ဩစတြီးယား နိုင်ငံက စာသင်ကျောင်း တစ်ခုမှာ ဖြစ်ပွားတဲ့ ပစ်ခတ်မှုကြောင့် အသေအပျောက်ဟာ သေနတ်သမား အပါအဝင် ၁၁ ဦးထိ တိုးပွားလာခဲ့ကြောင်း သိရပါတယ်။
မူလက ပစ်သတ်ခံရသူ ၉ ဦးနဲ့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားသူ သေနတ်သမား၊ စုစုပေါင်း လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ကြေညာထားပေမယ့် ဇွန်လ ၁၀ ရက်နေ့ ညပိုင်းမှာတော့ နောက်ထပ် အသေအပျောက် ၁ ဦး ထပ်တိုးလာတာ ဖြစ်ပါတယ်။
ရဲတွေက သေနတ်သမားရဲ့ နာမည်ကို မထုတ်ပြန်သေးဘဲ အသက် ၂၁ နှစ်အရွယ် ကျောင်းသားဟောင်း တစ်ဦးလို့သာ ကြေညာထားပါတယ်။ သူဟာ ဆိုးရွားလှတဲ့ လုပ်ရပ်ကို တစ်ကိုယ်တော် ကျူးလွန်ခဲ့တယ်လို့ ယုံကြည်ရပြီး ကျောင်းရဲ့ ရေချိုးခန်း တစ်ခုထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာ ဖြစ်ပါတယ်။
ဂရက်ဇ်မြို့ရဲ့ အနောက်မြောက်ဖက်မှာ ရှိတဲ့ အလယ်တန်းကျောင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမှာ လူတစ်ဒါဇင်လောက်လည်း ဒဏ်ရာရခဲ့ပြီး တချို့တွေက အခြေအနေ စိုးရိမ်ရတယ်လို့ ပြည်ထဲရေး ဝန်ကြီး ဂါးဟက်ဒ် ကာနာက ပြောကြားခဲ့ပါတယ်။ နောက်ထပ် သေဆုံးခဲ့သူကတော့ ဆေးရုံကို ရောက်နေတဲ့ အမျိုးသမီး တစ်ဦးလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ဇွန်လ ၁၀ ရက် ညပိုင်းမှာတော့ ဂရက်ဇ် မြို့ခံတွေဟာ မြို့ထဲမှာ စုဝေးပြီး သေဆုံးသူတွေအတွက် ဖယောင်းတိုင်တွေထွန်းပြီး ဆုတောင်းပွဲတစ်ခု ကျင်းပခဲ့ပါတယ်။ ဂရက်ဇ်ရဲ့ မြို့လယ်ရင်ပြင်ကို ဖယောင်းတိုင် မီးရောင်တွေ ဖွေးဖွေးလှုပ် သွားစေချင်တယ်လို့ စီစဉ်သူတွေက မေတ္တာရပ်ခံခဲ့ပြီး တကယ်လည်း အထမြောက်ခဲ့ပါတယ်။
အဲဒီ ဆုတောင်းပွဲကို ထောင်နဲ့ချီ များပြားတဲ့ ပြည်သူတွေ၊ အထူးသဖြင့် ငယ်ရွယ်တဲ့ မြို့ခံတွေ တက်ရောက်ခဲ့ကြပါတယ်။ ဩစတြီးယား အစိုးရဟာ ၃ ရက်ကြာ ဝမ်းနည်းကြေကွဲမှု ကာလကို သတ်မှတ် ကြေညာခဲ့ပြီး ဇွန်လ ၁၁ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၁၀ နာရီကျရင် တစ်နိုင်ငံလုံး တစ်မိနစ်တာ ငြိမ်သက်ပေးဖို့လည်း တိုက်တွန်းထားပါတယ်။
သမ္မတ အလက်ဇန္ဒား ဗန်ဒါဘယ်လန်ရဲ့ အစိုးရ ရုံးစိုက်ရာ ဗီယင်နာမြို့တော်က ဟော့ဖ်ဘာ့ဂ် နန်းတော်မှာတော့ နိုင်ငံတော် အလံကို တိုင်တစ်ဝက် နှိမ့်ချပြီး လွှင့်ထူထားပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ ကျောင်းကိုတော့ အကန့်အသတ်မရှိ ပိတ်ထားဦးမယ်လို့ သိရပါတယ်။
ရဲတွေက သေဆုံးသူတွေရဲ့ အချက်အလက်တွေကို မထုတ်ပြန်ပေမယ့် အများစုဟာ ကျောင်းသူကျောင်းသားတွေ ဖြစ်မယ်လို့ ယုံကြည်ရပါတယ်။ AFP သတင်းဌာနရဲ့ ဩစတြီးယား ဌာနခွဲကတော့ သေသူတွေထဲမှာ ကျောင်းသား ၇ ယောက် ပါတယ်လို့ ဖော်ပြထားပါတယ်။ သေနတ်သမားဟာ ဘာကြောင့် စာသင်ကျောင်းထဲ ဝင်ရောက် ပစ်ခတ်ခဲ့သလဲ ဆိုတာကိုလည်း ဆက်လက်ပြီး စုံစမ်းနေဆဲပါ။
ဩစတြီးယား အဓိပတိ ခရစ္စတန် စတော့ကာကတော့ ဇွန်လ ၁၀ ရက်နေ့ဟာ နိုင်ငံသမိုင်းမှာ အမှောင်မိုက်ဆုံး နေ့တစ်နေ့အဖြစ် ဝမ်းနည်းစကား ပြောကြားခဲ့ပါတယ်။
ဒေသခံ မီဒီယာတွေရဲ့ အဆိုအရ သေနတ်သမားဟာ ပစ္စတို တစ်လက်နဲ့ ပြောင်းတိုသေနတ် တစ်လက်ကို စာသင်ကျောင်း တိုက်ခိုက်မှုမှာ အသုံးပြုခဲ့တယ်လို့ သိရပါတယ်။
ဩစတြီးယားမှာတော့ တစ်ချက်ပစ်ပြီးတိုင်း တစ်ကြိမ် ကျည်ဖြည့်ဖို့လိုတဲ့ ရိုင်ဖယ်နဲ့ ပြောင်းတို သေနတ်လို လက်နက်တွေကို အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း ပါမစ်မလိုဘဲ ဝယ်ယူခွင့် ရှိပါတယ်။ အော်တိုမက်တစ် ရိုင်ဖယ်တွေနဲ့ ချေမှုန်းရေး ရိုင်ဖယ်တွေလို လက်နက်တွေကို ဝယ်ယူခွင့် အတွက်တော့ သီးခြား စာရွက်စာတမ်းနဲ့ ခွင့်ပြုချက်တွေ လိုအပ်ပါတယ်။
ကိုးကား: BBC
