close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လော့စ်အန်ဂျလိစ် ဆန္ဒပြပွဲတွေကို တုံ့ပြန်ဖို့ မရိန်းတပ်တွေကိုပါ ထရမ့် ပထမဆုံးအကြိမ် စေလွှတ်

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

Reuters

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လော့စ်အန်ဂျလိစ်မှာ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန် အေးဂျင့်တွေက တရားမဝင် ရွှေ့ပြောင်း အခြေချ နိုင်ငံခြားသားတွေကို ဝင်ရောက် ဖမ်းဆီးခဲ့တာကို ဆန္ဒပြကြရာက နောက်ဆက်တွဲ အဓိကရုဏ်း အခြေအနေတွေ ဖြစ်ပေါ်လာပါတယ်။

ထရမ့်က ချက်ချင်းဆိုသလို အမေရိကန် စစ်တပ်ရဲ့ အရန်တပ်ဖြစ်တဲ့ အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ လောက်ကို လော့စ်အန်ဂျလိစ်ဆီ စေလွှတ်ပြီး ဖက်ဒရယ် အစိုးရရဲ့ အဆောက်အအုံတွေကို ကာကွယ်ဖို့ ညွှန်ကြားခဲ့ပါတယ်။

ဇွန်လ ၉ ရက်နေ့မှာတော့ ထရမ့်က နောက်ထပ် အမျိုးသား အစောင့်တပ်ဖွဲ့ဝင် ၂၀၀၀ နဲ့ အမေရိကန်ရဲ့ မရိန်းတပ်ဖွဲ့ဝင် ၇၀၀ ကိုပါ လော့စ်အန်ဂျလိစ်ကို သွားရောက်ကြဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ထရမ့်ဟာ တရားဥပဒေ ပြန်လည်စိုးမိုးရေးဆိုတဲ့ အကြောင်းပြချက်အောက်မှာ အမေရိကန်ရဲ့ တင်းပြည့်ကျပ်ပြည့် စစ်တပ်တွေကိုပါ လူနေဧရိယာတွေထဲ ဖြန့်ကျက်ဖို့ ပြင်ဆင်လာတဲ့ အဓိပ္ပါယ်ပါပဲ။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ လော့စ်အန်ဂျလိစ်မှာ တပ်တွေဖြန့်ကျက်တဲ့ အမိန့်ကို ကယ်လီဖိုးနီးယားပြည်နယ် အစိုးရနဲ့ မညှိနှိုင်းဘဲ တိုက်ရိုက် ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး အဲဒီအတွက် သူနဲ့ ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင် နယူဆွမ်ကြားမှာ တင်းမာမှုတွေလည်း မြင့်တက်နေပါတယ်။

နယူဆွမ်က ထရမ့်ရဲ့ လုပ်ရပ်အတွက် ဖက်ဒရယ် အစိုးရကို တရားစွဲမယ်လို့ ပြောထားပြီး ထရမ့်ကတော့ ရွှေ့ပြောင်း အခြေချမှုတွေကို ဖြိုခွင်းတဲ့ကိစ္စမှာ အနှောင့်အယှက် ပေးနေတဲ့ နယူဆွမ်ဟာ အဖမ်းခံရသင့်တယ်လို့ ခြိမ်းခြောက်ထားပါတယ်။

လော့စ်အန်ဂျလိစ်မှာတော့ ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြမှု အများစုဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိပေမယ့် တချို့နေရာတွေမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ကိုယ်ထိလက်ရောက် ပဋိပက္ခတွေ ဖြစ်တာ၊ ရဲကားတွေကို မီးတင်ရှို့တာ၊ ဆိုင်ခန်းတွေကို လုယက်တာမျိုး မင်းမဲ့စရိုက်ဆန်ဆန် အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

ထရမ့်ကတော့ ဒီကိစ္စတွေ အားလုံးဟာ နယူဆွမ်ရဲ့ ပြည်နယ် အစိုးရ ညံ့ဖျင်းမှုကြောင့်လို့ စွပ်စွဲပြီး ကယ်လီဖိုးနီးယားမှာ တရားဥပဒေ ပြန်လည် စိုးမိုးဖို့ လုပ်သင့်တာ မှန်သမျှ လုပ်မယ်လို့ ကြုံးဝါးထားပါတယ်။ သိပ်မကြာခင်မှာပဲ သူက မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ လော့စ်အန်ဂျလိစ်ဆီ စေလွှတ်လိုက်တာလည်း ဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ်ပါတီ အားကောင်းတဲ့ ဒေသဖြစ်တဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ရော၊ လော့စ်အန်ဂျလိစ် မြို့မှာပါ အမျိုးသား အစောင့်တပ်ဖွဲ့တွေနဲ့ မရိန်းတပ်သားတွေ စေလွှတ်တဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်က လူကြိုက်မများပါဘူး။ လော့စ်အန်ဂျလိစ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျင်မ်မက်ဒေါနဲလ်ကလည်း ရဲတပ်ဖွဲ့ဟာ လက်ရှိ အခြေအနေတွေကို ကိုယ်ပိုင် အစွမ်းအစနဲ့ ကောင်းကောင်း ထိန်းသိမ်း ကိုင်တွယ်နိုင်တယ်လို့ ယုံကြည်ထားကြောင်း ပြောပါတယ်။

ပြည်နယ် အုပ်ချုပ်ရေးမှူး နယူဆွမ်က လက်ရှိ ကြုံနေတဲ့ စိန်ခေါ်မှုတွေမှာ စစ်သားတွေကို ခေါ်သွင်းလာတဲ့ ထရမ့်ရဲ့ ဆုံးဖြတ်ချက်ဟာ အရမ်း ပေါ့ပျက်ပျက်နိုင်ပြီး ကယ်လီဖိုးနီးယား ပြည်နယ်ရဲ့ ရဲတွေအပါအဝင် လုံခြုံရေး အရာရှိတွေအပေါ် စော်ကားတဲ့ အဓိပ္ပါယ် ဖြစ်နေကြောင်း ဝေဖန်သွားပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်ကို ဖမ်းဆီးသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် နယူဆွမ်ကလည်း ထရမ့်ဟာ အာဏာရှင် ဖြစ်လာနေပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာ အပါအဝင် ၁၂ နိုင်ငံကို ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်ဟာ ဒီနေ့ (ဇွန်လ ၉ ရက်)မှာ စတင် အသက်ဝင်လာပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ လော့စ်အန်ဂျလိစ်မြို့မှာ အရှိန်မြင့်တက်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမျိုးသား အစောင့်တပ်တွေကို နေရာအနှံ့ ဖြန့်ကျက်စေမယ်လို့ သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ လော့စ်အန်ဂျလိစ်မြို့မှာ ရွှေ့ပြောင်း အခြေချသူတွေဖက်က ထောက်ခံ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန် အမျိုးသား အစောင့်တပ်ဖွဲ့ကို ဖြန့်ကျက်စေခဲ့ပါတယ်။