ထားမြတ်/People’s Spring
တရုတ် – မြန်မာနယ်စပ် ကန်ပိုက်တီမြို့လုံခြံရေးတပ်ဖြစ်သော စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) – ၁၀၀၃ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ရရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက အတည်ပြု ဖော်ပြသည်။
KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း BGF (၁၀၀၃)တပ်ရင်းဌာနချုပ်ကို အောက်တိုဘာ ၂၁ရက် ညနေ ၅နာရီခန့်တွင် သိမ်းရကြောင်း ပြောပြသည်။

Public Service Announcement
“၁၀၀၃ တိုက်တဲ့နေရာမှာစစ်သုံ့ပန်းတွေ ဖမ်းရတယ် မရဘူးဆိုတာကျနော်တို့ မကြားသိရဘူး။ ကန်ပိုက်တီဘက်ကတော့ ကီလို ၁၅ကီလိုလောက်တော့ဝေးမှာပါ။ အဲဒီမှာလည်း သူတို့ တပ်စခန်းတွေ ကာကင်းစခန်းတွေလည်း ကျန်ပါသေးတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းနှင့် စစ်သုံ့ပန်းရရှိမှု၊ ထိခိုက်ကျဆုံး အခြေအနေများ KIA ထုတ်ပြန်အသိပေးလေ့မရှိပေ။
ယခု သိမ်းရသည့် BGF (၁၀၀၃)တပ်ရင်းဌာနချုပ် သည် ကန်ပိုက်တီနှင့် ဆဒုံးကြား စင်ကြိုင်ရွာ၌ တည်ရှိပြီး ကန်ပိုက်တီမြို့ လုံခြံရေးတပ်ဖြစ်သည်ဟု KIA သတင်းပြန်ကြားရေးဌာန၏ ကချင်ဘာသာနှင့် ဖော်ပြချက်တွင် အသိပေးထားသည်။
BGF(၁၀၀၃) တပ်ရင်းဌာနချုပ်ရှေ့တွင် KIA ရဲဘော်များ ရောက်ရှိနေသည့် ရုပ်သံမှတ်တမ်းတစ်ခုလည်း စစ်ရေးသတင်းရင်းမြစ်အချို့က ဖော်ပြထားသည်။
စခန်းသိမ်းတိုက်ပွဲတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး (၁၀၀၃)မှ စစ်ကောင်စီ လက်အောက်ခံများ ပန်ဝါမြို့ဘက် ထွက်ပြေးနေသည်ဟု သိရကြောင်း သတင်းရင်းမြစ်တစ်ဦးက ပြောကြားသည်။
KIAသည် အောက်တိုဘာ ၁၈ရက် ညပိုင်းတွင် ပန်ဝါမြို့ကို သိမ်းပိုက်ပြီးနောက် ကန်ပိုက်တီမြို့ကို ဦးတည်စစ်ဆင်နေခြင်းဖြစ်သည်။
အောက်တိုဘာလဆန်းက ဆော့်လော်မြို့၊ စက်တင်ဘာလကုန်က ချီဖွေမြို့တို့ကို KIAက သိမ်းပိုက်ထားပြီး ဇွန်လအတွင်းက ဆဒုံးမြို့ကို သိမ်းပိုက်ထားသည်။
BGF (၁၀၀၂)နှင့် (၁၀၀၃)တပ်ရင်းဌာနချုပ် နှစ်ခု အပါအဝင် စစ်ကောင်စီလက်အောက်ခံတပ်စခန်းကြီး၊ ငယ် ၅၀ကျော်ကို ကချင်အထူးဒေသ(၁) နယ်မြေအတွင်း စစ်ဆင်ရေး၌ KIAက သိမ်းပိုက် ရရှိထားသည်။
