မေ-၂၇၊၂၀၂၅။ကဖေး/People’s Spring
ကာမိုင်း-ဖားကန့်လမ်းအတိုင်းအင်အား၆၀၀ ခန့်ဖြင့် ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် လမ်းတလျှာက် KIA ၊KPDF ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် လုံးခင်းသို့ ဝင်လာချိန်တွင် အင်အား ၁၀၀ခန့်သာ ရှိတော့ပြီး လက်ရှိအခြေအနေအရ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။
“ဒီနေ့နေ့ခင်းပိုင်းမှာလုံးခင်းယမ်းချက်စက်ရုံကို အင်အား ၁၀၀ လောက်ဝင်လာတယ်။ တိုက်ပွဲကတော့ လုံးခင်းဝန်းကျင်မှာ ဖြစ်လာနိုင်တယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လုံးခင်းပတ်ဝန်းကျင်ရှိ နန့်စမ်း၊ဖန်ခါးဆောင်လယ်ပြင်၊ သုံးရာဂိတ်၊ ငြိမ်းချမ်းသာယာ၊ အောက်ဂျိုင့်စသည့် ဒေသများတွင်နေထိုင်သူများစစ်ရေးသတိရှိကြရန် ဖားကန့်ဒေသခံများကသတိပေးနေကြသည်။

Public Service Announcement
စစ်ကောင်စီတပ်၊ရှမ်းနီတပ်(SNA)နှင့်ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များသည် မိုးကောင်း-ကာမိုင်း-နမ့်ယား-လုံးခင်း-ဖားကန့်လမ်းအတိုင်းအင်အားအများအပြားဖြင့် ဧပြီလ၂၃ရက်နေ့မှစကာစစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ လမ်းပိုင်းတစ်လျှောက်၌ KIA ၊KPDF တို့ကကြားဖြတ်တိုက်ခိုက်၍ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထိုစစ်ကြောင်း၌ အင်အား ၆၀၀ခန့်ပါဝင်ပြီး SNA နှင့် ပြည်သူ့စစ်များကို ဖားကန့်အထိရောက်အောင် စစ်ကြောင်းဝင်နိုင်ပါကကျောက်စိမ်းလုပ်ကွက်ပေးမည်ဟု စစ်ကောင်စီက မက်လုံးပေးထားသည်ဟု သိရသည်။
“လုံးခင်းကိုဝင်လာတာတော့ ၁၀၀ခန့်ပဲ။ ဒီကနေ သွားကြိုတဲ့အဖွဲ့နဲ့အတူပြန်ဝင်လာတာ။ ကားနဲ့ ၅နာရီပဲကြာတဲ့ခရီးကို တစ်လကျော်သူတို့ လာခဲ့ရတာ”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။
စစ်ကြောင်းသည်မြေပြင်တွင်အထိနာနေသော်လည်း လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူဖြင့်ရှေ့တိုးလာခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီစစ်ကြောင်းသည် လုံးခင်းရွာအနီးရောက်ရှိလာ၍ ခုခံတိုက်ပွဲများတိုက်ခိုက်နေပြီး ဒေသခံများစစ်ရေးသတိပြုနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကလည်း ပြောသည်။ဒေသခံပြည်သူများ စစ်ရေးသတင်းများအဆင်မပြတ်နားစွင့်နေရန် ဗိုလ်မှူးကြီးနော်ဘူက တိုက်တွန်းသည်။
လုံးခင်းသို့ စစ်တပ်စစ်တပ်စစ်ကြောင်းဝင်လာပြီးနောက် မေလ ၂၇ ရက်ညဦးပိုင်းတွင်လုံးခင်းရှိကျောက်ဝိုင်းမှအရောင်းအဝယ်လုပ်သူများသတင်းမျိုးစုံထွက်ပြီး ထိတ်လန့်ကာလူစုကွဲသွားကြောင်းဒေသခံအချို့ကပြောသည်။
ဖားကန့်ကို စစ်ကောင်စီက ထိန်းချုပ်ထားနိုင်ခြင်းမရှိသော်လည်း စစ်တပ်ကဖားကန့်ဗျူဟာကုန်း၊မဇွပ်ယာန်အချုပ်ထောင်၊ လုံးခင်းဗျူဟာကုန်း၊လုံးခင်းရဲစခန်း၊ ယမ်းချက်စခန်း၊ ကံဆီးဗျူဟာကုန်းနှင့်ဖားကန့်မြို့မရဲစခန်း၌ တပ်စွဲထားပြီး လက်နက်ကြီးများတပ်ဆင်ထားသည်။ တိုက်ပွဲဖြစ်ရာနေရာများသို့ ထိုနေရာများမှနေ၍စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည်။
KIA ၊ PDFပူးပေါင်းတပ်များသည်မေလ ၂၇ရက်တွင်ဗန်းမော်မြို့သိမ်းတိုက်ပွဲအရှိန်မြှင့်တိုက်ခိုက်နေသလို ဝိုင်းမော်-ကန်ပိုင်တည်လမ်းအတိုင်းဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း တိုက်ခိုက်နေသည်။
( စစ်တပ်စစ်ကြောင်းဝင်လာပြီးနောက် မေလ ၂၇ ရက်ညဦးပိုင်းတွင် လုံးခင်းကျောက်ဝိုင်းလူများထိတ်လန့်ပြီး လူစုကွဲစဥ်။ရုပ်သံ-ဒေသခံ)
