ့။ ကော့သောင်းကတပ်(ခမရ ၂၆၂ တပ်ရင်း)မှာ ၇ရက်လောက်ထားတယ်။ပြီးမှဘိတ်မြို့ကို ပို့ပေးတယ်။ ဟိုက ဖမ်းလာ ဒီက ဖမ်းလာ အဲဒီလူတွေအားလုံးကို ဒီဘိတ်မှာ စုထားတယ်ဗျ။ ပညာရေး(၁)လို့ ခေါ်တယ် ဒီကျောင်းက စစ်တပ်က ကျောင်းပေါ့။ အဲဒီ တပ်ထဲမှာ စုပြီးမှ ၁၅ရက်လောက်ထားပြီး ပုလောမြို့မှာ သင်တန်းကျောင်းရှိတယ်။ဒီစစ်သင်တန်းကျောင်းကို ပို့ပေးမယ်ဆိုပြီး ကျနော်တို့ကို သင်္ဘောနဲ့ ပို့ပေးတာ။

မေး-မြိတ်ကနေ ပုလောမြို့ဘက်သွားတဲ့ အခြေအနေရှင်းပြပေးပါလား။

ဖြေ။ ။ ဘိတ်မှာကလူ ၂၇၀ ကျော်လောက်ရှိတယ်။ ဘိတ်မှာ အားလုံးစုထားပြီး ပုလောကို စစ်သင်္ဘောနဲ့ ပို့ပေးတာပေါ့။ စစ်သင်္ဘောနဲ့ ပို့ပေးပြီးမှ သူတို့စစ်သင်္ဘော ဝင်လို့မရတဲ့ နေရာ အထိ ပို့ပေးတယ်။ စစ်သင်္ဘော ၂ စီးလောက်ရှိတယ်။ ကျနော်အမြင်က ၂စီးပေါ့။ ဘေးမှာတော့ ရှိသေးတာပေါ့ သူတို့လုံခြုံရေးတွေချထားတဲ့ သင်္ဘောတွေ။ သူတို့ သင်္ဘော ဝင်လို့မရတဲ့ အချိန်ကျတော့ ပင်လည်မှာ ထွက်နေတဲ့ ငါးဖမ်းလှေ သေးသေးလေးတွေ သူတို့ဖမ်းထားတယ်။ငါးပေးမဖမ်းဘဲ သူတို့ သင်္ဘောမှာ ခေါ်ထားပြီး ကျနော်တို့လာတဲ့အချိန်ကျမှ ငါးဖမ်းသေးသေးလေးတွေနဲ့ လူနည်းနည်း နည်းနည်းစီခွဲပြီး ပို့ပေးတယ်။ ဒီပုလောကို။သူတို့ စောင့်နေတဲ့ ရွာတစ်ရွာပေါ့။ ကျနော်လည်း ရွာနာမည် မသိတော့ဘူး။ဒီရွာကို ပို့ပေးတယ်။ ဟိုမှာက စစ်သားတွေနဲ့ စစ်ကားတွေနဲ့ စောင့်နေတာပေါ့နော်။ ကျနော်တို့ကို ကားနဲ့ ခေါ်ပြီး သင်တန်းကျောင်းကို ပို့ပေးမယ်ဆိုပြီးတော့ပေါ့။ လှေသေးသေးလေးတွေနဲ့ လှေတစ်စီးမှာ ၃၀၊ ၄၀ ဒီလိုမျိုးထည့်ပေးတာပေါ့။ကျနော်တို့ လှေမှာတော့ အယောက် ၃၀ပါတယ်။ ကျနော်တို့ရှေ့မှာဆို လှေ ၁ စီးပဲ ရှိသေးတယ်။ လှေတွေ့တာ သုံးစီးဗျ။ ကျနော်တို့ကြတော့ ဒုတိယ လှေကျတယ်။ အယောက်သုံးဆယ်ပါတယ်။ ပြီးတော့ စစ်သားနှစ်ယောက်ပါတယ်။ နောက်ထပ်ဘယ်နှစ်စီးလာလဲတော့ကျနော်တို့ မသိဘူး။ ကျနော်တို့ နောက်မှာ ဆိုတော့လေ။ ကျနော်တို့က ဒုတိယ တစ်ယောက်မှာပဲ ကျနော်တို့က ပြေးတယ်ဆိုတော့လေ။

မေး-လှေပေါ်ရောက်တော့ဘယ်လိုတွေ တိုင်ပင်ပြီး လွတ်မြောက်အောင် လုပ်ခဲ့ကြလဲ။

ဖြေ-ကျနော်တို့ လှေပေါ်ရောက်သွားတော့ ပါလာတဲ့ လူ ၃၀ ကျတော့ ကျနော်တို့ ညီအကိုလိုနေကြတယ်ဗျာ။ ခင်ခင်မင်မင်နေကြတဲ့သူတွေဆိုတော့ သူတို့ကို မေးကြည့်တယ်။ ဒီစစ်ကောင်စီ လက်အောက်မှာ နေချင်လား။ဒါမှမဟုတ် အိမ်ပြန်ချင်တာလားပေါ့ သူတို့ရဲ့ စိတ်ဓာတ်လေးတွေ လိုက်မေးကြည့်တော့ ကျနော်နဲ့ထပ်တူကျတယ်။ စစ်ကောင်စီကို တော်လှန်ချင်တဲ့ စိတ်ရှိတယ်။ တချို့ကလည်း အိမ်ပြန်ချင်တယ်ပေါ့။ ဒီစစ်ကောင်စီ လက်အောက်မှာ ဘယ်လိုနည်းနဲ့မှ မနေချင်ကြဘူးပေါ့။ ဒီသင်တန်းကျောင်းကို မရောက်ချင်ဘူးပေါ့။ သူတို့ စိတ်မှာ။ ကျနော်မေးကြည့်တယ် ပြေးချင်တဲ့ ဆန္ဒရှိလားပေါ့ တကယ်လို့ ပြေးမယ်ဆို သေလည်း သေနိုင်တယ်။ တခုခု လွဲချော်သွားရင် သေနိုင်တယ်ပေါ့။ ဒီပင်လည်ထဲမှာ ရေထဲမှာ လှေသေးသေးလေးပေါ်မှာသူတို့ကလက်နက်ရှိတယ် ကြောက်လားပေါ့ ကျနော်မေးကြည့်တော့ သူတို့က မကြောက်ဖူးပေါ့ ကျနော်တို့မှာ လူအများကြီးရှိတယ် သူတို့မှာသေနတ်ပဲရှိတယ် လူကနှစ်ယောက်ပဲ ရှိတယ်အဲဒီလိုမျိုးပြောတာပေါ့။သူတို့ ပြေးမယ် တိုက်တွန်းတာပေါ့ အကိုပြေးမယ်ဆိုရင် သူတို့လည်းလိုက်မယ် အကိုအဆင်ပြေသလိုလုပ်ပေါ့။ အကိုခိုင်းတဲ့အတိုင်းလိုက်လုပ်ပေးမယ် သူတို့ ပြောတဲ့ ပုံစံက။ အားလုံးကို လိုက်ညှိကြည့်တော့ တလေသံတည်းထွက်လာတယ်ပေါ့။ ကျနော်တို့လည်း ပြေးချင်တယ် ဟိုလူလည်း ပြေးချင်တယ် ပေါ့။ သူတို့ကို ကျနော်က ပြောတယ် ငါတို့က ကမ်းနားရောက်မှ လုပ်လို့ရမယ်။ ဘာဖြစ်လို့လဲဆိုရင် အပြင်မှာ သင်္ဘော စောင့်နေတယ်။ တကယ်လို့ သေနတ်သံတွေကြားပြီဆိုရင် သူတို့ သင်္ဘောကနေ လှမ်းပစ်ရင်ကျနော်တို့ အားလုံးသေမှာကိုး။ အဲဒါကြောင့် ကျနော်က သူတို့ကို ငါခိုင်းတဲ့အချိန်ပဲလုပ်ပေါ့။ ဒီစစ်သားနှစ်ယောက်ပါတယ်။ ပြီးတော့ လှေသမား ပြည်သူက ၄ယောက်ပါတယ်ဆိုတော့ဘလိုင်းကြီးလုပ်လို့မရဘူး။ လှေသမားတွေနဲ့ တိုင်ပင်ကြည့်တယ် ငါတို့ကို စစ်သားမရှိတဲ့ရွာတွေ ပြောပြပေါ့။ ဘယ်ရွာဘက်မှာ ရှိတယ် ဘယ်ဘက်မှာ စစ်သားမရှိဘူးပေါ့။ ပြီးတော့ သူတို့ကို အကူအညီတောင်းတယ် ပို့ပေးလို့ရမလားစစ်သားမရှိတဲ့နေရာကို။ သူတို့က ကြောက်တယ်ပေါ့ ပို့ပေးမရဲဘူးပေါ့ ဒီစစ်သားနှစ်ယောက်ရှိတယ်ဆိုတော့။ အဲဒါ ကျနော်တို့ ပြောတယ် ပထမအစီစဉ်ကတော့ အစီအစဥ်က ဆွဲရတာပေါ့ ။ ဒီလုပ်မယ်ဆိုရင် သူတို့ကို ပြောတယ်သေနတ်ကို လုပြီးတော့မှ သူတို့ကို ရေထဲကို ခုန်ချခိုင်းမယ်ပေါ့ ဒီစစ်သားတွေကို မသတ်ချင်ဘူးပေါ့။ အဲဒီလိုမျိုးပြောတယ်။ ကျနော်လူတွေနဲ့ တိုင်ပင်ထားတယ်။ ကမ်းနားရောက်ရင် စပြီး လှုပ်ရှားမယ်ပေါ့နော်။ ဒါပေမဲ့ တကယ့်တကယ်သေနတ်လုတဲ့အချိန်မှာ သူတို့က ပြန်ပြီးတော့ ခုခံတယ်ဆိုတော့ ကျနော်တို့ မတော်တဆ သတ်မိသွားတယ် သူတို့နှစ်ယောက်ကို။ စစ်သားနှစ်ယောက်ကို သတ်ပြီး ရေထဲချခဲ့တယ်။ သေနတ်တွေကိုတော့ လုခဲ့တာပေါ့။ လုပြီးတော့မှ ရွာသားတွေကို ပြောတယ် စစ်သားမရှိတဲ့ဘက်ကို ဦးတည်ပေါ့နော်။ PDF ဖြစ်ဖြစ် KNU ပဲဖြစ်ဖြစ် ရှိတဲ့ဘက်ကို ကျနော်တို့ကို ပို့ပေးပေါ့။ အဲဒီမှာ ရွာတစ်ရွာ ကမ်းစပ်မှာ ချပေးခဲ့တယ်။ ဓနိတောတွေဖြတ်ရသေးတယ် ရွာထဲဝင်ဖို့။

မေး- လှေပေါ်က ဆင်းတဲ့ အချိန် ဘယ်လို အခက်ခဲတွေ ကြုံခဲ့ရပါသေးလဲ။

ဖြေ-လှေပေါ်က ဆင်းတော့ လှေသမားတွေကလည်း သူတို့လည်း အိမ်ပြန်လို့မရဘူးဆိုတော့ သူတို့လည်း ကြောက်တယ်ပေါ့နော်။ ကျနော်တို့ပြောတယ် ရတယ်ငါတို့ကို စစ်သားမရှိတဲ့ရွာနားချပေးခဲ့။ ငါတို့ ပြေးမယ်ပေါ့။ ရွှံ့ပြင်ကြီးရှိတယ်။ ရေကျချိန်ဆိုတော့။ နှုံးပြင်ကြီးပေါ့။ ကမ်းစပ်ကို မရောက်ခင် နှုံးပြင်ကြီ။ ၂နာရီလောက်ရှိမယ် ဒီပေါင်လောက်ရှိမယ် နှုံးက။ အဲဒီမှာပဲ ကျနော်တို့ ငါးလိုပဲ ကူးတာပေါ့ နှုံးပြင်ကြီးမှာ ဆိုင်းဆိုင်းပြီး တက်သွားတာပေါ့။ ၂ နာရီလောက်တော့ဖြတ်လိုက်ရတယ်။ ခြေတွေဘာတွေ ကြွက်တက်တဲ့သူက တက်ပေါ့။မိုးကလည်းရွာနေတာ ရေကလည်းမသောက်ရဘူး။ ဒီမိုးရေလေးပဲပက်လက်လှန်ပြီး ခံသောက် အဲဒီလိုပုံစံမျိုး။ ပြီးရင်ဆက်သွား။နောက်ကစစ်သားတွေလာရင်လည်း ပစ်ရင်အားလုံးသေမှာကိုး။ သူတို့လက်ကလွှတ်လာပြီဗျာ။ သေချင်လည်း သေသွားမယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့ကျနော်တို့ရုန်းခဲ့တယ်။ ၂၇ယောက်ပဲလွတ်လာတယ်။ ၂ ယောက်ကပျောက်သွားတယ်။ ဘယ်လိုပျောက်လဲ မသိဘူး လမ်းကွဲပြီးတော့ ပျောက်သွားတယ်။

တစ်ယောက်ကကျတော့ လှေပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တော့ သေနတ်တစ်ချက်ထွက်သွားတယ်။ ဒီစစ်သားနှိပ်လိုက်တဲ့ ခလုပ်က အဲဒီမှာ တစ်ယောက်ထိသွားတယ် ဒီကျည်ဆံက။ လှေပေါ်မှာပဲ ဆုံးတယ်။လှေသမားတွေနဲ့ထည့်ပေးလိုက်တယ်။ အဲဒီလိုပုံစံ။

မေး-တော်လှန်ရေးအဖွဲ့တွေနဲ့ဘယ်လိုချိတ်ဆက်မိသွားလဲ။

ဖြေ- ချိတ်ဆက်မိတာက ကျနော်တို့ရဲ့ ရုန်းထွက်ချင်စိတ်ကိုပဲ ဘုရားကကူညီပေးတာလားမသိဘူး။ကျနော်တို့ တက်သွားတဲ့ ရွာက ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေရှိတယ်။ အဲဒီရွာမှာ။ ဒါကို ကျနော်တို့က မသိဘူးကျနော်တို့ သင်္ချိုင်းကိုရောက်သွားတယ် ကျနော်တို့အုပ်စုက။ သင်္ချိုင်းရောက်သွားပြီး ရွာထဲ ဝင်မရဲဘူး။ ညဘက် နည်းနည်းမှောင်လာတဲ့အခါကျမှ နှစ်ယောက်ပေါ့ ကျနော်တစ်ယောက်ခေါ်သွားတယ်။ သွားပြောတယ်။ အိမ်ကြီး တစ်အိမ်ကို။မီးလင်းနေတဲ့အိမ်ကို။ကျနော်တို့ ဒီလိုမျိုးဖြစ်လာတယ် အကူအညီတောင်းတယ်ပေါ့နော်။ ကျနော်တို့ကို ကူညီပေးပေါ့ ကျနော်တို့ဘာဒုက္ခမှ မပေးဘူးပေါ့။ အဲဒီအချိန်မှာ အိမ်တစ်အိမ်ကိုလွှတ်ပေးလိုက်တယ် သူလမ်းညွှန်ပေးလိုက်တယ်။ ကျနော်ဆက်သွားတော့ ကာကွယ်ရေးတပ်ဖွဲ့လို့ ပြောတယ် လူအသက်ကြီးကြီးတစ်ယောက်နဲ့တွေ့တယ်။ အခက်အခဲကို ပြောပြလိုက်တော့ ဘာမှ စိတ်မပူနဲ့ သူအိမ်ကိုခေါ်သွားတယ်။ခေါ်သွားပြီး လှမ်းကြည့်လိုက်တော့ သူ့အမေထင်ရတယ် အဘွားကြီးတစ်ယောက်ရှိတယ်။ အဲဒီမှာ သူပြောပြတယ်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေပေါ့ စစ်သားဘက်က မဟုတ်ဘူးပေါ့။ လုံး၀စိတ်ချလို့ရတယ် သူတို့ဆီရောက်လာတာ။ အဲဒီလိုပြောတယ်။ကျနော်တို့ကို ထမင်းတွေဘာတွေချက်ကျွေးကြတယ်။ အဲဒီမှာ ရေတွေဘာတွေချိုး။ အင်္ကျီတွေပေးတယ်။ ကျနော်တို့က အားလုံး ဖုန်းတွေဘာတွေအားလုံးကို သူတို့(စစ်ကောင်စီတပ်)က သိမ်းထားတယ်ဆိုတော့ အဝတ်တွေလည်းမယူလာဘူး ကြောပိုးအိတ်လည်း မယူလာဘူး လှေပေါ်မှာပဲ။ အားလုံးထားခဲ့တယ်။လူလွတ်ရင်ရပြီ။ အားလုံးကို ဘာမှ မယူလာခိုင်းဘူး။ လူလွတ်အောင်ပဲလုပ်မယ်ဆိုတဲ့ပုံစံမျိုးနဲ့ ကျနော်ခေါ်လာတယ်ဆိုတော့ သူတို့အားလုံးတော့ ပါလာတယ် ပစ္စည်းတွေမပါလာခဲ့ဘူးဆိုတော့ အဝတ်အစားမရှိဘူးဆိုတော့ သူတို့ အဝတ်အစားပေးတယ်။ ရွာထဲက။

မေး-နောက်တော့ရော ဘာဆက်ဖြစ်သေးလဲ။ တော်လှန်ရေးမှာ ပါဝင်ဖို့ ဘယ်လိုဆုံးဖြတ်ခဲ့ကြလဲ။

ဖြေ- ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေဆီကိုရောက်သွားတော့ ကျနော်တို့က မလုံခြုံသေးဘူးလေ။မလုံခြုံသေးဘူးဆိုတာ တောတတောရာဘာတော အဲဒီတောမှာ သွားအိပ်ခိုင်းထားတယ် မနက်ကျမှ စီစဉ်မယ်ပေါ့။ အဲဒီအချိန်မှာပဲ ညတွင်းချင်းစစ်သားတွေတိုးလာတယ်ဆိုတော့လေ။ စစ်သားတွေရောက်လာတယ်ဆိုတာဟိုဘက်ရွာကို ရောက်နေပြီကြားတယ်။ ဒါဆိုရင် ကျနော်တို့ အန္တရာယ်ရှိသေးတယ်။ သူတို့လိုက်ရှာရင်တွေ့နိုင်သေးတယ်ပေါ့။ အဲဒီအချိန်မှာ ကျနော်တို့ကဘာမှ မလုပ်တက်သေးဘူး။ကျနော်တို့ဒေသမဟုတ်ဘူးဆိုတော့ ပြေးလို့လည်းမတက်သေးဘူး။ ဒီအချိန်မှာ KNU ကို ကျနော်တို့ရဲ့ လက်ရှိခေါင်းဆောင်ပေါ့နော် KNDO ခွဲ (၅)က ဗိုလ်ပေါ့။ သူက ရောက်လာတယ်ဗျ။လှေသမားတွေကသူတို့ဆီ ရောက်လာတယ်ပြောတယ် ဒီလိုမျိုးထားခဲ့တယ်ပြောလို့ သူတို့လိုက်ရှာပေးတာပေါ့။ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ KNDOပေါ့ ကျနော်တို့ကိုလာရှာပြီးတော့ ညတွင်းချင်းပဲ ခေါ်ပြီးသွားပြီးမှ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေရောက်မှ ကျနော်တို့ အေးအေးဆေးဆေးနေရတယ်။ တစ်ညလောက်တော့ ကျနော်တို့ကောင်းကောင်းသွားလိုက်ရတယ် မအိပ်ရဘူး။ စစ်သားတွေတိုးနေတယ်ဆိုတော့။ အဲဒီရောက်မှ ကျနော်တို့ ဆုံးဖြတ်ကြတယ်။ အိမ်ပြန်ချင်တဲ့သူ ပြန်လို့ရတယ်ပေါ့နော်။ ဒီ KNU ပြောတာက။ တော်လှန်ရေးလုပ်ချင်တဲ့သူ လုပ်လို့ရတယ်။ ကိုယ့်ရဲ့ဆန္ဒအတိုင်းပဲပေါ့။ အိမ်ပြန်တဲ့သူတွေလည်း လေးငါးယောက်လောက်တော့ရှိတယ်ဗျ။ ကျနော်နဲ့ ကျန်ခဲ့တာ တော်လှန်ရေးလုပ်မယ်လို့ ဆုံးဖြတ်တာ၂၀လောက်တော့ကျန်ခဲ့တယ်။

မေး- စစ်ကောင်စီလက်က လွတ်အောင်ရုန်းထွက်မယ်လို့ ဆုံးဖြတ်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ-ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာ နေမယ်ဆိုရင် မတော်လို့ဗျာ ကျနော်တို့ မရုန်းထွက်ခဲ့ဘူးဆိုရင် သူတို့ပြောတဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့၂နှစ်နဲ့ ၄လ ပြည့်ချင်မှာပြည့်မှာ။ ဘာဖြစ်လို့လဲဆိုရင် သေချာတယ် သင်တန်းပေးပြီးရင်ရှေ့တန်းပို့မှာပဲ။ သေချင်သေးသွားမယ်။ ဒါပေမဲ့ သေရမှာက လူတိုင်းသေရမှာ။ ဒါပေမဲ့ ပြည်သူမချစ်တဲ့စစ်သားမျိုး မလုပ်ချင်ဘူးဗျ။ နိုင်ငံသားတိုင်းကတော့ စစ်သားလုပ်ချင်ကြတာပဲလေ။ဒါပေမဲ့ ပြည်သူ ချစ်တဲ့ စစ်သားပဲလုပ်ချင်ကြတာကိုး။ သူများကြည့်တဲ့ မျက်လုံးဒဏ်ကိုလည်း မခံနိုင်ဘူးလေဒီယူနီဖောင်းနဲ့ဆိုရင်။ မိသားစုတွေလည်းမျက်နှာငယ်တယ် ကိုယ့်အတွက်လည်း မလုံခြုံဘူး။ကိုယ်လည်းမျက်နှာငယ်တယ် အဲဒီလိုပုံစံမျိုးပေါ့နော်။စပြီးတော့သူတို့ထိန်းသိမ်းတဲ့ အချိန်တုန်းကဆိုရင် အိမ်ကိုတောင်ပြောတယ်။ ကျနော်ရွာမပြန်တော့ဘူး။ တကယ်လို့ စစ်သားလုပ်ရမယ်ဆိုရင်။ ရှက်တယ်ပေါ့ဗျာ။ လူဖြစ်ရမှာ ရှက်တယ်ပေါ့နော်။သူတို့ထဲဝင် တာထက်ကိုယ့်ကိုယ်ကိုယ်သက်သေလိုက်တာမှ ကောင်းတယ်ပေါ့ အဲဒီလိုတွေးတာပေါ့နော်။နောက် ကျနော်ထွက်ပြေးလို့ လွတ်မြောက်သွားတဲ့အချိန်မှာကတော့ ကိုယ့်ရဲ့ လွတ်လပ်ခွင့်တွေပြန်ရသွားပြီလို့ ခံစားရတယ်။ လွတ်လွတ်လပ်လပ် နေလို့ရပြီပေါ့။ ဒါပေမဲ့ ကိုယ်တစ်ယောက်တည်းလွတ်လပ်နေလို့မရဘူးပေါ့။ နောက်ထပ်ရှိသေးတယ် ။ နိုင်ငံထဲမှာ လူငယ်တွေအများကြီးရှိသေးတယ် သူတို့လွတ်မြောက်ဖို့။ ငါတို့ ရိုးရိုးသားသား တောင်းဆိုလို့မရတဲ့အရာကို ငါတို့တိုက်ယူမှရမယ်။ တော်လှန်ရေးက ငါတို့နဲ့လည်းဆိုင်တယ်ဆိုတဲ့စိတ်မျိုးပေါ့နော်။ထိုင်းမှာလည်းဖမ်းနေတယ်ဗျာ။ တကယ်လို့ဖမ်းမိသွားရင် ဒီကို ပြန်ရောက်လာမှာပဲ။ မြန်မာပြည်ထဲမှာ နေရင်လည်းသေနေတဲ့သူနဲ့ အတူတူပဲ။ အမြဲတမ်း ပုန်းနေရတာ။ ကျနော်တို့ လူငယ်အနေနဲ့ ဒီလိုမျိုးနေရတာ မကြိုက်ဘူးပေါ့ ဘယ်သူမှ။ ကိုယ့်ရဲ့ လွတ်လပ်မှုအတွက်ပဲ ဖြစ်ဖြစ် နောက်လူတွေအတွက်ပဲ ဖြစ်ဖြစ် တိုက်ယူမှ ရမယ်ဆိုရင်တော့ တိုက်မှာပေါ့ ဒီတိုက်ပွဲပဲရှိတာကိုး။ ဒါကြောင့် တော်လှန်ရေးပဲလုပ်ဖြစ်တယ် အိမ်မပြန်ဖြစ်ဘူး။

မေး-ထိုင်းမှာဆိုရင်လည်းမြန်မာလုပ်သားတွေအများကြီးရှိနေတယ်။အခုလိုမျိုး ဖမ်းပြီးမြန်မာဘက်က စစ်ကောင်စီကို အပ်နှံနေတဲ့ ထိုင်းအစိုးရရဲ့လုပ်ရပ်အပေါ်ဘာပြောလိုပါသလဲ။

ဖြေ-ဒီထိုင်းအစိုးရကို ပြောချင်တာက ကျနော်အနေနဲ့သွားပြောလို့မရဘူးဆိုတော့လည်း မီဒီယာကနေတဆင့်သိစေချင်တယ်။မြန်မာနိုင်ငံသားတွေက ဒီစစ်သားတွေကို မလိုလားဘူးပေါ့။ စစ်သား(စစ်ကောင်စီတပ်သား)လည်းဘယ်သူမှ မလုပ်ချင်ဘူးပေါ့။ စစ်ကောင်စီကို မလိုချင်ဘူးဆိုတာ သူတို့(ထိုင်းအစိုးရ)မသိဘူးလား ၊ မသိချင်ယောင်ဆောင်နေတာလားပေါ့။တကယ်လို့သိတယ်ဆိုရင်လည်း မြန်မာပြည်သားတွေကို ငဲ့ပေါ့နော်။ မြန်မာပြည်သားဆိုတာထိုင်းနိုင်ငံသားတွေနဲ့ အတူတူပဲ အိမ်နီးချင်းနိုင်ငံဆို သူတို့ကူညီပေးရမယ် ပြည်သူရဲ့ဆန္ဒကို လေးစားရမယ်ပေါ့။ ပြည်သူတွေက မလုပ်ချင်ဘူးဆိုရင်သူတို့ဘက်ကစဉ်းစားပြီးတော့ ပြည်သူကို ငဲ့သင့်တယ်ပေါ့။ ထိုင်းမှာဒီလိုမျိုးဖမ်းပြီးပို့ပေးနေတာကျတော့ စစ်သားတွေ(စစ်ကောင်စီတပ်)ကို စစ်သားစုဆောင်းပေးနေသလိုဖြစ်နေတယ်။ဒါတွေကိုမလုပ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာပြီးတော့ဖမ်းမိတဲ့သူတွေကိုထိုင်းနိုင်ငံမှာပဲ ထားပြီးထားစေချင်တယ်။မြန်မာပြည်ဘက် မပို့ပေးဖို့ပေါ့။ တစ်နှစ်ကြာသည်ဖြစ်ဖြစ်နှစ်နှစ်ကြာသည်ဖြစ်ဖြစ်ပေါ့။ သူတို့ ရိုဟင်ဂျာတွေတောင် ၄၊ ၅နှစ်ထားတယ်ဗျာမြန်မာပြည်သား ဘာလို့ ထားလို့မရလဲ။ နိုင်ငံရေး အခြေအနေ ကြောင့် သူတို့မပို့ပေးဘူးဆိုရင် သူတို့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်လေဗျာ။ ဒါကို သူတို့က မသိချင်ယောင်ဆောင်ပြီး ဒီဘက်(စစ်ကောင်စီထံ)ကို ပို့ပို့ပေးနေတာ စစ်သားစုပေးနေသလို ဖြစ်နေတာဗျာ။ တကယ်က နှစ်နိုင်ငံပေါင်းပြီး လုပ်နေတဲ့ ပုံစံဖြစ်နေတယ်ဗျ။

မေး-ထိုင်းရောက်မြန်မာတွေကိုရော ဘာအကြံပေးလိုပါသလဲ။

ဖြေ-ထိုင်းကမြန်မာတွေပဲ ဖြစ်ဖြစ်ပေါ့။မြန်မာပြည်ထဲမှာလည်းအများကြီးရှိတယ်ပေါ့နော်။ အပေါ်ဘက်(မြန်မာပြည်အထက်ပိုင်း)မှာပဲဖြစ်ဖြစ်ကျနော်တို့ တနင်္သာရီတိုင်းမှာပဲဖြစ်ဖြစ် ဒီစစ်သားစုဆောင်းခံနေရတာ အများကြီးဖြစ်နေတယ်။ နိုင်ငံထဲမှာလည်းဖြစ်နေတယ်။ နိုင်ငံခြားက သူတွေလည်း ဒီလိုမျိုးစုဆောင်းနေတယ်ဆိုတော့။ လက်ရှိကတော့ ကျနော်တို့ ကြုံခဲ့ပြီးပြီ ကျနော်တို့ ရုန်းထွက်နိုင်ခဲ့တယ်။ ရှေ့မှာလည်းအများကြီးရှိတယ် စိတ်မပါဘဲ စစ်ကောင်စီလက်အောက်မှာ နေနေရတဲ့သူတွေအများကြီးရှိတယ်။ တကယ်လို့ သူတို့ သိရင်လည်း ရုန်းထွက်ကြပေါ့။ ကချင်၊ကယား၊ ကရင်၊ချင်း ၊ ထားဝယ်ပဲဖြစ်ဖြစ်ပေါ့ ကျနော်က ထားဝယ်လူမျိုးဆိုတော့ ဒီတိုင်းရင်းသား တွေအားလုံးက ညီအကိုတွေပဲလေ။ တကယ်လို့ စိတ်မပါဘဲ စစ်ကောင်စီလက်အောက်နေရမယ်ဆိုရင် တချိန် မဟုတ် တချိန် ကျနော်တို့ကထိပ်တိုက်တွေ့မှာပဲ။ ဒီညီအကိုအချင်းချင်းတော့ စစ်မတိုက်ချင်ဘူး။ရန်မဖြစ်ချင်ဘူး။ စစ်ကောင်စီ လက်အောက်ရောက်သွားရင်တော့ စစ်တိုက်ရမှာပဲ။ ကျနော်တို့ မလုပ်ချင်ဘူး။ ပြီးတော့ ထိုင်းရောက်နေတဲ့သူတွေ တကယ်လို့များ မတော်တဆ ကျနော်တို့လို ဖမ်းမိပြီးတော့ မြန်မာပြည်ဘက်ပြန်ရောက်လာခဲ့မယ်ဆိုရင် စစ်ကောင်စီလက်အောက်မှာပေတေပြီးမနေနဲ့ ။ရုန်းထွက်ပေါ့နော်။ စဉ်းစားပေါ့။ နည်းလမ်းဆိုတာ ရှိတယ်။ ပြဿနာရှိရင် အဖြေရှိတယ်။ နည်းလမ်းရှိကောင်းရှိမှာပဲ။ကျနော်တို့လည်း တွေးခဲ့တာပဲ အမျိုးမျိုး။ တစ်နည်းမဟုတ် တနည်း အဆင်ပြေမယ်လို့ ယုံကြည်ချက်ရှိတယ်တကယ်လည်း အဆင်ပြေခဲ့တယ်ပေါ့။ကျနော်တို့စီစဉ်တဲ့အတိုင်းရောက်လာတယ်။ ဒီလှေသေးသေးလေးပေါ် ရောက်လာရင်တော့ ကျနော်တို့လွတ်အောင်ပြေးမယ်ဆိုတဲ့ စိတ်မျိုးရှိတယ်ဆိုတော့ ကိုယ်လုပ်နိုင်တယ်ပေါ့။ ကြိုတွေးထားပေါ့။ တစ်နေရာမဟုတ်ရင် တစ်နေရာ ပြေးပေါက်ကတော့ တွေ့လိမ့်မယ်ဗျ။ သူတို့ အမြဲတမ်းမကြည့်နေနိုင်ဘူး လူအများနဲ့။ အနည်းဆုံးမရရင်တောင် ကိုယ့်ကိုယ်ကိုယ်လွတ်အောင်ပြေး။ စစ်ကောင်စီလက်အောက်တော့ မနေကျနဲ့ပေါ့။ တကယ်လို့ရောက်သွားရင်မိသားစု မျက်နှာကိုကြည့်ပေါ့။ တကယ်လို့ ကိုယ်ပြေးလိုက်လို့ သေသွားတယ်ဆိုရင် ဒါတန်ဖိုးရှိတယ်ဗျ။ ဒီကောင်တွေလက်ထဲမှာ နေရင်ဘာတန်ဖိုးမှ မရှိဘူး။ ပြည်သူကြည့်တဲ့ မျက်လုံးက ရွံတဲ့ မျက်လုံးနဲ့ ကြည့်တယ်ဗျာ။ကိုယ့်ကိုယ်ကိုယ်ရှက်တက်ဖို့လိုတယ်။ ဒါကြောင့် တကယ်လို့ မတော်တဆဒီလိုမျိုးဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့လိုမျိုးပဲပေါ့ သေနတ်ရှိတယ်ဆိုပြီး ကြောက်မနေနဲ့။ ဒီကောင်တွေမှာသေနတ်ပဲရှိတယ်။ ပညာလည်းမရှိဘူး ဦးနှောက်လည်းမရှိဘူး။သတ္တိလည်းမရှိဘူးပေါ့။အဲဒါကြောင့် သေနတ်ရရင် သေနတ်ယူ၊သေနတ်မရဘူးဆို လူပေါ့ လွတ်အောင်ပြေးကြပေါ့ ဒီလိုမျိုးတိုက်တွန်းချင်တယ်။

မေး-ဘာများဖြည့်စွက်ပြောကြားလိုပါသေးလဲ။

ဖြေ-နောက်ထပ် ဒီလိုမျိုးပြဿနာ(စစ်ကောင်စီတပ်၏ အဓမ္မ စစ်သားစုဆောင်းခံရတာ)တွေ ကြုံရမယ့် ညီအကိုတွေကိုဒီလိုမျိုး(စစ်ကောင်စီတပ်က ရတဲ့နည်းနဲ့ ရုန်းထွက်ဖို့)ပဲမှာချင်တယ်။လွတ်အောင်လည်းပြေးကြပေါ့နော်။ ကျန်းမာရေးလည်းဂရုစိုက်ကြပေါ့။

မေး-စစ်ကောင်စီက မတရားမှု ကျူးလွန်နေတဲ့အပေါ် ပြည်သူလူထုတွေ တော်လှန်နေတာ အနိုင်ရမယ်လို့ ယုံကြည်ပါသလား။

ဖြေ-ဒါကတော့ အပြည့်အ၀ ယုံကြည်တယ်ဗျ။ ဘာဖြစ်လို့လဲဆို ကျနော်အခုခေတ်လူငယ်တွေကိုယုံတယ်။ ကျနော်လူငယ်ဖြစ်လို့ လူငယ်တွေကို ယုံတယ်။ သေချာပေါက် နိုင်တယ်။မကြာတော့ဘူး။ မြို့ထဲမှာ ရှိတဲ့ မိဘပြည်သူတွေကိုလည်းပြောချင်တယ် သိပ်မကြာတော့ဘူးပေါ့။ ကျနော်တို့မြို့ ပြန်ရတော့မှာပေါ့။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

သီတင်းကျွတ်ပိတ်ရက် အလည်အပတ်ခရီးထွက်မည့်လူငယ်များအနေဖြင့် လမ်းခရီး၌ စစ်ကောင်စီက စစ်မှုထမ်းရန်အတွက် ဖမ်းဆီးခံရနိုင်၍ သတိပြုသွားလာကြရန် တော်လှန်ရေးအင်အားစုများက သတိပေးလိုက်သည်။

သတင်း

မန္တလေးမြို့တွင် ပြီးခဲ့သည့်စက်တင်ဘာအတွင်း စစ်မှုထမ်းရန်အတွက် လူငယ် ၅၀ကျော် ဖမ်းဆီးခံရကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ဖြစ်သည့် Voice Of Mandalay က ပြောသည်။

သတင်း

ကရင်ပြည်နယ်​၊ ဖာပွန်ခရိုင်ထဲက ကမမောင်းမြို့မှာ အမျိုးသားတွေကို စစ်မှုထမ်း ဖို့အတွက် စစ်ကောင်စီတပ်က နယ်ခြားစောင့်တပ်(BGF) အကူအညီနဲ့ စာရင်းကောက်ခံပြီး စစ်သင်တန်းပေးဖို့ စီ စဉ်နေတယ်လို့ဒေသခံတွေက ပြောပါတယ်။

မေးမြန်းခန်း

ထိုင်းနိုင်ငံ၊အလုပ်သမားကာကွယ်ပေးရေးကွန်ရက်(LPN)တည်ထောင်သူ ဆွန်ပေါင်ဆကဲယောက် နဲ့မေးမြန်းခန်း

Facebook