close
Connect with us

Hi, what are you looking for?

သတင်း

ထိုင်းအချုပ်မှ ပြန်ပို့သည့် မြန်မာလုပ်သားများကို စစ်ကောင်စီ လူသစ်စုဆောင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် နေရပ်ပြန်ပို့ခံရသူများအား စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ဆောင်လူသစ်စုဆောင်းနေကြောင်း ကော့သောင်းမြို့ရှိ People’s Spring၏ သတင်းရင်းမြစ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်က ရနောင်မြို့ဆိပ်ကမ်းမှ ကော့သောင်းမြို့သို့ ပြန်ပို့ရန် မြန်မာလုပ်သားများအား ထိုင်းအာဏာပိုင်များက ခေါ်ဆောင်နေစဥ်။ ဓာတ်ပုံ - ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဌာန

ဒီးဒီ/People’s Spring

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီးနောက် နေရပ်ပြန်ပို့ခံရသူများအား စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ အတင်းအဓမ္မခေါ်ဆောင်လူသစ်စုဆောင်းနေကြောင်း ကော့သောင်းမြို့ရှိ People’s Spring၏ သတင်းရင်းမြစ်များက ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူများပြစ်ဒဏ်ကျခံပြီးပါက ရနောင်းမြို့မှ ကော့သောင်းမြို့လမ်းကြောင်းမှ နေရပ် ပြန်ပို့သည့် မြန်မာလုပ်သားများအား စစ်သားသစ်အဖြစ် စုဆောင်းနေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေဖြင့် ကော့သောင်းမြို့အတွက် စုဆောင်းရမည့်စစ်သားသစ်ခွဲတမ်းကို ထိုင်းနိုင်ငံအကျဥ်းထောင်များမှ နေရပ်ပြန်ပို့ခံရသည့် မြန်မာရွှေပြောင်းလုပ်သားများအား အစားထိုး ခေါ်ဆောင်နေကြောင်း People’s Springက စုံစမ်းသိရှိသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကြေညာပြီး အပတ်စဥ်(၁)အတွက် စစ်သားစုဆောင်းမှုကို ပြီးခဲ့သည့် ဧပြီက စတင်ရာ အဆိုပါ အပတ်စဥ်(၁)နှင့် (၂)အတွက် ကော့သောင်းမြို့မှ စုဆောင်းပေးရမည့် စစ်သားသစ်ကို ရပ်ကွက်များ၌ မဲနှိုက်ရွေးချယ်ပေးခဲ့သည်ဟု ကော့သောင်းမြို့ရှိ People’s Spring၏ သတင်းရင်းမြစ်များက ပြောသည်။

သို့သော် အပတ်စဥ်(၃)မှ စတင်ကာ စစ်မှုထမ်းဥပဒေအတွက် စစ်သားသစ်စုဆောင်း‌ပေးမှုတွင် မြို့ဒေသခံများအား စုဆောင်းပေးပို့ခြင်း မပြုလုပ်တော့ဘဲ ထိုင်းနိုင်ငံအကျဥ်းထောင်များမှ ပြစ်ဒဏ်ကျခံပြီးနောက် နေရပ်ပြန်ပို့ပေးသည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြင့် အစားထိုးစုဆောင်းပေးပို့နေကြောင်း အဆိုပါသတင်းရင်းမြစ်များက ပြောသည်။

ထိုင်နိုင်ငံတောင်ပိုင်း အကျဥ်းထောင်အသီးသီး၌ အကြောင်းအမျိုးမျိုးဖြင့် အကျဥ်းကျခံရသော မြန်မာရွှေ့ပြောင်းလုပ်သားများ ပြစ်ဒဏ်ကျခံပြီးနောက် ထိုင်း – မြန်မာနှစ်နိုင်ငံသဘောတူညီမှုဖြင့် နေရပ်ပြန်ပို့ပေးသည့် အစီအစဥ်မှာ ယခင်ကတည်းက လစဥ်ပြုလုပ်လေ့ရှိသည်။

အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံပြီးသော မြန်မာလုပ်သားများအား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်မြို့မှ ကော့သောင်းမြို့သို့ စက်လှေဖြင့် နေရပ်ပြန်ပို့ပေးခြင်း ဖြစ်သည်။

ထိုသို့ပေးပို့ရာတွင် လွတ်ရက်စေ့အကျဥ်းသားမြန်မာလုပ်သားများအား ရနောင်မြို့ရှိ အချုပ်ခန်း၌ ကနဦးစုဝေးထားရှိပြီး ပေးပို့မည့်အမည်စာရင်းကို စစ်ကောင်စီ၏ ရနောင်မြို့တာဝန်ခံ အလုပ်သမားသံအရာရှိက သော့ကောင်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေးအဖွဲ့(လဝက)ထံ ပေးပို့ရာ ပြန်ပို့မည့်ရက်တွင် ရနောင်းမြို့ဆိပ်ကမ်းမှ သော့ကောင်းမြို့ဆိပ်ကမ်း ဘောတံတားသို့ စက်လှေဖြင့် ပို့ဆောင်သည့် အစီအစဥ်ဖြစ်သည်။

“ဘောတံတားမှာ အဖွဲ့စုံက လက်ခံစီစစ်တယ်။ ကျန်းမာရေးစီစစ်တယ်။ ပြီးရင် အရပ်ဒေသတွေခွဲတယ်။ ရခိုင်၊ရှမ်းဘာညာပေါ့။ ကော့သောင်းဒေသခံဆို ချက်ချင်းပြန်လွှတ်ပေးတယ်။ အခြားဒေသကဆိုရင် အရင်ကဆို ကားနဲ့စီစစ်ပြီ ပြန်ပို့တယ်။ အခုက ဘာဖြစ်လဲဆိုတော့ အခြားဒေသတွေကို တိုက်ပွဲတွေကြောင့် ပြန်ပို့လို့ မရဘူးဆိုပြီး ၃၄၂နဲ့ ၂၆၂တပ်ထဲ ပို့လိုက်တာပဲ”ဟု ကော့သောင်းမြို့ရှိ People’s Spring၏ သတင်းရင်းမြစ်က ပြောသည်။

ခြေမြန်တပ်ရင်း ခမရ(၃၄၂)နှင့် ခြေလျင်တပ်ရင်း ခလရ(၂၆၂ )တပ်သည် ကော့သောင်းမြို့အခြေစိုက် စစ်ကောင်စီ၏ တပ်ရင်းဖြစ်သည်။

“ ၃၄၂ရောက်ရင် ကျန်းမာရေးစစ်၊ နိုင်ငံသားဟုတ်၊မဟုတ် ထပ်စစ်တယ်။ ပြီးတော့ အဲလူတွေကို ကော့သောင်းက (၆)မိုင်ဆေးရုံပို့တယ်။ ကျန်းမာရေးထပ်စစ်ရတယ်။ ပြီးရင် သူတို့ကို ပုလောဘက်က စစ်သင်တန်းကျောင်းကိုသင်္ဘောနဲ့ ပို့တာ”ဟု သတင်းရင်းမြစ်က ပြောသည်။

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၂၇ ဦးကို ပြီးခဲ့သည့် စက်တင်ဘာ ၂၆ရက်က ရနောင်းမြို့မှတဆင့် ကော့သောင်းမြို့ကို ‌လွှဲပြောင်းနေရပ်ပြန်ပို့ရာ ကော့သောင်းမြို့ရှိ စစ်ကောင်စီအဖွဲ့က အသက်အရွယ်ငယ်ရွယ်သူ ၂၇ဦးကို ရွေးထုတ်ပြီး ကော့သောင်းမြို့ခွဲတမ်းအတွက် စစ်မှုထမ်းရန် ခေါ်ဆောင်ခဲ့သည်။ ကျန်သူကို နေရပ်ပြန်ပို့ပေးခဲ့သည်ဟု ဆိုသည်။

“အဲဒီ ၂၇ဦးက အပတ်စဥ်(၅)အတွက် ခေါ်ထားတာ”ဟု ကော့သောင်းမြို့ရှိ People’s Spring၏ သတင်းရင်းမြစ်က ပြောသည်။

စစ်မှုထမ်းဥပဒေအပတ်စဥ်(၃)မှ အပတ်စဥ်(၅)အထိ ကော့သောင်းမြို့အတွက် စစ်သားစုဆောင်းခံရသည့် နေရပ်ပြန်မြန်မာလုပ်သား ၁၀၀ကျော်အထိရှိကြောင်း ၎င်းက ဆိုသည်။

စက်တင်ဘာ ၆ရက်ကလည်း ပြစ်ဒဏ်ကျခံပြီးသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၁၃၀ ဦးကို နေရပ်ပြန်ပို့ခဲ့သည်။

စက်တင်ဘာပထမပတ်ကလည်း နေရပ်ပြန်မြန်မာလုပ်သား ၃၀ဦးအား အတင်းအဓမ္မစစ်သားစုဆောင်းခဲ့ရာ စက်တင်ဘာ ၈ရက်တွင် အဆိုပါ မြန်မာလုပ်သားများက အစောင့်စစ်သား နှစ်ဦးအားသတ်ပြီး ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ ၎င်းတို့သည် အစောင့်စစ်သား နှစ်ဦးကို သတ်ပြီး လက်နက်များယူကာ ကရင်အမျိုးသားအစည်းအရုံး(KNU)ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO) တပ်ရင်း(၇)တပ်ခွဲ(၅)ထံ ခိုလှုံခဲ့ခြင်း ဖြစ်သည်။

“ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာ နေမယ်ဆိုရင် မတော်လို့ဗျာ ကျနော်တို့ မရုန်းထွက်ခဲ့ဘူးဆိုရင် သူတို့ပြောတဲ့ စစ်မှုထမ်းရမယ်ဆိုတဲ့၂နှစ်နဲ့ ၄လ ပြည့်ချင်မှာပြည့်မှာ။ ဘာဖြစ်လို့လဲဆိုရင် သေချာတယ် သင်တန်းပေးပြီးရင်ရှေ့တန်းပို့မှာပဲ။ သေချင်သေးသွားမယ်။ ဒါပေမဲ့ သေရမှာက လူတိုင်းသေရမှာ။ ဒါပေမဲ့ ပြည်သူမချစ်တဲ့စစ်သားမျိုး မလုပ်ချင်ဘူးဗျ။ နိုင်ငံသားတိုင်းကတော့ စစ်သားလုပ်ချင်ကြတာပဲလေ။ဒါပေမဲ့ ပြည်သူချစ်တဲ့ စစ်သားပဲလုပ်ချင်ကြတာကိုး။ သူများကြည့်တဲ့ မျက်လုံးဒဏ်ကိုလည်း မခံနိုင်ဘူးလေ။ ဒီယူနီဖောင်းနဲ့ဆိုရင်။ မိသားစုတွေလည်းမျက်နှာငယ်တယ် ကိုယ့်အတွက်လည်း မလုံခြုံဘူး။ ကိုယ်လည်းမျက်နှာငယ်တယ် အဲဒီလိုပုံစံမျိုးပေါ့နော်။စပြီးတော့ သူတို့ထိန်းသိမ်းတဲ့ အချိန်တုန်းကဆိုရင် အိမ်ကိုတောင်ပြောတယ်။ ကျနော်ရွာမပြန်တော့ဘူး။ တကယ်လို့ စစ်သားလုပ်ရမယ်ဆိုရင်။ ရှက်တယ်ပေါ့ဗျာ။ လူဖြစ်ရမှာ ရှက်တယ်ပေါ့နော်”ဟု စစ်သားသစ်စုဆောင်းခံရပြီးနောက် အစောင့်စစ်သား နှစ်ဦးသတ်ပြီး ထွက်ပြေးခဲ့သည့် ဖြစ်စဉ်တွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုဖြိုးက People’s Springသို့ ပြောသည်။

ထို့အပြင် ထိုင်းအစိုးရအနေဖြင့်လည်း မြန်မာလုပ်သားများအား ဖမ်းဆီးပြီး စစ်ကောင်စီထံ လွှဲအပ်ပြန်ပို့မှုများ မပြုလုပ်ရန်လည်း ကိုဖြိုးက ပြောသည်။

“ထိုင်းမှာဒီလိုမျိုးဖမ်းပြီး ပို့ပေးနေတာကျတော့ စစ်သားတွေ(စစ်ကောင်စီတပ်)ကို စစ်သားစုဆောင်း ပေးနေသလိုဖြစ်နေတယ်။ဒါတွေကို မလုပ်စေချင်ဘူး။ ဖြစ်နိုင်မယ်ဆိုရင် လူသားချင်းစာနာပြီးတော့ ဖမ်းမိတဲ့သူတွေကိုထိုင်းနိုင်ငံမှာပဲ ထားပြီးထားစေချင်တယ်။မြန်မာပြည်ဘက် မပို့ပေးဖို့ပေါ့”ဟု ၎င်းက ပြောသည်။

ထိုင်းအစိုးရက လက်တလောတွင် ရက်ပေါင်း ၁၂၀စီမံချက်ဟုဆိုကာ ဇွန်လ ၅ ရက်မှအောက်တိုဘာ ၂ ရက်အထိ သတ်မှတ်ပြီး အထောက်ထားမဲ့ နေထိုင်သူများအား စစ်ဆေးရာ ထိုင်းရောက်မြန်မာလုပ်သား ၂၀၉,၄၃၅ ဦး စစ်ဆေးခံရပြီး ၁,၂၈၉ ဦး ဖမ်းဆီးအရေးယူခဲ့ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။ ထိုသို့ အရေးယူခံရသူများအား နှစ်ပတ်ကျော်ကြာ ထိန်းသိမ်းပြီး နယ်စပ်သို့ ပြန်ပို့ဆောင်မှုများ ပြုလုပ်နေသည်။

ထိုင်းအစိုးရအနေဖြင့် အလုပ်သမားဥပဒေအရ တရားမဝင်ရွှေ့ပြောင်းလုပ်သားများအား အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့လေ့ရှိသော်လည်း လတ်တလောမြန်မာနိုင်ငံ၏ အ‌ခြေအနေအရ နေရပ်ပြန်ပို့မှုများမလုပ်ဆောင်သင့်ကြောင်း ထိုင်းရောက်ရွှေ့ပြောင်းလုပ်သားများအရေးဆောင်ရွက်သူ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ Mr. Sompong Srakaew က ပြောသည်။

” သူတို့အတွက် အသက်အန္တရာယ်ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြီး အလုပ်ရှင်မရှိရင် အလုပ်ရှင်ရှိအောင်လုပ်၊ အလုပ်ပါမစ်မရှိရင် အလုပ်ပါမစ်ရှိအောင်လုပ်ပေးတာပဲ ဖြစ်သင့်တယ်။ ထိုင်းအစိုးရက မြန်မာနိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်။ ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်”ဟု Mr. Sompong Srakaew က ပြောသည်။

လွန်ခဲ့သော ၁၄ နှစ်က စစ်အစိုးရပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပ‌ဒေကို အာဏာသိမ်းခေါင်းဆောင် အမိန့်ဖြင့် ဖေဖော်ဝါရီ ၁၀ရက်တွင် ထုတ်ပြန်ခဲ့သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အသက်(၁၈)နှစ်ပြည့်ပြီးသူ အမျိုးသမီး၊ အမျိုးသားတိုင်းကို ၂ နှစ် စစ်မှုထမ်းရန် ဆင့်ခေါ်နိုင်ပြီး တိုင်းပြည်အရေးပေါ်အခြေအနေဆိုပါက ၅ နှစ်အထိ ၎င်းတို့လိုသလို ခိုင်းစေနိုင်သည်ဟု ဆိုသည်။ စစ်ကောင်စီက ဧပြီလ သင်္ကြန်အပြီးတွင် ပထမအသုတ်အဖြစ် လူဦးရေ ၅,၀၀၀ စတင်ခေါ်ယူခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာကိုစစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံပြည်သူ ၅ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

စစ်ကောင်စီက မြို့ရွာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ အလှည့်ကျပိုမိုပြုလုပ်လာသည့် အခြေအနေတွင် တော်လှန်ရေးအောင်မြင်မှုရရှိရေး ပြင်ဆင်သည့်လိုအပ်ချက်မှာ ပိုမိုကြီးမားလာကြောင်း တအာင်းတပ်မတော်(TNLA) ခေါင်းဆောင် ဗိုလ်ချုပ်တားဘုန်းကျော်က လူမှုကွန်ရက်တွင် ရေးသားအသိပေးသည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နှင့် ကချင်ပြည်နယ် ဆဒုံးမြို့နှင့်မိုးမောက် - ဗန်းမော်ကြား (၇)မိုင်နေရာများကို စစ်ကောင်စီက ယမန်နေ့ညတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်​ခြမ်းတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁)နှစ်ခွဲခန့်အရွယ် ကလေးငယ်နှင့် မိခင်ဖြစ်သူတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

Facebook