တတိယမြောက်နေ့အဖြစ် ဇွန်လ ၁၅ ရက်နေ့မှာလည်း အီရန်နဲ့ အစ္စရေးတို့ဟာ နှစ်ဖက် အပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး နှစ်နိုင်ငံကြား အလုံးစုံ စစ်ပွဲကြီး ဖြစ်ပွားလာမှာကို နိုင်ငံတကာ စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
လက်ရှိ အချိန်ထိတော့ အရှေ့အလယ်ပိုင်း ဒေသက ခါးသီးရန်ဘက် နှစ်နိုင်ငံဟာ လေကြောင်းကနေပဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့မှာ အီရန်ဟာ အစ္စရေးကို ဒုံးကျည်တွေ အလုံးအရင်းနဲ့ နောက်တစ်သုတ် ပစ်ခတ်ခဲ့သလို အစ္စရေးကလည်း အီရန်နိုင်ငံ အနှံ့က စစ်ရေးနဲ့ နျူကလီးယား နည်းပညာဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ ဆက်လက် တိုက်ခိုက်နေဆဲပါ။

ဇွန်လ ၁၄ ရက် ညပိုင်းနဲ့ ဇွန်လ ၁၅ ရက် မနက်ပိုင်းတုန်းက အီရန်ရဲ့ ဒုံးကျည်တွေဟာ အစ္စရေးမြောက်ပိုင်းကို ကျရောက်ပေါက်ကွဲပြီး အနည်းဆုံး ၅ ဦးသေ၊ ၁၃ ဦးလောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ အလားတူ ဇွန်လ ၁၅ ရက်နေ့ မနက် အရုဏ် မတက်ခင်မှာ အစ္စရေးဟာ တဟီရန် မြို့တော်မှာရှိတဲ့ အီရန် ကာကွယ်ရေး ဝန်ကြီးဌာန နေရာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း အီရန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ နောက်ပြီး တဟီရန် အနောက်မြောက်ပိုင်းမှာ ရှိနေတဲ့ ရှာဟ်ရန် ရေနံရုံတွေကိုလည်း အစ္စရေးက တိုက်ခိုက်ခဲ့ကြောင်း အီရန်က ပြောပါတယ်။ အဲဒီနေရာမှာ အပြင်းအထန် မီးလောင်နေပြီး နာရီနဲ့ချီ ကြာမြင့်လာတဲ့ထိ မီးကို ထိန်းချုပ်ဖို့ ကြိုးစားနေရဆဲပါ။
လူမှုကွန်ရက် မီဒီယာပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ အစ္စရေး မြောက်ပိုင်းဒေသ ကောင်းကင်ယံကို ဝင်ရောက်လာတဲ့ အီရန်ဒုံးကျည်တွေကို တွေ့ခဲ့ရပါတယ်။ အစ္စရေး မီဒီယာတွေက အဲဒီဒုံးကျည်တွေထဲက တချို့ဟာ ဟိုင်ဖာမြို့နဲ့ တမ်ရာမြို့တွေကို ထိမှန်ခဲ့တယ်လို့ ဖော်ပြထားကြပါတယ်။ အီရန်ဟာ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေ တည်ရှိပြီး မဟာဗျူဟာအရ အရေးပါတဲ့ ဟိုင်ဖာကို တိုက်ခိုက်လာနိုင်ကြောင်း ကြိုတင်ခန့်မှန်းမှုတွေ ရှိခဲ့ပြီးသားပါ။

Public Service Announcement
အီရန်ရဲ့ ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံ အလယ်ပိုင်းကိုလည်း ကျရောက်ခဲ့ပြီး တဲလ်အဗစ်ဗ်မြို့လယ် ဧရိယာ တစ်ခုဖြစ်တဲ့ ဘတ်ယမ်းမှာလည်း ဒုံးကျည်ထိမှန်တဲ့ နေရာတွေမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေရပါတယ်။ အဆောက်အအုံ တစ်ခုကို ဒုံးကျည် တိုက်ရိုက်ထိမှန်ခဲ့ပြီး အနည်းဆုံး ၃ ဦးသေ၊ ၁၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ ကနဦး သတင်းတွေ ထွက်ပေါ်နေပါတယ်။
အစောပိုင်းမှာ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်သာ ဒုံးကျည်ပစ်ခတ်မှုတွေကို မရပ်ဘူးဆိုရင် တဟီရန် တစ်မြို့လုံး မီးဟုန်းဟုန်း တောက်သွားစေမယ်လို့ ခြိမ်းခြောက်ထားခဲ့ပါတယ်။ အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖွဲ့ဖြစ်တဲ့ အီရန် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ ထုတ်ပြန်ချက်မှာတော့ ဇွန်လ ၁၅ ရက်နေ့ တိုက်ခိုက်မှုမှာ အစ္စရေးရဲ့ လေယာဉ်ဆီ ထုတ်လုပ်တဲ့ နေရာတွေကို အဓိက ပစ်မှတ်ထားခဲ့ကြောင်း၊ အစ္စရေးဖက်က ရန်လိုမှုတွေ ဆက်ရှိနေသ၍ အီရန်ရဲ့ တိုက်ခိုက်မှုတွေက ပိုမို အရှိန်မြင့်လာမှာဖြစ်ကြောင်း သတိပေး ခြိမ်းခြောက်ထားပါတယ်။
ကိုးကား BBC
