အမေရိကန်ဆီ မြေရှားသတ္တု (REM)တွေ တင်ပို့မှုကို တရုတ်က ပြန်လည် ခွင့်ပြုပေးမှာ ဖြစ်တဲ့အတွက် တရုတ် ကျောင်းသားတွေကိုလည်း အမေရိကန်မှာ ပညာသင်ဖို့ ပြန်လည် လက်ခံသွားမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။
မကြာသေးခင်က တရုတ်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တွေဟာ နှစ်နိုင်ငံ ကုန်သွယ်ရေး မူဝါဒတွေ ညှိနှိုင်းဖို့ တွေ့ဆုံခဲ့တဲ့နောက် အဲဒီထဲက ညှိနှိုင်းမှု ရလဒ်တချို့ကို ဇွန်လ ၁၁ ရက်နေ့မှာ ထရမ့်က ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
တရုတ်ဟာ အမေရိကန်ဆီ REMတွေ၊ ပြီးတော့ အားကောင်းတဲ့ သံလိုက်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ သတ္တုကုန်ကြမ်းတွေ တင်ပို့မှုတွေ တင်ပို့မှုကို ကန့်သတ်ထားတာတွေ ပယ်ဖျက်ပေးသွားလိမ့်မယ်လို့ ထရမ့်က ဆိုပါတယ်။ အပြန်အလှန်အဖြစ် အမေရိကန် အစိုးရကလည်း တရုတ် ကျောင်းသားတွေကို အမေရိကန် တက္ကသိုလ်တွေ၊ ကောလိပ်တွေမှာ ပညာသင်ကြားဖို့ကို ဆက်လက် ခွင့်ပြုပေးမယ်လို့ သူက ပြောပါတယ်။

နောက်ပြီး နှစ်နိုင်ငံ ကုန်သွယ်ခွန် သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ တရုတ် ကုန်စည်တွေကို အမေရိကန်က ကုန်ပစ္စည်းတန်ဖိုးရဲ့ ၅၅ ရာခိုင်နှုန်း စည်းကြပ်ပြီး တရုတ်ကတော့ အမေရိကန်ဆီက သွင်းကုန်တွေအပေါ် ၁၀ ရာခိုင်နှုန်း စည်းကြပ်လိမ့်မယ်လို့ ထရမ့်က ကြေညာခဲ့ပါတယ်။ ဒီလို သဘောတူညီမှုမျိုးကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးကလည်း အကောင်းဆုံး ဆက်ရှိနေလိမ့်မယ်လို့ ထရမ့်က သူပိုင်ဆိုင်တဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Truthမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement
အိမ်ဖြူတော် အရာရှိ တစ်ဦးကတော့ တရုတ်အပေါ် အခွန်စည်းကြပ်မှု ၅၅ ရာခိုင်နှုန်း ဆိုတာက နှစ်နိုင်ငံ အပြန်အလှန် သတ်မှတ်တဲ့ သွင်းကုန်အခွန် ၁၀ ရာခိုင်နှုန်း၊ တရုတ်ဆီကနေ ဖန်တနဲလ် မူးယစ်ဆေးတွေ အမေရိကန်ဆီ ဝင်ရောက်နေတဲ့အတွက် ပြစ်ဒဏ်သဘော သတ်မှတ်တဲ့ အခွန် ၂၀ ရာခိုင်နှုန်း၊ နဂိုမူလ ကတည်းက သတ်မှတ်ထားပြီးဖြစ်တဲ့ အခွန် ၂၅ ရာခိုင်နှုန်းကို ခြုံငုံပြီး ဆိုလိုတာလို့ မှတ်ချက်ပေးခဲ့ပါတယ်။
နှစ်နိုင်ငံ ကိုယ်စားလှယ် အဖွဲ့တွေ ဆွေးနွေးလာတဲ့ သဘောတူညီချက်ကို နောက်ဆုံးအဆင့်အဖြစ် သူနဲ့ တရုတ် သမ္မတ ရှီကျင့်ဖျင်တို့က အတည်ပြုပေးဖို့သာ ကျန်တော့တယ်လို့လည်း ထရမ့်က ဆိုပါတယ်။
ဇွန်လ ၁၀ ရက်နေ့တုန်းက အမေရိကန်နဲ့ တရုတ်တို့ဟာ နှစ်ဖက် ကုန်သွယ်ရေး မူဝါဒတွေ တင်းတင်းမာမာ ပြိုင်ဆိုင်နေမှုကို လျှော့ချဖို့၊ တရုတ်က REM တင်ပို့မှုတွေ ကန့်သတ်ထားတာကို ရုပ်သိမ်းဖို့ သဘောတူညီမှု ရရှိခဲ့ကြကြောင်း အသီးသီး ကြေညာခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့လက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာ့စီးပွားရေး အင်အား အတောင့်တင်းဆုံး နိုင်ငံကြီး နှစ်ခုကြား ဆွေးနွေးမှုတွေရဲ့ နောက်ဆက်တွဲ ရလဒ်လည်း ဖြစ်ပါတယ်။
တရုတ်ဟာ ကမ္ဘာတလွှားက REM ထုတ်လုပ်မှုတွေကို အဓိက ချုပ်ကိုင်ထားတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ အဲဒီ သတ္တုတွေဟာ တိုက်လေယာဉ်တွေ၊ လျှပ်စစ်ကားတွေ၊ ဘက်ထရီတွေနဲ့ တခြား ခေတ်မီ နည်းပညာမြင့် အသုံးအဆောင် ပစ္စည်းတွေ ထုတ်လုပ်မှုမှာ မရှိမဖြစ် လိုအပ်ပါတယ်။
ထရမ့်ဟာ အိမ်ဖြူတော်ကို သမ္မတအဖြစ် ဒုတိယအကြိမ် ရောက်ရှိလာခဲ့တဲ့နောက် တရုတ်အပေါ် ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေကို ကျင့်သုံးခဲ့ပြီး နှစ်နိုင်ငံကြား သွင်းကုန် အခွန်အခတွေ အပြိုင် မြှင့်တင်ရာက ကမ္ဘာ့စျေးကွက်ကို အကြီးအကျယ် ဂယက်ရိုက်ခတ်ပြီး ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။
ကိုးကား: Reuters
