close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“သူတို့(စစ်ကောင်စီ) အာဏာမသိမ်းခင်က ဖာပွန် မူတြော်ဧရိယာအတွင်းမှာ သူတို့တပ်စခန်းက ၇၀ ကျော်ရှိတယ်၊ ၇၀ ကျော်ရှိတဲ့အထဲမှာ အခုက ၁၀ ကျော်ကျော်ပဲကျန်တော့တယ်”

— ဗိုလ်မှုးကြီး စောကလယ်ဒို

နိုင်ပကောင်း/People’s Spring

KNU တပ်မဟာ (၅) နယ်မြေ မူတြော်(ဖာပွန်) ခရိုင်မှာ အာဏာမသိမ်းခင်က စစ်တပ် ရဲ့ တပ်စခန်း ၇၀ ကျော်ရှိခဲ့ပါတယ်။

အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်းရောက်လာချိန်မှာတော့ အဲဒီ တပ်စခန်းအားလုံးရဲ့ ၇ ပုံ ၁ ပုံ ခန့် သာ ကျန်ရှိတော့တယ်လို့ တပ်မဟာ ( ၅) ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စောကလယ်ဒိုက ပြောပါတယ်။

ဖာပွန်မြို့ကိုလည်း KNU က ထိိန်းချုပ်ထားတဲ့ မြို့ပြင်မှာ ရှိတဲ့ စစ်ဗျုဟာ ကို ဝန်းရံပိတ်ဆို့ ထားပါတယ်။ လက်ရှိ ဖာပွန်ခရိုင်ရဲ့ လက်ရှိစစ်ရေးအခြေအနေကို KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒို ကို People’s Spring က မေးမြန်းထားတာကို တင်ဆက်ပေးလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

မေး – KNU မူတြော်(ဖာပွန်) ခရိုင်မှာ လက်ရှိ စစ်ရေးအခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ – ဖာပွန်မှာ အခုလက်ရှိစစ်ရေးအခြေအနေကတော့ သိပ်ပြီးတော့ ကြီးကြီးကျယ်ကျယ်တော့ မရှိသေးဘူးပေါ့နော်၊ အရင်ကလိုပဲ ပစ်ခတ်မှုအသေးစားလေးပေါ့နော်၊ ပြောက်ကျားလေးတွေပဲရှိတယ်၊ နောက်ပြီးတော့ သူတို့ရဲ့တပ်စခန်းပေါ့၊အထူးသဖြင့် ဖာပွန်နဲ့ခေါပုတ် အဲ့ဒီတပ်စခန်းတွေကတော့ ဝိုင်းရံပိတ်ဆို့ခံထားရတာပေါ့နော်၊ ဒီစကစ စခန်းနှစ်နှစ်ခုကတော့၊ ဒီစခန်းတွေဘာတွေ တိုက်သိမ်းတာတို့ဘာတို့ ဒီလိုအစီအစဉ်တွေကတော့ ခုထက်ထိဘာမှမကြားသေးပါဘူး၊ ဘာမှလည်း မရှိသေးဘူးနော်၊ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ သူတို့လေယာဉ်ကတော့ နေ့တိုင်းလိုလိုပဲ လာပြီးတော့ စခန်းထဲကရှိတဲ့သူတို့လူတွေကို ရိက္ခာလာချပေးတာ ခဲယမ်းမီးကျောက်တို့လာချပေးတာ နေ့တိုင်းလိုလိုလုပ်တယ်၊ နောက်ပြီးတော့ လေယာဉ်ပျံနဲ့ပဲ လာပြီးတော့ နေ့တိုင်းလိုလိုပဲလာပြီးတော့ပစ်တယ်၊ နှစ်ရက်ခြားတစ်ရက်ခြားပေါ့၊ အဲ့လိုမျိုးလာပြီးတော့ ပစ်သွားတာလည်းရှိတယ်။

မေး – လက်ရှိ မူတြော်ခရိုင်အတွင်း စစ်ကောင်စီတပ်စခန်း ဘယ်နှစ်ခုလောက်ကျန်ရှိနေသေးလဲ။

ဖြေ- ဖာပွန်က KNU အုပ်ချုပ်ရေးဘက်ကျတော့ ခရိုင်ပေါ့နော်၊ မူတြော်ခရိုင်ပေါ့၊ မူတြော်ခရိုင်က အတော်လေးကျယ်သားပဲ၊ ကျယ်တဲ့အပေါ်မှာ စကစပေါ့လေ သူတို့အာဏာမသိမ်းခင်က ဖာပွန် မူတြော်ဧရိယာအတွင်းမှာ သူတို့(စစ်ကောင်စီ)တပ်စခန်းက ၇၀ ကျော်ရှိတယ်၊ ၇၀ ကျော်ရှိတဲ့အထဲမှာ အခုက ၁၀ ကျော်ကျော်ပဲကျန်တော့တယ်၊ တချို့က ဒီဘက်ကနေ တိုက်လို့ သူတို့ထွက်ပြေးသွားတာလည်းရှိသလို သူတို့ဟာနဲ့သူတို့ အခက်အခဲအမျိုးမျိုးကြားကနေပြီးတော့ သူတို့ပြန်ပြီးတော့ရုတ်သွားတာတွေလည်း ရှိတာပေါ့လေ၊ ၇၀ ကျော်ထဲမှာ ဖာပွန်ဗျူဟာပေါ့နော်၊ ဖာပွန်ဗျူဟာနဲ့ ခေါပုတ်စခန်း ၊အဲ့ဒီနှစ်ခုအပြင် ကျန်တဲ့စခန်းတွေကျတော့ လေးဘက်လေးတန်ဝိုင်းပိတ်ထားတာတော့မရှိဘူးပေါ့နော်၊သူတို့ရဲ့သွားလာတဲ့ ဒီလမ်းကြောင်းပဲ၊ ဒီရိက္ခာပို့တာတို့ဘာတို့ပေါ့၊ လမ်းကြောင်းတွေက ဖြတ်တောက်ထားတာပဲရှိတယ်၊ပိတ်တာတော့ စခန်းနှစ်ခုပဲရှိတယ်၊ဖာပွန်ဗျူဟာစခန်းနဲ့ ခေါပုတ်စခန်းနှစ်ခုပဲပေါ့နော်။

မေး – ဖာပွန်ဗျုဟာကို ကမမောင်းဘက်ကနေ စစ်ကူတက်လာတဲ့ စစ်တပ် တိုက်ပွဲဖြစ်ပြီး ပြန်ဆုတ်သွားတယ်ကြားရတယ်၊ အဲဒီဘက်က အခြေအနေဘယ်လိုရှိလဲ။

ဖြေ – ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာပေါ့နော်၊ အဲ့ဒီမှာ BGF နဲ့ စကစ ပူးပေါင်းပြီးတော့မှ ဖာပွန်စစ်ကူလိုက်ဖို့ဆိုပြီးတော့မှ ကတိုင်တိကနေပြီးတော့မှ တောင်သုံးလုံးကိုတက်လာတယ်၊ တက်လာတော့ လမ်းခုလတ်မှာပဲ၊ ဒီဘက်ကနေပြီးတော့ဖြတ်တိုက်တာကို ခံလိုက်ရတဲ့အခါကျတော့ စစ်ကြောင်းမှူးနဲ့ တချို့ရဲဘော်တွေပေါ့လေ၊ ထိခိုက်ဒဏ်ရာရရှိပြီးတော့မှ သူတို့ပြန်ဆုတ်သွားတယ်၊ ပြန်ဆုတ်သွားတော့ ကမမောင်းဘက်ကို ပြန်ဆင်းသွားတယ်၊ အခုတော့ တက်လာတာ မရှိတော့ဘူးနော်။

မေး – တပ်မဟာ ၅ နယ်မြေမှာ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ ကို ဘယ်လိုထောက်ပံ့ကူညီမှုတွေ လုပ်ဆောင်ပေးနေလဲ။

ဖြေ – စစ်ကောင်စီပေါ့လေ၊ သူတို့တပ်ဖွဲ့တွေ တချို့ထွက်ပြေးလာတာတော့ရှိပါတယ်၊ ဒါပေမဲ့ အစုလိုက်အပြုံလိုက် ထွက်လာတာတော့မရှိဘူး၊ ထွက်ပြေးလာပြီးတော့ ဒီဘက်ကိုလာပြီးတော့ အလင်းဝင်တာတွေရှိတယ်၊ တစ်ယောက်စ နှစ်ယောက်စပေါ့ အဲ့လိုမျိုး၊ အစုလိုက်အပြုံလိုက် လာတာတော့မရှိဘူးပေါ့နော်၊လာတဲ့လူတိုင်းကတော့ ဒီဘက်ကနေပြီးတော့ ကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံပါတယ်၊ နောက်ပြီးတော့မှ ဆုတွေဘာတွေပေးပါတယ်၊ဘတ်တစ်သောင်းနှစ်သောင်းအထိ အဲ့လိုမျိုးပေးတာတော့ တွေ့ဖူးပါတယ်၊ လာတဲ့ရဲဘော်တိုင်းပေါ့၊ အဲ့လိုဆုတွေဘာတွေပေးတာတော့ ရှိတာပေါ့နော်၊ လက်ခံတယ် ကောင်းကောင်းမွန်မွန်လက်ခံတယ်၊အဲ့လို သူတို့လာပြီးတော့ အလင်းဝင်လာတဲ့အခါကျတော့ ဒီဘက်ကလို ပေါင်းသင်းဆက်ဆံတာပဲ၊ထွက်ပြေးလာတဲ့ရဲဘော်တွေ တချို့က သူတို့နည်းသူတို့ဟန်နဲ့ ပြန်မယ်ဆိုပြီးတော့ သူတို့မိသားစုနဲ့ပြန်ပြီးတော့ တွေ့ချင်တယ်ဆိုပြီးတော့မှ ပြန်တာတွေလည်းရှိတယ်၊ တချို့ကျတော့ တဖက်နိုင်ငံကိုကူးပြီးတော့မှ အလုပ်တွေဘာတွေ သွားရှာတာလည်းရှိတာပေါ့နော်၊ အဲ့လိုမျိုးလည်းတော့ရှိတယ်။

မေး – မူတြော်ခရိုင်မှာ စစ်ဘေးရှောင်လူထုတွေရဲ့ အခြေအနေဘယ်လိုရှိပါသလဲ ။

ဖြေ – မူတြော်ခရိုင်ပေါ့လေ၊ ဖာပွန်ပေါ့။ ဒီဧရိယာထဲမှာ စစ်ဘေးရှောင်က တစ်မျိုးနှစ်မျိုးရှိတယ်။ တစ်ဖွဲ့ကတော့ လေယာဉ်ပျံရဲ့ရန်ကို ကြောက်ပြီးတော့မှ ရွာထဲမှာမနေရဲပဲနဲ့ ရွာပြင်ထွက်ပြီးတော့မှ နေတဲ့အဖွဲ့ အဲ့ဒီအဖွဲ့က တစ်ဖွဲ့ရှိတယ်။ နောက်စစ်ဘေးရှောင်တစ်ဖွဲ့က သူတို့က တကယ့်ကို မြို့နဲ့နီးတဲ့ရွာတွေမှာ တိုက်ပွဲနဲ့ နီးနီးကပ်ကပ်ရှိတဲ့နေရာမှာကျတော့ လက်နက်ကြီးရော လေယာဉ်ပျံတွေကရော အကုန်လုံးကြောက်နေရတဲ့အဖွဲ့တွေကတော့ သူတို့ အဝေးကိုနည်းနည်း ရှောင်ထွက်ပြေးရတယ်လေ၊အဲ့ဒီအဖွဲ့ကတော့ သူတို့ပြန်လို့လုံး၀မရသေးဘူး၊ သူတို့တောထဲမှာပဲ အဲ့ဒီမှာပဲဆက်လက်ပြီးတော့ နေနေရသေးတယ်၊ လေယာဉ်ပျံရန်နဲ့ ဘာနဲ့ဆိုတော့ သူတို့လုံး၀ပြန်လို့မရဲသေးဘူး ၊အဲ့ဒီအဖွဲ့တွေကတော့၊ အဲ့ဒီလုံး၀ပြန်လို့မရတဲ့ စစ်ဘေးရှောင်အဖွဲ့တွေ သူ့ရဲ့ဦးရေကတော့ တစ်သောင်းဝန်းကျင်ပေါ့နော်၊ အဲ့ဒီတစ်သောင်းဝန်းကျင်မှာရှိတယ်နော်၊အဲ့ဒီအဖွဲ့တွေကူညီထားတာကတော့ ခရိုင်ကနေပြီးတော့မှ သူတို့ လူမှုကူညီရေးအသင်းဆိုတာရှိတယ်၊ သူတို့ကနေပြီးတော့မှ ချိတ်ဆက်ပြီးတော့ပေါ့လေ၊ တချို့ တတိယနိုင်ငံထွက်တဲ့လူတွေကလည်း သူတို့ပို့လာတဲ့ အကူအညီရယ်၊ တချို့အသင်းအဖွဲ့တွေက ပို့တဲ့အကူအညီရယ် ၊နောက် ခရိုင်နဲ့လည်းပေါင်းပြီးတော့ အဲ့ဒီအဖွဲ့(စစ်ဘေးရှောင်)တွေကို ထောက်ပံ့ကူညီပေးတာတော့ရှိတာပေါ့နော်၊သူတို့ရရှိတဲ့အကူအညီကလည်း တကယ်အသက်ရှင်ရပ်တည်နိုင်ဖို့လောက်ပဲ ရတာပေါ့နော်၊ တကယ့်ပြည့်စုံလုံလောက်မှုတော့ မရှိဘူးပေါ့နော် ၊ပြောရမယ်ဆိုလို့ရှိရင်၊ လိုအပ်မှုကတော့ အများကြီးရှိတာပေါ့၊ အထူးသဖြင့်တော့ စားနပ်ရိက္ခာပေါ့နော်၊ ဆေးဝါး အဝတ်အစားလည်းလိုတာပေ့ါ။ အဓိကလိုအပ်တဲ့ဟာပေါ့။

မေး – စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ပြီး ရွေးကောက်ပွဲ ပြင်ဆင်နေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ – အခု သူတို့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ သူတို့လုပ်ဆောင်နေတာပေါ့၊ အဲ့ဒီရွေးကောက်ပွဲကတော့ ကျွန်တော့်တစ်ယောက်ထဲအမြင်နဲ့ပြောရမယ်ဆိုလို့ရှိရင်တော့ ဒါက လုံး၀မျှတမှုလည်းမရှိဘူး၊ တရားဝင်မှုလည်းမရှိပါဘူး၊ ဘာဖြစ်လည်းဆိုတော့ ခုလက်ရှိအနေအထားအရဆိုလို့ရှိရင် ရွေးကောက်ပွဲလုပ်လည်း ဘယ်သူ့မှ မဲသွားပြီးတော့ ထည့်တဲ့လူက ရှိမှာမဟုတ်ဘူး၊ရှိရင်လည်း အနည်းအကျဉ်းလောက်ပဲရှိမယ်ဆိုတော့ သူတို့ရဲ့ ရရှိလာမယ့်မဲရလဒ်ကတော့ ဒါက လုံး၀မှန်ကန်မှုရှိမှာမဟုတ်ဘူးဆိုတာ ပြောလို့ရတယ် ၊အဲ့ဒါက ပြောရမယ်ဆိုလို့ရှိရင်တော့ ရယ်စရာသက်သက်ပဲ၊ အခုလုပ်တဲ့ ရွေးကောက်ပွဲကတော့ အရင်တုန်းက NLD လုပ်တာ မသမာမှုတွေ မဲလိမ်မှုတွေဆိုပြီးတော့မှ အမျိုးမျိုးစွပ်စွဲထားတာရှိတယ်၊အခုကျတော့ သူလုပ်မယ်ဆိုလို့ရှိရင်တော့ ဟို NLD ထက်အများကြီး သူပြောတဲ့အတိုင်း သူ့ကိုပဲပြန်ပြီးတော့ဖြစ်မှာပဲ အကုန်လုံးက၊သူပဲအကုန်လုံး သူတစ်ယောက်ထဲပဲရှိနေတာကိုး၊ တခြားလူ သူ့နဲ့ပြိုင်မယ့်လူက မရှိတာကြီးဟာ၊အဲ့ဒါကြောင့် သူက မသမာကြီးပဲဖြစ်သွားမှာပေါ့။

မေး – KNU နယ်မြေတွေမှာ စစ်ကောင်စီတပ်ရဲ့ အနေအထားကို ဘယ်လို မြင်တွေ့နေရလဲ။

ဖြေ – အခုလက်ရှိအနေအထားရဆိုလို့ရှိရင်တော့ ကော်သူးလေနယ်မြေမှာ စစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေဟာ တော်တော်အထိနာတယ်၊ သူတို့တိုက်ပွဲထဲမှာ ကျဆုံးတာတို့ဘာတို့ နောက် ရောဂါနဲ့ ကျဆုံးတာတွေလည်းရှိတယ်၊ နောက်ထွက်ပြေးတာတို့ဘာတို့ပေါ့ အစုံပဲ၊ဒါပေမဲ့ တချို့ကျတော့ သူတို့ရဲ့ခေါင်းဆောင်ကြီး စစ်အာဏာရှင်တွေအတွက်ပေါ့လေ၊ တခါထဲ သစ္စာခံပြီးတော့မှ တကယ်အသေခံပေးတဲ့ စစ်သားတွေလည်းရှိတာပေါ့နော်၊အဲ့ဒီစစ်အာဏာရှင်ခေါင်းဆောင်ကြီးတွေကို တခါထဲအကာအကွယ်ပေးပြီးတော့မှ အသေခံပေးတဲ့ တပ်ဗိုလ်တပ်မှူးတွေကျတော့ ကျွန်တော့်အနေနဲ့ ဒီလိုပဲပြောချင်တယ်၊ အခုသူတို့ရဲ့ရပ်တည်မှုက ပြည်သူလူထုဘက်မှာရပ်တည်ပေးတာမဟုတ်ပဲနဲ့ စစ်အာဏာရှင်အကျိုးအတွက် စစ်အာဏာရှင်ရဲ့အာဏာတည်မြဲရေးနဲ့ စစ်အာဏာရှင်ရဲ့ ပစ္စည်းဥစ္စာဓနတွေ တည်မြဲခိုင်မြဲဖို့အတွက်ပေါ့၊ သူတို့အနစ်နာခံ အပင်ပန်းခံ အဆင်းရဲခံ အသေခံပေးတာပဲရှိတယ်၊ တိုင်းပြည်နနဲ့လူမျိုးအတွက် အသေခံပေးတာ အနစ်နာခံပေးတာ အဆင်းရဲအပင်ပန်းခံတာမဟုတ်ဘူး၊ အဲ့ဒါသူတို့သေလည်း ဘာအကျိုးမှမရှိဘူး၊ တိုင်းပြည်အကျိုးလည်းမရှိဘူး၊ ပြည်သူလူထုအကျိုးလည်းမရှိဘူး၊ မိသားစုအကျိုးလည်းမရှိဘူး၊ စစ်အာဏာရှင်အကျိုးအတွက်ပဲ အကုန်လုံးဖြစ်နေတဲ့အပေါ်မှာ ဒီတပ်ဗိုလ်တပ်မှူးတွေက စဉ်းစားပြီးတော့မှ အခုကနေစပြီးတော့ ပြည်သူဘက်ကိုပြန်လှည့်ပြီးတော့မှ ရပ်တည်ပေးဖို့ အချိန်တန်ပြီလို့ပဲ ကျွန်တော့်အနေနဲ့ကတော့ ပြောချင်တယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ယခုလဝက် အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၄၇ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် ထဲ နေရာယူတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း အရေအတွက် တဖြည်းဖြည့် ယုတ်လျော့လာပြီး လက်ရှိမှာ စခန်း ၁၀ ခုဝန်းကျင်ပဲရှိတော့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU) တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)ဖာပွန်ခရိုင် တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ထပ်မံပြုလုပ်ရာ ကလေးငယ်တစ်ဦး နှင့် ၎င်း၏ မိခင်သေဆုံးခဲ့ရပြီး ကလေးတစ်ဦး ဒဏ်ရာရခဲ့ကြောင်း KNU တပ်မဟာ (၅) က သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန် ခရိုင်(မူတြော်ခရိုင်)တွင် စက်တင်ဘာလဝက်အတွင်းတိုက်ပွဲပေါင်း ၆၃ကြိမ်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်က သေဆုံးထိခိုက်များရှိခဲ့ကြောင်း KNU တပ်မဟာ(၅)က ယနေ့ သတင်းထုတ်ပြန်သည်။

Facebook