ဂျပန်က သီးသန့်စီးပွားရေးဇုန် (EEZ)အဖြစ် သတ်မှတ်ထားရာ ရေပြင်ထဲကို တရုတ်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော ဦးဆောင်တဲ့ တိုက်ရေယာဉ် အုပ်တစ်ခု ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ်ရေတပ်ရဲ့ လျောင်နင်း လေယာဉ်တင် သင်္ဘောနဲ့ အခြံအရံ ရေယာဉ်တွေဟာ ဂျပန် ရေပိုင်နက် အလွန်က EEZ သတ်မှတ် ရေပြင်ထဲ ဝင်ရောက်ခဲ့ပြီး အဲဒီနောက်မှာတော့ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု အစီအစဉ် တစ်ခုအတွက် ပြန်လည် ထွက်ခွာသွားတယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
လျောင်နင်းနဲ့ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘော နှစ်စီးလည်း ပါဝင်တဲ့ ရေတပ်ဖွဲ့ဟာ တိုက်လေယာဉ်တွေကိုပါ အသုံးပြုတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုကို ပစိဖိတ် သမုဒ္ဒရာ ရေပြင်မှာ ပြုလုပ်ခဲ့တယ်လို့ ဂျပန်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တရုတ် သင်္ဘောတွေဟာ ဂျပန်နိုင်ငံ အရှေ့ဖက်စွန်းမှာရှိတဲ့ မီနာမီတိုရီ ကျွန်းရဲ့ အနောက်တောင်ပိုင် ကီလိုမီတာ ၃၀၀ အကွာ၊ ဂျပန်ရဲ့ EEZ သတ်မှတ်ရေပြင်မှာ ဖြတ်သန်း ခုတ်မောင်းခဲ့တာပါ။ EEZ ဆိုတာဟာ နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ ရေပြင်ဇုန်သာဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု ရေပိုင်နက်တော့ မဟုတ်ပါဘူး။ တရုတ် လေယာဉ်တင် သင်္ဘောတစ်စီးက ဂျပန်ရဲ့ EEZကို ဖြတ်သန်းခဲ့တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

Public Service Announcement
ဂျပန်ရေတပ်ဟာ လေယာဉ်တင် သင်္ဘောတွေကို ကမ်းခြေနဲ့ အရမ်းဝေးကွာတဲ့ ပင်လယ်သမုဒ္ဒရာ အလယ်ထိ သွားရောက်ပြီး စစ်ဆင်ရေးတွေ တာဝန်ယူနိုင်အောင် ကြိုးစားနေတာ ဖြစ်နိုင်တယ်လို့ ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။
အခုကိစ္စနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဟာ တရုတ်ဆီကို သင့်လျော်တဲ့ အသိပေး အကြောင်းကြားမှုတစ်ခု လုပ်ဆောင်ထားပြီး ဖြစ်တယ်လို့ အစိုးရအဖွဲ့ အတွင်းရေးမှူး ယိုရှီမာဆာ ဟာယာရှီက ဆိုပါတယ်။ ဒါပေမဲ့ သူက ဂျပန်ဟာ တရုတ်ကို တရားဝင် ကန့်ကွက်စာ ပို့ခဲ့တာလား ဆိုတာမျိုးတော့ ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။
EEZကို တရုတ်ရေတပ် သင်္ဘောတွေ ဖြတ်သန်း ခုတ်မောင်းခဲ့ချိန်တုန်းက ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ဖွဲ့ကလည်း စစ်သင်္ဘော ဟာဂူရိုကို စေလွှတ်ပြီး အခြေအနေကို စောင့်ကြည့်စေခဲ့တယ်လို့ သိရပါတယ်။
လျောင်နင်းဟာ မနှစ်က စက်တင်ဘာလတုန်းကလည်း ထိုင်ဝမ်နိုင်ငံနားက ဂျပန်ပိုင် ကျွန်းနှစ်ခုကြားကနေ ဖြတ်သန်း ခုတ်မောင်းခဲ့ဖူးပြီး အဲဒီလုပ်ရပ်ဟာ လုံးဝ လက်မခံနိုင်စရာ ကိစ္စဖြစ်ပြီး အလေးအနက် စိုးရိမ်ကြောင်း ဂျပန်ဖက်က ထုတ်ပြန်ခဲ့ပါတယ်။
ကိုးကား: AFP
