close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန ရှေ့မှာ လူရာနဲ့ချီ စုဝေး ဆန္ဒပြ

လော့စ်အန်ဂျလိစ်မြို့မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)ရဲ့ ဌာနချုပ်ရှေ့မှာ လူတွေ ရာနဲ့ချီ စုဝေး ဆန္ဒပြခဲ့ပါတယ်။

The New York Times

လော့စ်အန်ဂျလိစ်မြို့မှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး နယူးယောက်မြို့မှာရှိတဲ့ အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)ရဲ့ ဌာနချုပ်ရှေ့မှာ လူတွေ ရာနဲ့ချီ စုဝေး ဆန္ဒပြခဲ့ပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ ICEဟာ တရားမဝင် ရွှေ့ပြောင်း အခြေချမှုတွေကို ပိုပြီး အင်တိုက်အားတိုက် ဖြိုခွင်းဖို့ ကြိုးစားလာနေပြီး အဲဒီအတွက်လည်း ဌာနချုပ်နဲ့ မိုင် ၂၄၀၀ လောက် ကွာဝေးတဲ့ လော့စ်အန်ဂျလိစ်မှာ ပြဿနာတွေ ဖြစ်စေခဲ့ပါတယ်။

ICE အေးဂျင့်တွေက လော့စ်အန်ဂျလိစ် မြို့လယ် ရပ်ကွက်နှစ်ခုမှာ တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို ဝင်ရောက် ဖမ်းဆီးရာက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆန္ဒပြပွဲတွေ စတင် ဖြစ်ပွားလာပြီး နောက်ဆက်တွဲ ဆူပူသောင်းကျန်းမှုတွေပါ ပေါ်ပေါက်လာပါတယ်။ အဲဒီအတွက် လော့စ်အန်ဂျလိစ်မှာ လောလောဆယ် ညမထွက်ရ အမိန့် ထုတ်ပြန်ထားပြီး သမ္မတ ထရမ့်ကလည်း ICEအေးဂျင့်တွေကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့ထဲမှာ အမေရိကန် စစ်တပ်ရဲ့ အရန်တပ်တွေ ဖြန့်ကျက်ထားသလို မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ စေလွှတ်ထားပါတယ်။

လော့စ်အန်ဂျလိစ်က ကိစ္စတွေကြောင့် အမေရိကန်ရဲ့ တခြားမြို့ကြီးတွေမှာပါ ICEနဲ့ သမ္မတ ထရမ့်ရဲ့ မူဝါဒပိုင်းကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာပါတယ်။ ဇွန်လ ၁၀ ရက်နေ့ကတော့ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ နယူးယောက်မှာရှိတဲ့ ICE ရုံးချုပ်ရှေ့ဆီကို စုဝေး ချီတက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာ ‘နယူးယောက်ကနေ ICE ထွက်သွား’ဆိုတဲ့ အဝါရောင်တောက်တောက် စာတန်းတွေကို အင်္ဂလိပ်၊ စပိန် နှစ်ဘာသာနဲ့ ရေးထိုးပြီး ကိုင်ဆောင်လာခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေထဲက တချို့ဟာ အခြေအနေကို စောင့်ကြည့်နေတဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ ရန်စောင်ခဲ့ကြပြီး အဓိကရုဏ်း နှိမ်နင်းရေး ကိရိယာတွေ တပ်ဆင်ထားတဲ့ ရဲတွေဟာ ဘေးတစ်ဖက်တစ်ချက်မှာ ဖြန့်ကျက်ထားခဲ့တာကိုလည်း တွေ့ရပါတယ်။

ကယ်လီဖိုးနီးယား ပြည်နယ် အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ပြီး ထရမ့်က လော့စ်အန်ဂျလိစ်မြို့ဆီ စစ်တပ်တွေ စေလွှတ်ခဲ့ခြင်းက သူနဲ့ ICEအပေါ် နိုင်ငံအနှံ့မှာ ဆန့်ကျင်ရပ်တည်မှုတွေ ပိုမို တိုးပွားလာစေခဲ့ပါတယ်။

လော့စ်အန်ဂျလိစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက် ဖြစ်ပွားနေသလို နယူးယောက်သာ မကဘဲ ဆီယက်တဲလ်၊ ဆန်ဖရန်ဆစ္စကို၊ ဝါရှင်တန်ဒီစီ၊ အော်စတင်၊ ချီကာဂိုတို့လို မြို့ကြီးတွေမှာပါ ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

အတိုက်အခံ ဒီမိုကရက်တစ် ပါတီဝင် တစ်ဦးဖြစ်ပေမယ့်လည်း လူဝင်မှု ကြီးကြပ်ရေး မူဝါဒအပိုင်းမှာ ထရမ့်ကို ထောက်ခံတဲ့ သဘောထားမျိုး ရှိနေသူ နယူးယောက် မြို့တော်ဝန် အဲရစ် အဒမ်က ထရမ့်ဟာ လော့စ်အန်ဂျလိစ်လိုမျိုး နယူးယောက်ကိုပါ မရိန်းတပ်ဖွဲ့ဝင်တွေ စေလွှတ်မယ်လို့တော့ မထင်ကြောင်း ပြောကြားသွားပါတယ်။

နယူးယောက်မှာ ဇွန်လ ၁၀ ရက်နေ့ ချီတက်ပွဲ မတိုင်ခင် ကတည်းကလည်း ပိုမိုသေးငယ်တဲ့ ဆန္ဒပြမှုတွေ ရှိနှင့်ခဲ့ပြီး တချို့အခြေအနေတွေမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေကြား ပဋိပက္ခတွေပါ ဖြစ်ပေါ်ခဲ့ပါတယ်။

ကိုးကား: New York Times

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်းဆန်ဆန် ဆူပူမှုတွေအဖြစ် ကူးပြောင်းလာနေတဲ့နောက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက လော့စ်အန်ဂျလိစ်မြို့ရဲ့ အစိတ်အပိုင်း တချို့ကို ညမထွက်ရအမိန့် ကြေညာခဲ့ရပါတယ်။

နိုင်ငံတကာ

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အန်ဂျလိစ်မြို့က ဆူပူ ဆန္ဒပြမှုတွေကို တုံ့ပြန် ကိုင်တွယ်ဖို့အတွက် အမေရိကန် မရိန်းတပ်ဖွဲ့ဝင်တွေကိုပါ ဖြန့်ကျက်အသုံးပြုဖို့ သမ္မ္မတ ဒေါ်နယ်လ်ထရမ့်က အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂေဗင်နယူဆွမ်ကို ဖမ်းဆီးသင့်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့တဲ့နောက် နယူဆွမ်ကလည်း ထရမ့်ဟာ အာဏာရှင် ဖြစ်လာနေပြီလို့ တုံ့ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေရဲ့ အခွင့်အရေးကို တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ လော့စ်အန်ဂျလိစ်မြို့မှာ အရှိန်မြင့်တက်လာတဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမျိုးသား အစောင့်တပ်တွေကို နေရာအနှံ့ ဖြန့်ကျက်စေမယ်လို့ သတိပေး ခြိမ်းခြောက်သွားခဲ့ပါတယ်။