close
Connect with us

Hi, what are you looking for?

အတွေးအမြင်

မကုန်နိုင်သေးတဲ့ မေးခွန်းများ

စကစဟာ မဆလ၊ နဝတ၊ နအဖ စတဲ့ ဘဝတွေကတည်းက ဝါဒဖြန့်ချိရေးမှော်ရော စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာပါ ကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါ။ ခုတလော သူ့လက်ရာခြေရာတွေ ပိုမြင်သာလာပါတယ်။ ဒါပေမဲ့ တချို့လူအုပ်တွေအတွက်တော့ ဒါကို မမြင်နိုင်ကြပါဘူး။

ကျောင်းသား၊​ကျောင်းသူ နဲ့ ဆရာမ စုစု​ပေါင်း ၂၄ ဦး​သေဆုံးပြီး ၁၀၀ ​ကျော် ဒဏ်ရာရခဲ့တဲ့ ဒီပဲယင်းမြို့နယ် ၊အိုးတိန်တွင်းရွာ စာသင်​ကျောင်းကို စစ်တပ်ကဗုံးကြဲပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-ဒီပဲယင်းပအဖ

မသီတာ-စမ်း​ချောင်းရေးသားသည်။

စကစဟာ မဆလ၊ နဝတ၊ နအဖ စတဲ့ ဘဝတွေကတည်းက ဝါဒဖြန့်ချိရေးမှော်ရော စိတ်ဓာတ်စစ်ဆင်ရေးဗျူဟာပါ ကျွမ်းကျင်ပိုင်နိုင်ခဲ့သူပါ။ ခုတလော သူ့လက်ရာခြေရာတွေ ပိုမြင်သာလာပါတယ်။ ဒါပေမဲ့ တချို့လူအုပ်တွေအတွက်တော့ ဒါကို မမြင်နိုင်ကြပါဘူး။ တကယ်တော့ လတ်တလော အငြင်းအခုန်တွေဟာ စစ်ကို စစ်လို မတိုက်ဘဲ ပြည်သူကိုရန်သူလုပ်ပြီး ပြည်သူများများသတ်နိုင်တာဟာ ရန်သူကို ချေမှုန်းနေတာလို့ ဂုဏ်ဆာနေကြတဲ့ စကစရဲ့ အလိုကျ စိတ်ဓာတ်စစ်ဆင်ရေးလမ်းကြောင်းပေါ်မှာပဲ တဝဲလည်လည် ဖြစ်နေတာပါ။

လက်ရှိမှာ စကစဘက်နဲ့ တလရဘက်လို့ အမည်းနဲ့အဖြူ နှစ်ဘက်ထဲ ရှိတယ်ဆိုတဲ့ အမြင်ဟာ မလုံလောက်ပါဘူး။ ခလယ်မှာ မီးခိုးရောင်လူစု ရှိပါတယ်။ အဲဒီလူစုမှာ နှစ်စု ထပ်ကွဲပါတယ်။ တစ်စုကဘယ်ဘက်မှ မရပ်ဘဲဘယ်ဘက်ကိုမှမထောက်ခံသလို မဆန့်ကျင်ဘဲ နေတဲ့အစုပါ။ နောက်မီးခိုးရောင်တစ်စုကတော့ ဘယ်ဘက်ကိုမှ မကြိုက်လို့ ဘယ်ဘက်ဖြစ်ဖြစ် ဆန့်ကျင်မယ်ဆိုတဲ့ အစု ဖြစ်ပါတယ်။ စကစရဲ့ လတ်တလော ဆိုက်ဝါးနဲ့ ဝါဒဖြန့်ချိရေးက အဲဒီမီးခိုးရောင်အစုနှစ်စုကို ဦးတည်ထားတာ ဖြစ်ပါတယ်။ သူ့ဘက်က ကြည့်ရင် တလရဘက်အစုဟာ အဖြူရောင်ဝါဒဖြန့်ချိရေးအောက်မှာမို့ ထိခိုက်အောင် စည်းရုံးလို့၊ လှုပ်ခါအောင် လုပ်လို့ မရနိုင်ပါဘူး။

သူကိုင်လှုပ်လို့ ရနိုင်မယ့် အုပ်စုကို ချိန်ပစ်ဖို့ မီးခိုးရောင်မှိုင်းတွေနဲ့ မြှားတွေ ကျည်တွေ တပ်ဆင်ပါတယ်။ ဒါမှ မီးခိုးရောင်အုပ်စုဟာ သူတို့ရင်ဝကို မီးခိုးရောင်မြှားတွေ ကျည်တွေ စိုက်တဲ့တိုင် သတိမထားမိနိုင်အောင် တသားတည်းလို့ မြင်သွားမှာပါ။ ဒီလိုမှ မီးခိုးရောင်အုပ်စုနှစ်စုထဲမှာ စုံစမ်းစူးစမ်းတတ်တယ်လို့ ယူဆနိုင်တဲ့ မောင်စံရှားတွေ မယ်စံရှားတွေကို သူတို့(စကစ)က တပြားမှ အကုန်မခံရဘဲ မွေးဖွားလိုက်နိုင်မှာကိုး။ အဲဒီအုပ်စုကပဲ အဖြူရောင်အုပ်စုထဲကို မီဒီယာကူးစက်ပိုးတွေ ဖြန့်ပေးနိုင်မှာလည်း ဖြစ်တယ်လေ။ စကစရဲ့ အမည်းရောင်ဝါဒဖြန့်ချိရေးသက်သက်ဟာ သိသာလွန်းတော့ အလုပ်မဖြစ်တော့သလို ဖြစ်နေချိန်မှာ မီးခိုးရောင်စစ်ဆင်ရေးဟာ လိုအပ်ချက်ပါပဲ။ ဒါပေမဲ့ သူက တိုက်ရိုက်ထောက်ပံ့ခိုင်းစေတာမျိုး မဟုတ်တဲ့ စစ်ဆင်ရေးမျိုး ဖြစ်သွားအောင် ခင်းကျင်းတတ်ရင် ဒီလိုအပ်ချက်က ပြည့်တာကိုး။

Public Service Announcement

Public Service Announcement

ငါတို့က ဘယ်ဘက်မှမပါဘူး၊ အသုံးမကျတဲ့ နှစ်ဘက်လုံးရဲ့ အားနည်းချက်တွေပဲ ဖော်ထုတ်ပြမယ်လို့ မီးခိုးရောင်မှိုင်းတွေကိုင်ပြီးချီတက်လာသူတွေ များလာတာဟာ ခေတ်သစ်မီဒီယာမှိုင်းကြီးတစ်ခုဖြစ်တဲ့ အချင်းချင်းကြား မယုံကြည်မှုကို ဖြစ်လာစေနိုင်ပါတယ်။ ငါတို့လည်း ဘယ်ဘက်ကမှ မပါဘူး၊ တိတ်တိတ်လေး နေမယ်ဆိုတဲ့ မီးခိုးရောင်အုပ်စုကိုပါ ပိုပြီး ဝေဝါးအောင် လုပ်ပေးနိုင်တယ်ဆိုပါတော့။ အဲဒီကတဆင့် သံသယတွေ ကြီးလာကြမယ်၊ တခုခု ပြတ်ပြတ်သားသား ရပ်တည်ရင် ဝေဖန်တိုက်ခိုက်အပြစ်တင်ခံရတော့မှာဘဲလို့ စိုးကြောက်လာမယ်၊ ဒီဝန်းကျင်ကနေ ထွက်ပြေးချင်လာမယ်၊အားလုံးနဲ့ အတူဖြတ်သန်းနေရတဲ့ အစစ်အမှန်ဖြစ်စဉ်ကြီးကို အစိပ်စိပ် အမွှာမွှာ ဆွဲဖွလိုက်ပြီး ကိုယ် ရင်ဆိုင်လိုတဲ့ အစိတ်အပိုင်းလေးကိုပဲ ရင်ဆိုင်တော့ဖို့ ကြိုးစားလာမယ်၊ ကျွမ်းကျင်သူတွေ ပြောတယ်ဆိုလည်း မယုံတော့ဘူး၊ ခံစားချက်တွေကို နေရာချဖို့ ခက်လာတာနဲ့အမျှ ကိုယ့်စိတ်နဲ့ အဆင်ပြေတဲ့ သတင်းတွေကိုပဲ ရွေးဖတ်လာပြီး အစစ်အမှန်တွေကို ရှောင်ကွင်းလာမယ် စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဖြစ်လာစေနိုင်ပါတယ်။

စကစဟာ စစ်ကိုင်းငလျင် ၂၈ မတ်လ နောက်ပိုင်း(အပစ်အခတ် ရပ်စဲမယ်လို့ ကြေညာပြီးတဲ့တိုင်) မေလ ၁၃ ရက်အထိ ၄၅ ရက်ဝန်းကျင်ကာလအတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်မှုပေါင်း ၆၂၉ ကြိမ် ပြုလုပ်ခဲ့ပြီး စကစဗုံးနဲ့လက်နက်ကြီးဒဏ်ကြောင့် သေဆုံးသူ ၄၃၉ ဦး ဒဏ်ရာရဦးရေ ၉၀၄ ဦး ရှိခဲ့ပြီလို့ ဒီဗီဘီက မှတ်တမ်းပြုထားပါတယ်။ ဒီနေ့အထိလည်း ဗုံးကြဲတာတွေဟာ အဆက်မပြတ် ရှိနေဆဲပါ။ (လတ်တလော ဘီဘီစီသတင်းဌာနရဲ့ အသေးစိတ် သုံးသပ်ချက်များမှာလည်း စကစရဲ့ ဗုံးကြဲမှုဆိုတာ မှန်ကန်ကြောင်းပြောထားပါတယ်။) တကယ်တော့ မြေပြင်စစ်သည်နဲ့ ပျူလို ဒလန်လို ဒေသခံတွေရဲ့ သတင်းအချက်အလက်ပေါ်မှာ အခြေတည်ပြီး ဗုံးကြဲရမယ့်နေရာကို သတ်မှတ်တာပါ။ ဒီတော့ ရန်သူကို ပစ်မှတ်ထားပြီး သတင်းပို့ခဲ့တာတွေရဲ့ ဘယ်နှရာခိုင်နှုန်းက ပစ်မှတ်အတိအကျကို ထိမှန်ပြီး ဘယ်နှရာခိုင်နှုန်းကတော့ သာမန်ပြည်သူတွေကို ထိမှန်ခဲ့တာမို့ ဒီလို မဖြစ်ရအောင် ဘယ်လိုလုပ်ကြရင် ကောင်းမလဲလို့ စကစဘက်က ဘယ်တုန်းကမှ မတွေးခဲ့ပါဘူး။

ပြောရေးဆိုခွင့်ရှိသူအဆင့်ကတောင် နိုင်ငံတကာမီဒီယာမှာ ဒါဟာစစ်ရဲ့ဘေးထွက်ဆိုးကျိုးပဲလို့ ပြောခဲ့တာကိုး။ ဒီတော့ ကျန်သူတွေကလည်း သူ့လေသံလိုက်ပြီး တော်လှန်ရေးဘက်က အရပ်သားနေရာတွေကို စစ်ရေးအတွက် သုံးစွဲပြီး အလုပ်လုပ်နေကြတာကသာ မှားတာ၊ (တကယ်တော့ တက္ကသိုလ်တွေအပါအဝင် အရပ်သားနေရာတွေမှာ တပ်စွဲကြတာ စကစတပ်တွေပါ) ။အပြစ်တင်ချင်ရင် လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်တိုက်တွန်းခဲ့ကြတဲ့သူတွေကို အပြစ်တင်လို့ပြောကြတာပေါ့။အစ္စရေးတပ်တွေက ဂါဇာက လူထုကို ဗုံးကြဲတာ မဟုတ်ဘူး၊ ဟားမတ်စ်တွေကသာ လူထုကို လူသားဒိုင်းလို အသုံးချနေတာလို့ ပြောနေတဲ့ လေသံနဲ့ တထပ်တည်း မကျနေပေဘူးလား။ သေဆုံးသွားတဲ့ လူသားတွေအတွက် ဝမ်းနည်းစာနာမှုလေးတောင် မပြောဘဲ ငါ့အပြစ် မဟုတ်ဘူး၊ နင်တို့ ထောက်ခံနေတဲ့သူတွေရဲ့ အပြစ်လေလို့ လုပ်ပြီး မီးခိုးရောင်အုပ်စုတွေအားလုံး ဝေဝါးသွားအောင် လုပ်ရတာရဲ့ အကျိုးကရော နိုင်ငံအတွက် ဘာများ ကောင်းစေပါသလဲ။

တကယ်တော့ လူတစ်ယောက် သေဆုံးရ၊ အသတ်ခံရတဲ့အပေါ် ‘ဘက်’အခြေခံပြီး သဘောကျရ၊ ဝမ်းနည်းရဆိုတဲ့ အခြေအနေဆိုးထဲကို မြန်မာတနိုင်ငံလုံးက ကျရောက်နေအောင် စကစရဲ့ အာဏာသိမ်းနောက်ဆက်တွဲ အုပ်ချုပ်စီမံပုံက စနစ်တကျ ဆောင်ရွက်ထားပြီးပါပြီ။ ဒါကို ကျော်လွှားကြဖို့အတွက် ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့ အခြေခံအကျဆုံး ပြဿနာအစစ်ကို ရှင်းရှင်းလင်းလင်း ရှုမြင်နိုင်ဖို့ လိုပါတယ်။အဲဒီလိုမဟုတ်ဘဲဆင့်ပွါးပြဿနာတွေအပေါ် ငြင်းခုန်ပြီး အချိန်ကုန် စိတ်ပန်းအဖြစ်ခံကြမယ်ဆိုရင် ဒါကရော နိုင်ငံအတွက် အနာဂတ်ကောင်းကို သယ်ဆောင်လာပေးနိုင်မယ်လို့ ထင်နေကြတာပါလား။

‘ဘက်’နဲ့ ‘အကျိုးစီးပွါး’ အခြေခံစဉ်းစားမှုတွေကနေ ရုန်းထွက်နိုင်ကြဖို့ဟာ လက်နက်ကိုင်တိုက်ပွဲတွေ အဆုံးသတ်သွားပြီးတဲ့တိုင် ရှိနေဦးမယ့် စိန်ခေါ်မှုတွေလို့ ဆိုရပါမယ်။အဲဒါတွေကို ကောင်းကောင်းမကိုင်တွယ်နိုင်ဘဲ ဘယ်လိုလုပ်ပြီးကောင်းမွန်အေးချမ်းတဲ့ အနာဂတ်နိုင်ငံတော်ဆိုတာမျိုးကို တည်ထောင်နိုင်ကြမှာပါလိမ့်။ ကိုယ် လိုချင်တဲ့ ရလဒ်ကိုသာ နိုင်ငံအတွက် အဖြေအဖြစ် မြင်ချင်ဇောနဲ့ မိုက်လုံးကြီးတဲ့ စကစတပ်ကသာ အခြေခံအကျဆုံး ပြဿနာအရင်းအမြစ်ဆိုတာကို မျက်ကွယ်ပြုပြီး ဖြစ်ရပ်တစ်ခုချင်းစီပေါ်မှာ မီးခိုးမှိုင်းတိုက်နေရတာကို နိုင်ငံရေးအမြော်အမြင်အဖြစ် ဆက်ရှုမြင်နေကြဦးမှာလား။ ဒါမှမဟုတ် စကစရဲ့ ဗျူဟာမြောက် ရွှေ့ကွက်တွေနောက် ဒလိမ့်ခေါက်ကွေး မလိုက်ပါကြဘဲ သတိကြီးကြီးနဲ့ တော်လှန်ရေးအနှစ်သာရ အစစ်အမှန်ဖြစ်တဲ့ စစ်အာဏာရှင် ချုပ်ငြိမ်းရေးကို ပိုပြီးအာရုံစိုက်ကြမလားဆိုတာ ဖြေကြည့်ကြဖို့ လိုပါတယ်။

အများစုလူထုရဲ့ ကြည်ဖြူပူးပေါင်းမှု မရနိုင်ဘဲနဲ့ နိုင်ငံတွင်းက ဘယ်အမည်း-အဖြူ-မီးခိုးအုပ်စုတွေမဆို စိတ်လုံခြုံ ကိုယ်အေးချမ်းစွာ နေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် စကစကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်ဖြစ်စေ ထောက်ခံနေကြသူတွေအားလုံးလည်း ဖြေရမယ့် မေးခွန်းတစ်ခု ရှိပါတယ်။ သာမန်ပြည်သူတွေကို ကိုယ်သေ စိတ်ကြေအောင် လုပ်နေတဲ့ စကစက ဦးဆောင်ပြီး သူ လိုချင်တဲ့ အဖြေ ရအောင် လုပ်မယ့် စစ်ရေးဖြစ်စေ၊ ရွေးကောက်ပွဲဖြစ်စေဟာ နိုင်ငံအတွက် အနာဂတ်ကောင်းကို ဆောင်ကြဉ်းပေးနိုင်မယ်လို့ တကယ့်ကို ရင်ထဲက နှစ်နှစ်ကာကာ ယုံကြည်စိတ်ချနိုင်ရဲ့လားဆိုတာပါ။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဘေးဒဏ်သင့် စစ်ကိုင်းတိုင်းအတွင်းရှိ ဒီပဲယင်းမြို့နယ် စာသင်ကျောင်းတစ်ကျောင်း လေကြောင်းတိုက်ခိုက်မှုအပေါ် အလွန်အမင်းစိုးရိမ်တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က မနေ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရ​ကျောင်းသူကလေးငယ်တစ်ဦး ထပ်မံသေဆုံး၍ စုစုပေါင်း သေဆုံးသူ ၂၄ဦးရှိလာကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၄ရက်)တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (မေလ ၁၃)မှာ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်းဖြစ်ရပ်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာ စာသင်ကျောင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုအတွင်း ဒဏ်ရာရသူတစ်ဦး ထပ်မံသေဆုံးပြီး စုစုပေါင်း ဒဏ်ရာရသူ ၁၀၀ကျော်အထိရှိကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ယနေ့(မေလ ၁၃ရက်)တွင် ထုတ်ပြန်သည်။

Facebook